စစ်ကောင်စီတပ် လက်နက်ကြီးရန်ကြောင့် သထုံဒေသခံ ၃,၀၀၀ ကျော် စစ်ရှောင်နေရ

စစ်ကောင်စီတပ် လက်နက်ကြီးရန်ကြောင့် သထုံဒေသခံ ၃,၀၀၀ ကျော် စစ်ရှောင်နေရ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ တပ်မဟာ (၁) နယ်မြေ၊ သထုံမြို့နယ်တွင် စစ်ကောင်စီ တပ်၏ နေ့စဉ် လက်နက်ကြီး ပစ်ခတ်မှုရန်ကြောင့် ဒေသခံ အရပ်သားပြည်သူ ၃,၀၀၀ ကျော် စစ်ဘေးရှောင်နေ ကြရသည်ဟု ကေအဲန်ယူ သထုံခရိုင်က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း - ခမရ ၉ တပ်ရင်းနှင့် အမြှောက်တပ်-အမတ ၃၁၄ တို့သည် ယခုလဆန်းပိုင်း မှစ၍ ကေအဲန်ယူ သထုံမြို့နယ် ရွှေရောင်ပြကျေးနယ်ထဲသို့ လက်နက်ကြီးပစ်ခတ်မှု ဆက်တိုက် လုပ်ဆောင်နေ သည့် အတွက် အိမ်ထောင်စု ၅၀၀ ကျော်မှ လူဦးရေ ၃၀၀၀ ကျော် ထွက်ပြေးနေရ ကြောင်း သထုံခရိုင် မိတ်ဖက် ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌ စောကျော်မြင့်က ပြောသည်။

၎င်းက “ရွှေရောင်ပြအုပ်စုထဲက ရွာတွေထွက်ပြေးတိမ်းရှောင်ရတယ်။ ရွှေရောင်ပြတစ်ရွာထဲကို အိမ်ခြေ နှစ်ရာ ကျော်ပြီ။ အဝင်းကြီးဆိုရင်လည်း အိမ်ခြေတစ်ရာကျော်ပြီး စစ်ရှောင်ရတာ။ အဲဒီအနီး နားရွာတွေက အကုန်ပါပဲ ရှောင်ရတယ်။ တချို့က ဆွေမျိုးအသိမိတ်ဆွေအိမ်တွေမှာ ရှောင်တာ များတယ်။ အများစုကတော့ တောတောင် တွေ လက်နက်ကြီး လွတ်မယ့်နေရာမှာ ရှောင်တာများတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

သထုံမြို့နယ်တွင် စစ်ကောင်စီ တပ်၏ နေ့စဉ် လက်နက်ကြီး ပစ်ခတ်မှုရန်ကြောင့် ဒေသခံ အရပ်သားပြည်သူ ၃,၀၀၀ ကျော် စစ်ဘေးရှောင်နေကြရကြောင်း ဇူလိုင်လ ၂၂ ရက်နေ့တွင် ကေအဲန်ယူ သထုံခရိုင်က သတင်း  ထုတ် ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ စစ်ရှောင်နေရသည့် ကျေးရွာများမှာ ရွှေရောင်ပြ၊ အဝင်းကြီး၊ ဇီးဝန်း၊ ပန်းအောင်ကုန်း၊ ခလောက်အင်း၊ မရမ်းကုန်း၊ မိချောင်းအိုင် ချောင်းစောက်၊ ဒေါင်းရွာစသည့် ကျေးရွာများဖြစ်ပြီး ရွာလုံး ကျွတ်ထွက် ပြေးတိမ်း ရှောင်နေကြရဟု ကေအဲန်ယူ သထုံခရိုင် တာဝန်ရှိသူများက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ရက်နေ့တွင်လည်း သထုံမြို့နယ် အစူးချောင်းကျေးနယ် ကဇိုင်း ကျေးရွာထဲကို ကြာပန်းရှိ အမြောက်တပ်-အမတ ၂၀၆ ၏ လက်နက်ကြီးကြောင့် ဒေသခံအမျိုး သမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ဇူလိုင်လ (၇ )ရက်နေ့တုန်းကလည်း ရွှေရောင်ပြကျေးရွာထဲကို လက်နက်ကြီးပစ်ချသည့်အတွက် ကလေးငယ်၂ ဦးအပါအဝင် ဒေသခံ ၅ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သေးကြောင်း ကေအဲန်ယူ၏ သတင်းထုတ် ပြန်ထားချက်အရ သိရသည်။

အလားတူ ကျိုက်ထိုမြို့နယ်တွင်လည်း ပြီးခဲ့သည့် ဇူလိုင်လ (၁၄) ရက်နေ့မှ စတင်၍ စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံတပ်များ စစ်ကြောင်းထိုးဝင်လာသည့်အတွက် အိမ်ထောင်စု ၆၀၀ ကျော်မှ လူဦးရေ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို စျေးရောင်းနေသည့် အရပ်သား (၂) ဦးကိုလည်း စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်သတ်ခဲ့သေးကြောင်း ကေအဲန်ယူ၏ သတင်းထုတ်ပြန်ထားချက်ထဲတွင် ဖော်ပြပါရှိသည်။

ကေအဲန်ယူ သထုံခရိုင်တွင် ဇူလိုင်လ (၁) ရက်နေ့မှ (၂၁) ရက်နေ့အထိ ကျေးရွာများထဲသို့ စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးပြီး ဦးဇင်း ၁ ပါး၊ သီလရှင် ၁ ပါးနှင့် အရပ်သား ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် နယ်မြေအတွင်း စစ်ကောင်စီ စစ်ကြောင်း ထိုးလာစဉ်တွင်လည်း အရပ်သား ၅ ဦးလည်း ပစ်သတ်ခံရ သေးသည်ဟု ကေအဲန်ယူ သတင်း ထုတ်ပြန်ထားချက်တွင် ဖော်ပြထားသည်။

November 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာနှင့် မယ်ထော်သလေးကျေးရွာအတွင်းရှိ တရုတ်ငွေလိမ်...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...