ဖားဆောင်းမှာ တိုက်ပွဲဆက်ဖြစ်၊ ထိုင်းဘက်ကိုမရောက်သေးတဲ့ စစ်ဘေးရှောင် တစ်ထောင်ခန့် ရိက္ခာအတွက် စိုးရိမ်နေကြ

ဖားဆောင်းမှာ တိုက်ပွဲဆက်ဖြစ်၊ ထိုင်းဘက်ကိုမရောက်သေးတဲ့ စစ်ဘေးရှောင် တစ်ထောင်ခန့် ရိက္ခာအတွက် စိုးရိမ်နေကြ
ဇူလိုင်လ အစောပိုင်းက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဖားဆောင်းမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူများ
ဇူလိုင်လ အစောပိုင်းက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဖားဆောင်းမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူများ

ကယား (ကရင်နီ)ပြည်၊ ဖားဆောင်းမြို့နယ်အတွင်းက ကျောက်စု၊ ဝမ်အောင်း (ရှမ်း)၊ ဝမ်အောင်း (ကယား)၊ စွတ်ဖ၊ စွတ်ကျတ် စတဲ့ ကျေးရွာတွေထဲက လူဦးရေ 1ထောင်ဝန်းကျင် နယ်စပ်မှာ ခိုလှုံနေကြရပြီး အကူအညီ မရတာကြောင့် လက်ရှိမှာ စားနပ်ရိက္ခာအတွက် အထူးစိုးရိမ်နေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

လက်ရှိမှာတော့ စတင်တိမ်းရှောင်စဉ်ကတည်းက ယူဆောင်လာတဲ့ စားနပ်ရိက္ခာတွေနဲ့သာ ချွေတာစားသုံးနေရပါ တယ်။

ဒီစစ်ရှောင်တွေဟာ အခုဆို ထိုင်းနိုင်ငံနဲ့ နီးစပ်တဲ့ နယ်စပ်တစ်နေရာကို ရောက်ရှိနေတာ နှစ်ပတ်ဝန်းကျင် ရှိနေပြီ ဖြစ်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းကို ဝင်ရောက်ခိုလှုံခွင့် မရကြတာကြောင့် စားနပ်ရိက္ခာအတွက် စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

စစ်ရှောင်တွေနဲ့ နီးစပ်တဲ့ ဖားဆောင်းမြို့နယ်က ဒေသခံတစ်ဦးက “ထိုင်းဘက်ကို ကူးလာလို့ မရဘူး။ စားစရာက တော့ အရင်တစ်ပတ်က သူတို့ ရွာကနေ အိမ်ကနေ သယ်သွားတဲ့ ဆန်၊ ဆီ နဲ့ပဲ စားနေကြတယ်။ စားစရာတွေက တစ်လတောင် ရမှာ မဟုတ်ဘူး။ လမ်းကြောင်းတွေအရလည်း ရိက္ခာ ပို့လို့ မရဘူးလို့ ပြောတယ်” လို့ ပြောပါ တယ်။

လက်ရှိမှာလည်း ဖျားနာသူတွေ ရှိနေကြပြီး ဆေးဝါးနဲ့ ကုသမှုတွေကိုတော့ ဘယ်လိုဖြေရှင်းနေကြလဲဆိုတာကို မသိရသေးဘူးလို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

“နေမကောင်းသူတွေလည်း ရှိနေတယ်။ သက်ကြီးတွေကော ကလေးတွေရောပဲ။ ဆေးက ဘယ်မှာယူကြလဲ ဆို တာလည်း မသိဘူး” လို့ အထက်ပါ ဒေသခံက ပြောပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ဖားဆောင်းမြို့နယ် သံလွင်တံတားအရှေ့ဘက်ခြမ်းရှိ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့ မနက် (၁၀)နာရီဝန်းကျင်အချိန်မှာ သံလွင်တံတားအရှေ့ဘက်ခြမ်းရှိ ကျောက်ပန်းညိုနဲ့ ကျောက်စုကျေးရွာအကြားမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လေကြောင်းပစ်ကူလာတယ်။ မနက်ပိုင်းကနှစ်ခေါက်လောက်လာတယ် ညနေပိုင်းက နှစ်ခေါက်လောက်လာ ပါ တယ်။ မနက်ပိုင်းက (၁၂)နာရီခွဲ ညနေက (၃)နာရီခွဲလောက်လာတယ်” လို့ အခြား ဖားဆောင်းဒေသခံတစ်ဦးက ပြောပါတယ်။

လေကြောင်းပစ်ကူအပြင် ဖားဆောင်းမြို့နယ် အခြေစိုက် ခလရ (၁၃၅)တပ်ကနေ လက်နက်ကြီးပစ်ကူပေးတာရှိ တယ်လို့ ဆိုပါတယ်။ ဖားဆောင်းမြို့နယ် သံလွင်တံတားအရှေ့ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတာပါ။ နယ်မြေ စိုးမိုးနိုင်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာလို့ ဖားဆောင်း PDF က ပြောဆိုထားပါတယ်။

ဖားဆောင်းဒေသခံတွေရဲ့ ပြောပြချက်အရ ဇူလိုင်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဖားဆောင်းမြို့ထဲကို ရဟတ် ယာဉ်တွေနဲ့ စစ်ကောင်စီ အင်အားပို့ထားတယ်လို့ ပြောဆိုကြပါတယ်။ ဖားဆောင်းမြို့ပေါ်နဲ့ အနီးအနားက ကျေးရွာတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်ကစပြီး တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေ ရပြီး မြို့ပေါ်မှာ ဒေသခံအနည်းငယ်သာ ကျန်ရစ်တော့တယ်လို့ ဆိုကြပါတယ်။

ဖားဆောင်းမြို့နယ်အတွင်းမှာ ဇွန်လကတည်းက တိုက်ပွဲစတင်ပြင်းထန်လာတာကြောင့် လူထုတွေဟာ ဇူလိုင် ဒုတိယပတ်လောက်စပြီး ဘေးလွတ် ရာကို တိမ်းရှောင်နေကြရပါတယ်။ ဘေးလွတ်ရာကို တကွဲတပြားစီ တိမ်းရှောင်နေကြရပြီး အရင်ကတည်းက တိမ်းရှောင်သူတွေကတော့ ထိုင်းနယ်ထဲကို ကူးခွင့်ရရှိခဲ့ကြပါတယ်။

နောက်ပိုင်းမှ ထပ်မံတိမ်းရှောင်သူတွေကတော့ ထိုင်းနယ်ထဲကို ကူးခွင့်မရတော့ဘဲ နယ်စပ်တွေမှာ ခိုလှုံနေကြရ တာဖြစ်ပါတယ်။

ရှမ်း - ကရင်နီနယ်စပ် ဖယ်ခုံ၊ မိုးဗြဲ အပါအဝင် ကရင်နီပြည်တွင်းမှာ တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေး ရှောင်ဦးရေဟာ ၂သိန်း ၇သောင်းနဲ့အထက် ရှိနေပြီး ၉ထောင်ဝန်းကျင်ကတော့ ထိုင်းနယ်ထဲမှာ ဝင်ရောက်ခိုလှုံကြ ပါတယ်။

Most read this week

October 31, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ထဲကို  လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့...
October 30, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတချို့မှာ ၈နှစ်အောက်ကလေးငယ်တွေ...
October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...
October 28, 2024
ကရင်နီပြည် ကြားကာလ‌ အုပ်ချုပ်ရေးကောင်စီ (IEC) ပြည်ထဲရေးဌာန ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့်...