လူသားချင်းစာနာမှု နည်းလမ်းများကို နိုင်ငံတကာအနေဖြင့် ပြန်လည်သုံးသပ်နိုင်ရေး BNI မှ သုတေသန စာတမ်း မိတ်ဆက်ခဲ့

လူသားချင်းစာနာမှု နည်းလမ်းများကို နိုင်ငံတကာအနေဖြင့် ပြန်လည်သုံးသပ်နိုင်ရေး BNI မှ သုတေသန စာတမ်း မိတ်ဆက်ခဲ့

မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီများပေးနေသည့် နည်းလမ်းများအပေါ်  နိုင်ငံတကာအနေဖြင့် ပြန်လည်သုံးသပ်နိုင်ရန် ရည်ရွယ်၍ပြုစုထားသည့် သုတေသနစာတမ်းအား နိုင်ငံတကာမြန်မာသတင်းအဖွဲ့-BNI မှ ယနေနံနက်ပိုင်းက အွန်လိုင်းဖြင့် မိတ်ဆက်ခြင်းအစီအစဥ် ပြုလုပ်ခဲ့သည်။

“နိုင်ငံတကာအလှူရှင်အစိုးရများအတွက်ပုစ္ဆာ (သို့) လူသားချင်းစာနာကူညီရေးအကျပ်အတည်းအား အဖြေ ရှာကြည့်ခြင်း” အမည်ရှိ သုတေသနစာတမ်းအား BNI ၏ မြန်မာ့ငြိမ်းချမ်းရေး လမ်းစဥ်စောင့်ကြည့်ရေး ပရိုဂရမ် (MPM) မှ သုတေသနပြုစုလေ့လာ၍ ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ထုတ်ဝေခြင်း ဖြစ်သည်။

ထိုစာတမ်းအား နိုင်ငံတကာအစိုးရများမှတဆင့် မြန်မာနိုင်ငံသို့ပေးလာသည့် လူသားချင်းစာနာကူညီရေး ဆိုင်ရာ လုပ်ငန်းစဥ်များကို စီမံခန့်ခွဲပေးနေသော အာဆီယံအပါအဝင် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ အစည်းများ အနေဖြင့် အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်နေမှုများအား ပြန်လည် သုံးသပ်ရန်လို အပ်နေ၍ ကြိုးပမ်းထုတ်ဝေရခြင်း ဖြစ်ဟု BNI ၏ မီဒီယာဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမြင့်က ပြောသည်။

“အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီရဲ့ခွင့်ပြုချက်မရရင် လူထုဆီကို ထိရောက်တဲ့အကူအညီ မရဘူး ဆို တာမျိုး တွေ့နေရတယ်။ ဆိုတော့ နိုင်ငံတကာကနေ မြန်မာပြည်သူတွေအတွက် အကူအညီရရှိဖို့ ဆောင်ရွက် ရာမှာ စစ်ကောင်စီနဲ့ပူးပေါင်းလုပ်ဆောင်တဲ့နည်းလမ်းက ဘယ်လောက်ထိ ထိရောက်လဲဆိုတာ မေးခွန်းထုတ်ဖို့ လိုအပ်သလို တကယ်လိုအပ်တဲ့ဆီကိုရောက်နိုင်ဖို့ နည်းလမ်းရှာဖွေ သင့်တယ်” ဟု စာတမ်း မိတ်ဆက် အစီအစဥ် တွင် ဦးစိုးမြင့်က ပြောသည်။

ထို့အပြင် အဆိုပါစာတမ်းတွင် မြန်မာနိုင်ငံအတွင်းရှိ လူသားချင်းစာနာမှုအကူအညီများ၏လာရာနှင့် လားရာ၊ အကူအညီ လွှမ်းခြုံနိုင်မှု အခြေအနေများ၊ နိုင်ငံအတွင်း အကူအညီအလိုအပ်ဆုံးနှင့်အခက်အခဲဆုံးဒေသများ၊ စစ်ရှောင်စခန်းမှ ဒုက္ခသည်များ၏ရင်ဖွင့်သံများအား ထည့်သွင်းဖော်ပြထားသလို ပြည်သူထံ အမှန်တကယ် အကူအညီရောက်ရှိရန် နည်းလမ်းများ၊ နယ်စပ်ဖြတ်ကျော် ကူညီရာတွင် ချဉ်းကပ်ရမည့် အိမ်နီးချင်း နိုင်ငံများ နှင့် သုံးသပ်ချက်များကိုလည်း ထည့်သွင်းအကြံပြုထားကြောင်း BNI ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်တင်တင်ညိုက ရှင်းပြပြောဆိုသည်။

