ရခိုင်ပြည်အတွင်း မုန်တိုင်းဘေးဒဏ်သင့်ဒေသက ကလေးငယ်အချို့မှာ အစာအာဟာရချို့တဲ့မှုကြောင့် ကျန်းမာ ရေး ထိခိုက်မှုဒဏ်ကို ခံစားနေကြရသည်။
မုန်တိုင်းအလွန်ကာလ စားနပ်ရိက္ခာထောက်ပံ့မှုတချို့ ရရှိသော်လည်း လုံလောက်မှုမရှိသဖြင့် ကလေးငယ်များမှာ အာဟာရချို့တဲ့မှု၏ အကျိုးဆက်အဖြစ် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်း၊ အစာမဝင်ခြင်း စသည့် နာမကျန်းရောဂါများကို ခံစားနေရသည်။
စစ်တွေမြို့နယ်၊ သက္ကယ်ပြင် မွတ်ဆလင်ဒုက္ခသည်စခန်းတွင် ၈ နှစ်အောက်ကလေးငယ် ၅၀ ရာခိုင်နှုန်းခန့်မှာ အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရကြောင်း စခန်းကော်မဝင် ဒေါ်သိန်းမြက ပြောသည်။
“မိခင်ပါ၊ ကလေးပါ နှစ်ယောက်စလုံး အစားအသောက် ပြည့်ပြည့်ဝဝမစားရတော့ အာဟာရချို့တဲ့ကြတယ်။ ခန္ဓာကိုယ်ကြီးထွားမှုမရှိဘဲ ပိန်လိန်နေကြတယ်။ စားစရာကျွေးရင်လည်း မစား၊ ခုခံအားလည်းမရှိတော့ ရောဂါ မျိုးစုံ ဖြစ်ကြတယ်” ဟု ဒေါ်သိန်းမြက ပြောသည်။
နာမကျန်းဖြစ်နေသော ကလေးငယ်တချို့မှာ နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသမှုခံယူနေကြပြီး အချို့ မှာ ငွေကြေးအခက်အခဲကြောင့် ဆေးဝယ်ယူသုံးစွဲနေရကြောင်း ဒေါ်သိန်းမြက ဆက်ပြောသည်။
အလားတူ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းက ကလေးငယ်တချို့မှာလည်း မုန်တိုင်း လွန်ကာလ အစာအာဟာရပြည့်ဝစွာ မစားသုံးနိုင်သည့်အတွက် ဖျားနာ၊ ချောင်းဆိုးခြင်းတို့ ဖြစ်နေသည်။
“ကလေးတွေက အရင်နဲ့မတူတော့ဘူး။ ပြောင်းလဲသွားတာက သိသာပါတယ်၊ ခုခံအားတွေ ကျဆင်းကြတယ်။ အသားဟင်းနဲ့လည်း မစားရ။ မိဘတွေက ငါးရှာ၊ ဟင်းရှာသွားရင် အိမ်မှာ ကလေးတွေကို ဖြစ်သလိုထားခဲ့ရ တယ်။ ကလေးတွေစားဖို့ ဟင်းချက်ထားခဲ့တယ်။ ကလေးငယ်တွေ စားမဝင်ဘူး။ အစာမစားတော့ ကျန်းမာရေး ပိုင်းမှာ ထိခိုက်လာတယ်” ဟု ညောင်ချောင်းစစ်ဘေးရှောင်စခန်းက ဒေါ်မစောယိုင်က ပြောသည်။
စစ်ဘေးရှောင်စခန်းနှင့် ဒုက္ခသည်စခန်းများတွင် နေထိုင်သူများမှာ နဂိုကတည်းက စားနပ်ရိက္ခာထောက်ပံ့မှု နည်းပါးခြင်းကြောင့် အခက်အခဲများကို ရင်ဆိုင်နေကြရစဉ် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် စားဝတ်နေရေး ပိုခက်ခဲသွားရသည်။
