လက်ခတ်တောင် တိုက်ပွဲကြောင့် မြဝတီမြို့ဘက် စစ်ရှောင်ကြသည့် ဒေသခံ ၅၀၀ ကျော် နေရပ်မပြန်နိုင်သေး

လက်ခတ်တောင် တိုက်ပွဲကြောင့် မြဝတီမြို့ဘက် စစ်ရှောင်ကြသည့် ဒေသခံ ၅၀၀ ကျော် နေရပ်မပြန်နိုင်သေး

စစ်အာဏာရှင်ကို တော်လှန်နေသည့် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီ ပူးပေါင်းတပ်တို့အကြား ဖြစ် ပွားခဲ့သည့် မြဝတီမြို့တောင်ဘက် လက်ခတ်တောင်တိုက်ပွဲကြောင့် မြဝတီမြို့ဘက် စစ်ဘေးရှောင်နေကြရသူ ဒေသခံ ၅၀၀ ကျော်မှာ ယခုအချိန်ထိ နေရပ်ပြန်နေထိုင်နိုင်ခြင်းမရှိသေးဟု စစ်ရှောင်ကူညီသူများက ပြောသည်။

လက်ခတ်တောင် တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီ တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ လူနေ ရပ်ကွက် အိမ်များပေါ် ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့ခြင်းကြောင့် မြဝတီမြို့ဘက်သို့ စစ်ဘေးရှောင်နေကြရခြင်း ဖြစ်သည်ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

၎င်းစစ်ဘေးရှောင်ကူညီနေသူက “ပွင်းလင်းအေးမြိုင်၊ မေတ္တာလင်းမြိုင်၊ အတွင်းမဲကနယ်၊ စိမ်းလဲ့မြိုင်ကားဝင်း နောက်ဘက်က လူတွေမြို့ထဲ ပြောင်းလာနေကြတာမှာ တောရ ကျောင်းမှာတော့ အများဆုံးပေါ့၊ တောရ ကျောင်းမှာ အိမ်ထောင်စု ၈၉စု လူဦးရေ က ၃၁၇ ဦးပေါ့ ၊ ကလေးလူကြီး အပါပေါ့နော်။ မြဝတီထွေအုပ်နဲ့ လူမှု ဝန်ထမ်းဌာနအဖွဲ့တွေ ဆန်ဆီစားစရာလာပို့တယ်။ စာရင်းကောက်တယ်။ အခုထိတော့ ပြန်လို့မရသေးဘူး။ ရပ် ကွက်တွေထဲမှာ ရောက်နေတဲ့သူနဲ့ အခု တောရကျောင်းမှာနေတဲ့ သူပေါင်းရင် အနည်းဆုံး ၅၀၀ ကျော်ရှိမယ်” ဟု ပြောသည်။

စစ်ကောင်စီ တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် - BGF လက်နက်ကြီးပစ် စခန်း လက်ခတ်တောင် ဘုရား ကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် - KNLA ပူးပေါင်းစစ်ကြောင်းများက ဇူလိုင်လ ၅ ရက် နေ့မှ စတင်၍ တိုက်ခိုက်ခဲ့ရာ ဇူလိုင် ၂၁ ရက်နေ့တွင် သိမ်းပိုက်ရရှိထားခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ လက်ခတ်တောင် စစ်စခန်းဘုရားကုန်းနေရာကို စစ်တပ်က ပြန်လည် သိမ်းပိုက်နိုင်ရန် စစ်ကူ အင်အားနှင့် လက်နက်ကြီးပစ်နေရာများ ထပ်မံတိုးချဲ့ ပြင်ဆင် နေမှုများရှိနေပြီး မြို့အစွန်ရပ်ကွက်များတွင် နေထိုင်သူများအား ရွှေ့ပြောင်းနေထိုင်ကြရန် ရပ်ကွက်စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ များက လိုက်လံ ပြောဆိုမှု များ ရှိနေသည်။

မြဝတီမြို့ခံ သတင်းအရင်းအမြစ်တစ်ဦးက “အခု မြဝတီမြို့ကတော့ ပုံမှန်ပဲ။ မြို့ပြင်မှာတော့ စစ်တပ်က အောက် က တက်လာတဲ့ စစ်တပ်တွေ ထပ်ရောက်နေတယ်၊ လက်နက်ကြီး ပစ်တဲ့နေရာတွေ အသစ်ပြင်နေတယ်၊ ကျောက်လုံးကြီး ရပ်ကွက်ဘက်၊ မြစန္ဒီကားဝင်း၊ မြစန္ဒီဂေါက်ကွင်း၊ ၂၇၅ တပ်၊ ဟေမာန်ဦး ဘုန်ကြီးကျောင်း နောက်ဘက်တွေမှာ ကင်းပုန်းချတာ၊ လက်နက်ကြီးဆင်တာတွေ လုပ်နေတယ်” ဟု ပြောသည်။

လတ်တလောတွင် KNLA ပူးပေါင်းတပ်များသည် လက်ခတ်တောင် ဘုရားကုန်းစစ်စခန်းကို သိမ်းပိုက်ထားပြီး စစ်ရေးနယ်မြေ ထိန်းသိမ်းနိုင်ရေးနှင့် လက်ခတ်တောင်ကြော နေရာတစ်လျှောက် နယ်မြေရှင်းလင်းရေး လုပ်ငန်း များ ဆောင်ရွက်နေကြသည်။

ထို့အပြင် ကရင်ပြည်နယ်အတွင်း ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကော့ကရိတ်၊ ဖာပွန်၊ သံတောင်မြို့နယ်များ ဘက်တွင် KNLA ပူးပေါင်းတပ်များနှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း KNLA ပူးပေါင်းစစ်ကြောင်း သတင်းအရင်းအမြစ်များ ပြောသည်။

ယခုလို တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံကျေးရွာ နေအိမ်၊ သာသနိက အဆောက်အအုံ၊ တောင်ယာခြံ များ ထိခိုက်ပျက်စီးမှုရှိနေပြီး ဒေသခံ ၂ သိန်းကျော်အထိ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရကြောင်း ကရင် အရပ်ဖက် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

Most read this week

November 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာနှင့် မယ်ထော်သလေးကျေးရွာအတွင်းရှိ တရုတ်ငွေလိမ်...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...