“ကျမတို့ရဲ့စာတမ်းထဲမှာဖော်ပြထားချက်တွေကနေ နိုင်ငံအတွင်း တိုက်ရိုက် ကူညီပေးနေတဲ့ အခြားသော နိုင်ငံ တွေ၊ ကူညီဖြန့်ဖြူးပေးနေတဲ့အဖွဲ့အစည်းတွေက အမှန်တကယ်လိုအပ်နေတဲ့ပြည်သူတွေဆီကို မှန်ကန်တဲ့ နည်း လမ်းနဲ့အကူအညီ ရောက်ရှိဖို့လုပ်ဆောင်တဲ့နေရာမှာ အကောင်းဆုံး အထောက်အကူ ပေးနိုင်မယ့် အချက် အလက်တချို့ကို ရရှိသွားဖို့မျှော်လင့်ပါတယ်” ဟု ဒေါ်တင်တင်ညိုက ပြောသည်။

ထိုစာတမ်းတွင် လူထုထံ ထိရောက်သော အကူအညီရောက်ရှိရေး နိုင်ငံတကာအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပြီး အားလုံးပါဝင်သော လူသားချင်းစာနာမှု အကူအညီပေးရေးဖိုရမ် အမြန် ဆုံး အကောင်အထည်ဖော်ရန်၊ ဒေသအလိုက် လေယာဥ် မပျံသန်းရဇုန်များ၊ ပြည်သူ့ အကာအကွယ်ပေးရေး ဇုန်များ ကြေညာစောင့်ကြပ်ပေးရန်နှင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး လုပ်ဆောင်ရန် တို့ကိုလည်း ထည့် သွင်းဖော်ပြထားကြောင်း မိတ်ဆက်အစီအစဥ်တွင် ဆိုထားသည်။

ထို့အတူ နယ်စပ်ဖြတ်ကျော်အကူအညီပေးရာတွင် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊ နယ်မြေခံတိုင်းရင်း သားတော်လှန်ရေး အဖွဲ့အစည်း အင်အားစုများနှင့်တကွ‌ ဒေသတွင်း အရပ်ဘက်အဖွဲ့များနှင့်ပါ ချိတ်ဆက် ညှိနှိုင်း ၍ ဆွေးနွေးအဖြေရှာ လုပ်ဆောင်သင့်ကြောင်း BNI က အကြံပြုပြောဆိုခဲ့သည်။

စာတမ်းမိတ်ဆက်ပွဲတွင် ကရင်နီအတိုင်ပင်ခံကောင်စီ၊ လူသားချင်းစာနာထောက်ထားမှု ကော်မတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဗညားခွန်အောင်မှ Guest Speaker အနေဖြင့် ကရင်နီပြည်နယ်အတွင်းလိုအပ်သော အကူအညီများနှင့် နိုင်ငံတကာလက်လှမ်းမီနိုင်မှုအခြေအနေများကိုလည်း ရှင်းပြပြောဆိုခဲ့ပြီး စာတမ်းနှင့်ပတ်သက်၍ မေးမြန်း လာ သော မေးခွန်းများအား တာဝန်ရှိသူများက ဖြေကြားပေးခဲ့သည်။

BNI အနေဖြင့်လည်း စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ခုခံတော်လှန်စစ်အတွင်းမှ အမျိုးသမီးများ၏ အခန်း ကဏ္ဍ၊ နိုင်ငံတကာမှ မြန်မာ့နိုင်ငံရေးအပေါ်အလေးထားမှုအခြေအနေများနှင့် တိုင်းရင်းသား မီဒီယာများ၏ အာ ဏာသိမ်းကာလ စိန်ခေါ်မှု၊ အခက်အခဲများနှင့် သက်ဆိုင်သောသုတေသနစာတမ်းများအား အွန်လိုင်းဖြင့်ဖြစ်စေ ပုံနှိပ်၍ဖြစ်စေ ရေးသားဖြန့်ဝေခဲ့ပြီး လက်ရှိတွင် ၂၀၂၂-၂၃ ခုနှစ် ငြိမ်းချမ်းရေး လုပ်ငန်း စဥ်ဆိုင်ရာ စာတမ်းထုတ် ဝေရန် ပြင်ဆင်နေသည် BNI ဆိုသည်။

Most read this week

November 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၅)၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ခေါပုတ်...
October 31, 2024
ထိုင်းနိုင်ငံအတွင်း နေထိုင်သည့်တိုင်းရင်းသားလူမျိုးစုများအပါအဝင် အထောက်အထားရှိပြီး နှစ်ရှည်ကြာ...
October 31, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၁)/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ကျောက်ပုံ၊...
October 30, 2024
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူးစောမုတ်သုန်၊...