ဘူးသီးတောင်တွင် AA နှင့် ARSA တိုက်ပွဲဖြစ်သည့်နေရာအနီး စစ်ကောင်စီက အင်အားရာချီ ဖြည့်တင်း

ဘူးသီးတောင်တွင် AA နှင့် ARSA တိုက်ပွဲဖြစ်သည့်နေရာအနီး စစ်ကောင်စီက အင်အားရာချီ ဖြည့်တင်း

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ရက္ခိုင့်တပ်တော်(AA)နှင့် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့သည့် နေရာအနီး စစ်ကောင်စီတပ်က အင်အား ရာနှင့်ချီ ဖြည့်ထားပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ စောင့်ကြည့်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

AA နှင့် ARSA အဖွဲ့တို့သည် ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်းနှင့် ဇူလိုင် ၁၉ ရက်နေ့ နံနက်ပိုင်းတို့တွင် ဘူးသီး တောင် မြို့နယ်၊ အာကာပျံနှင့် ကျောက်စာတိုင်ကြားရှိ မယူတောင်ထဲ၌ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည် ဟု ဒေသခံများက ပြောသည်။

ယင်းသို့ ဖြစ်ပွားအပြီး ဇူလိုင် ၂၁ ရက်နေ့မှ စတင်ကာ စစ်ကောင်စီ၏ ကမ်းထိုးရေယာဉ် တစ်စီးသည် စစ်တွေမှ တဆင့် ဘူးသီးတောင်ဆိပ်ကမ်းသို့ ဆိုက်ကပ်လာခဲ့သည်ဟု မျက်မြင်များက ပြောသည်။

ယင်းနေ့ မွန်းတည့်ပိုင်းတွင် ကမ်းထိုးရေယာဉ်ပေါ်ရှိ စစ်ကောင်စီတပ်သား အင်အား ၁ဝဝ ကျော် အပါအဝင် ရိက္ခာနှင့် လက်နက်အပြည့်အစုံ တင်ဆောင်လာသည့် စစ်ကား ၄ စီးသည် ဘူးသီးတောင် ဆိပ်ကမ်းမှ တဆင့် တိုက်ပွဲဖြစ်ပွားရာ နေရာအနီးတဝိုက်ဖြစ်သော သပိတ်တောင်၊ ကင်းချောင်း၊ စိမ့်ညှင်းပြား၊ နပျိုးချောင်း၊ ဖရုံ ချောင်း စသည့်ရွာများသို့ အင်အား ဖြည့်တင်းခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “အခုကတော့ ထူးခြားမှုမရှိသေးဘူး။ အဲ့လို အခြေအနေကတော့ တင်းမာ နေကြတယ်ပေါ့။ AA၊ ARSA နဲ့ စစ်တပ် တစ်ယောက်နဲ့ တစ်ယောက် စောင့်ကြည့်နေတဲ့အဆင့်ပဲ ရှိတယ်” ဟု ပြောသည်။

ယင်းသို့ ၃ ပွင့်ဆိုင် အခြေအနေ တင်းမာနေသည့်အတွက် တိုက်ပွဲများ ထပ်ဖြစ်မည်ကိုလည်း အထူးစိုးရိမ်နေ ကြ သည်ဟု ဒေသခံများက ပြောသည်။

ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေကမူ ယခုကိစ္စမှာ  ကြီးကြီးကျယ်ကျယ် ထပ်ဖြစ်နိုင်မည် မဟုတ်ဟု နိရဉ္စရာ ကို သုံးသပ်ပြောဆိုသည်။

“ဒါကတော့ အရမ်းကြီးကြီးကျယ်ကျယ်ဖြစ်မယ်လို့တော့ မမြင်ဘူး။ နောက်ပြီး ARSA ဆိုတာကလည်း လူမျိုးတွေ ကို ကိုယ်စားပြုတာလည်း မဟုတ်ဘူး။ သူတို့အုပ်စုတစ်အုပ်စုကိုပဲ ဖြစ်တယ်။ အများနဲ့ ဆက်စပ်တာလည်း မဟုတ်ဘူး။ ဒါကြောင့် ကြီးကျယ်တဲ့ ပြဿနာတွေ ဖြစ်လာမယ်လို့ မမြင်ဘူး” ဟု ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာမှာ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း မယူတောင်ထဲတွင် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မယူတောင်အတွင်း ARSA က ခြေကုပ်ယူရန် ကြိုးစားသည်ကို ဒေသခံများက အနီးရှိ စစ်ကောင်စီတပ် စခန်း များသို့ တိုင်ကြားကြသော်လည်း တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်းမရှိ၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့် တပ်တော် (AA)ထံ တိုင်ကြားရာမှ ULA/AA က သွားရောက် နယ်မြေရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုနေ့က တိုက်ပွဲအတွင်း ARSA ဘက်မှ ၁ဝ ဦးထက် မနည်းကျဆုံးပြီး တစ်ဦးအရှင် ဖမ်းမိခဲ့သလို AA ဘက်က ၂ ဦး အသေးစား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကြားသိရကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ AA ပြောခွင့်ရသူ ဦးခိုင်သုခကို နိရဉ္စရာ က ဇူလိုင်လ ၂၁ ရက်မှ စတင် မေးမြန်းထား သော်လည်း ဇူလိုင်လ ၂၃ ရက်၊ ညနေပိုင်းအထိ တစ်စုံတရာ တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါ။

ARSA အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်းနှင့် ရခိုင်ပြည်နယ်အတွင်း မောင်တောနှင့် ဘူးသီး တောင်မြို့နယ်များတွင် စိမ့်ဝင်လှုပ်ရှားနေသည့်အဖွဲ့တစ်ခုဖြစ်သည်။

၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်တို့က မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် ရဲစခန်းများနှင့် တပ်စခန်းအချို့ကို ARSA က ဝင်ရောက်တိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်ဘက်က အထိအခိုက်အကျအဆုံးများရှိခဲ့၍ မြန်မာစစ်တပ်က အကြီးအကျယ် နယ်မြေရှင်းလင်းခဲ့ရသေးသည်။

ထို့နောက် ၂ဝ၂၁ ခုနှစ်နှင့် ၂ဝ၂၂ ခုနှစ်တို့တွင်လည်း ARSA သည် မောင်တောမြို့နယ်ရှိ နေရာအချို့တွင် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ထိတွေ့ တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သေးသည်။

Most read this week

November 1, 2024
ရခိုင်ပြည် တောင်ကုတ်မြို့ အခြေစိုက် စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ(၅) လက်အောက်ရှိ စစ်ကောင်စီ...
November 1, 2024
အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်၊...
October 31, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ နာဇီရွာ(ခေါ်)စက်ရုံစုရပ်ကွက်ရဲစခန်းအနီးရှိ နေအိမ်များ...
October 29, 2024
စစ်ကောင်စီသည် မြန်မာပြည်မမှ ရခိုင်သို့ ကုန်ပစ္စည်း တင်ပို့သည့် ကုန်တင်ကားများနှင့် စက်လှေ၊...