ညောင်လေးပင်ခရိုင်တွင် ၃ ရက်အတွင်း စစ်ကောင်စီ၏ နေအိမ်မီးရှို့မှု အလုံး ၅၀ နီးပါးရှိလာ

ညောင်လေးပင်ခရိုင်တွင် ၃ ရက်အတွင်း စစ်ကောင်စီ၏ နေအိမ်မီးရှို့မှု အလုံး ၅၀ နီးပါးရှိလာ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေး ရွာများသို့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် မီးရှို့ခံခဲ့ရသော ဒေသခံနေအိမ်အရေအတွက်သည် ကျေးရွာနှစ်ရွာပေါင်း အလုံး (၅၀)နီးပါးရှိလာကြောင်း ဒေသတွင်း သတင်း အရင်းအမြစ်များက ပြောသည်။

စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များ ပါဝင်သော စစ်ကြောင်းသည် ပြီးခဲ့သည့် ဇူလိုင်လ (၁၈) ရက်နေ့တွင် မုန်းမြို့နယ်ရှိ နိုကူးကျေးရွာအတွင်းဝင်ရောက်၍ ဒေသခံများပိုင်ဆိုင်သော နေအိမ် (၂၇) လုံး အပါအဝင် တဲကုတ်၊ စပါးကျီနှင့် စက်ပစ္စည်းများအား မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့သလို ဇူလိုင်လ (၂၀) ရက်နေ့က ကျောက်တံခါးမြို့နယ်ရှိ နံဇကျေးရွာမှ နေအိမ် (၂၁)လုံးနှင့် စပါးကျီများကိုလည်း ထပ်မံမီးရှို့ ဖျက် ဆီးခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

အဆိုပါမီးရှို့ခံရသည့်နေအိမ်များရှိရာ ရွာနှစ်ရွာမှဒေသခံအများစုမှာ ကရင်လူမျိုးများဖြစ်ပြီး ဗမာလူမျိုး အနည်းစု လည်း ရောနှောနေထိုင်ကြကြောင်း၊ စစ်ကောင်စီတပ်များက ထိုရွာများတွင် တော်လှန်ရေး အင်အားစုများ ခိုအောင်းနေနိုင်မည်ဟု ယူဆ၍ ထိုသို့မီးရှို့ဖျက်ဆီးကြခြင်းဖြစ်နိုင်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ယခုကဲ့ သို့ ပြောသည်။

“ကြွက်မနိုင် ကျည်မီးရှို့တဲ့သဘောပေါ့။ ဒီဘက်ခြမ်းမှာဆိုရင် ကေအဲန်ယူနဲ့PDF တွေ ခိုနေနိုင်တယ်ဆိုတဲ့ သ ဘောနဲ့ ဒီရွာတွေသာမရှိရင် ဘယ်တော်လှန်ရေးတပ်ဖွဲ့တွေမှ မနေနိုင်ဘူးဆိုပြီး အခုလိုဒေသခံတွေရဲ့ နေအိမ်တွေ ကို ပစ်မှတ်ထားမီးရှို့တာလို့ထင်တယ်။ ဒီလိုလုပ်လို့ပြည်သူနဲ့တော်လှန်ရေးအင်အားစုတွေနဲ့ စိတ်ဝမ်းကွဲ နိုင်စရာ မရှိဘူး။ သူတို့လုပ်နေတာကို ပြည်သူကထင်ထင်ရှားရှားသိနေတာကိုး” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် နံဇကျေးရွာသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးရောက်စဥ် တော်လှန်ရေးတပ်ဖွဲ့များနှင့် အပြန် အလှန် ပစ်ခတ်မှုဖြစ်ပွား၍ ဒေသခံများ စောစီးစွာ ရှောင်တိမ်းခဲ့ကြသဖြင့် နေအိမ်များမီးရှို့ခံရချိန် လူသူမရှိသော ကြောင့် ထိခိုက်မှုလည်းမရှိသလို နိုကူးကျေးရွာသည်လည်း ပြီးခဲ့သည့်နှစ် တိုက်ပွဲများ ဖြစ်ပွားစဥ်ကတည်းက စစ်ဘေးကြောင့် နေထိုင်သူမရှိသောရွာတစ်ရွာဖြစ်ကြောင်း ကေအဲန်ယူနှင့် ဒေသသတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။

အဆိုပါအရပ်သားနေအိမ်မီးရှို့ခြင်းဖြစ်ရပ်များသည် ယခု ၂၀၂၃ခုနှစ်အတွင်း အများဆုံးတွေ့ရှိရသော စစ် ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သလို ဒေသခံလူထုများကို ပစ်မှတ်ထား၍ လက်နက်ကြီးဖြင့် လည်းကောင်း လေကြောင်းဖြင့်လည်းကောင်း တိုက်ခိုက်မှုများစွာ လုပ်ဆောင်ခဲ့သဖြင့် ပြည်သူများစွာ အသက် ဆုံးရှုံးရပြီး လူထုပိုင်ဆိုင်သော ပစ္စည်းဥစ္စာများသည်လည်း ဖျက်ဆီးမှုခံနေရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ၏ ပြောခွင့်ရ စောနန္ဒဆူးက ယခုကဲ့သို့ ပြောသည်။

၎င်းက “ပြည်သူရဲ့ ဘေးကင်းလုံခြုံမှုကို အများကြီးထိခိုက်တာပေါ့။ တိုက်ပွဲဖြစ်ပွားတိုင်းမှာလည်း ပြည်သူရဲ့ အသက်အိုး အိမ်စည်းစိမ်ကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်တာတွေက ဒီနှစ်အစောပိုင်းမှာ ကျနော်တို့အနေနဲ့ အများဆုံးတွေ့ရှိရတဲ့ မှတ်တမ်းတွေ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ဖြစ်တယ်။ ဒါတွေဟာ ပြည်သူရဲ့ လွတ် လပ်စွာသွားလာခွင့်၊ ပညာရေး၊ ကျန်းမာရေးနဲ့လူမှုဘဝကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်စေတယ်” ဟု စောနန္ဒဆူး က ကေအိုင်စီသို့ ပြောသည်။

ဆက်လက်တိုးပွားလာနေသော စစ်ဘေးရှောင် အရေအတွက်များအား ကရင်အရပ်ဘက် အဖွဲ့များအနေဖြင့် အတိအကျ လက်လှမ်းမီနိုင်ရန် ခက်ခဲသော်လည်း ကေအဲန်ယူ အုပ်ချုပ်ခရိုင် အားလုံးတွင် စစ်ဘေးရှောင်ဦးရေ ခြောက်သိန်းကျော်ရှိလာပြီး ထိုအထဲတွင် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုဒဏ် အများဆုံးခံနေ ရ သော ကေအဲန်ယူ၏ ထိန်းချုပ်နယ်မြေခရိုင်များ အနက် ညောင်လေးပင်ခရိုင်သည်လည်း အပါအဝင် ဖြစ် ကြောင်း KHRG ၏ မှတ်တမ်းပြုစုချက်အရ သိရသည်။

Most read this week

November 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာနှင့် မယ်ထော်သလေးကျေးရွာအတွင်းရှိ တရုတ်ငွေလိမ်...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...