အစာအာဟာရချို့တဲ့မှုဒဏ်ကို ကလေးငယ်များအပြင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များလည်း ခံစားနေကြရ သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ပြည့်ဝသောအစာအာဟာရကို မမှီဝဲရသဖြင့် မွေးဖွားရခက်ခဲခြင်း၊ မွေးဖွားသောကလေးငယ်မှာလည်း ကိုယ်လက်အင်္ဂါချို့တဲ့ခြင်းများ ရှိနေသည်။
“ကိုယ်ဝန်ဆောင်ကတည်းက အာဟာရပြည့်ဝမှုမရှိတဲ့ မိခင်တွေမှာ မွေးဖွားတဲ့အချိန် အများကြီးဒုက္ခရောက် ကြ တယ်။ ကျမတို့စခန်းမှာဆိုရင် မွေးရာပါမသန်စွမ်းသူ ၃ ယောက်တောင်ရှိတယ်” ဟု ကျောက်တော်မြို့နယ်၊ တောင်မင်းကုလား စစ်ဘေးရှောင်စခန်းမှ ဒေါ်အေးခင်က ပြောသည်။
မုန်တိုင်းလွန်ကာလ ကလေးငယ်များမှာ မိဘအုပ်ထိန်းသူများ၏ ဂရုစိုက်ခံရမှု အားနည်းလာခြင်း၊ အခြေခံ လိုအပ်ချက် ဖြည့်ဆည်းပေးမှုမရရှိခြင်း၊ အစားအသောက်ချို့တဲ့ခြင်း၊ ပတ်ဝန်းကျင် လုံခြုံမှုနည်းပါးခြင်းတို့ ကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နေကြရသည်။
ရခိုင်အရပ်ဖက်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ နယ်ဘက်တွေကိုသွားတဲ့အခါ အဓိကတွေ့ရတာက မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ခဲ့တဲ့ အုပ်ထိန်းသူမိဘတွေဟာ ကလေးတွေကို ပြန်မကြည့်နိုင်ကြဘူး။ ကလေးတွေ ဗိုက်ဆာနေတဲ့အချိန်မှာ ထမင်းချက်မကျွေးနိုင်။ ကလေးတွေက မိဘတွေအဆင်မပြေတာကို ကြည့် ပြီး သိမ်ငယ်စိတ်တွေ ဖြစ်နေရတယ်” ဟု ပြောသည်။
ရခိုင်က မုန်တိုင်းသင့် မြို့နယ် ၈ ခုတွင် အသက် ၅ နှစ်အောက် ကလေးငယ် စုစုပေါင်း ၃၉၈ ဦးမှာ အာဟာရ ချို့တဲ့မှု ဒဏ်ကြောင့် ဆေးကုသမှုခံယူနေရကြောင်း ဇွန်လ ၁၅ ရက်နေ့က ထုတ်ပြန်သည့် UNOCHA Myanmar အစီရင်ခံစာတွင် ဖော်ပြထားသည်။
မုန်တိုင်းသင့် ကလေးငယ်များအတွက် အာဟာရဆိုင်ရာကုသရေး ဝန်ဆောင်မှုများဆောင်ရွက်နိုင်ရန် ခရီးသွား လာခွင့် မရရှိသဖြင့် အခက်အခဲများရှိနေကြောင်း UNOCHA က ဆိုသည်။
ကလေးသူငယ်များအခွင့်အရေးဆိုင်ရာဥပဒေတွင် “ကောင်းမွန်သောပတ်ဝန်းကျင်၊ ပျော်ရွှင်စရာ ကောင်းသော နေရာ၊ အစာအာဟာရပြည့်ဝမှု၊ လွပ်လပ်မှု၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစွာဖြင့်နေထိုင်ရမည်” ဟု ပါရှိသော်လည်း မြန်မာနိုင်ငံက စစ်ဘေးရှောင်စခန်းနှင့် ဒုက္ခသည်းစခန်းက ကလေးငယ်များမှာ အဆိုပါ အခွင့်အရေးများကို ဆုံးရှုံးနေကြရသည်။