သိမ်ဇရပ်တွင် စစ်ကောင်စီတပ်သားနှင့် ဆိုင်ကယ်မတော်တဆဖြစ်သူကို တပ်တွင်းသို့ ခေါ်ယူသတ်ဖြတ်

သိမ်ဇရပ်တွင် စစ်ကောင်စီတပ်သားနှင့် ဆိုင်ကယ်မတော်တဆဖြစ်သူကို တပ်တွင်းသို့ ခေါ်ယူသတ်ဖြတ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် စစ်ကောင်စီတပ်၏ အမတ (၃၁၀) က အရပ်သား တစ်ဦးအား တပ်တွင်းသို့ ခေါ်ဆောင်သွားကာ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အသက် ၂၅ နှစ်အရွယ် မောင်ချစ်လေးနှင့် သိမ်ဇရပ်အခြေစိုက် အမတ (၃၁၀) မှ စစ်ကောင်စီတပ်သား တစ်ဦးတို့ ဆိုင်ကယ်ချင်းချိတ် မိရာမှ မတော်တဆဖြစ်ပွားခဲ့ရာ ဖြစ်စဉ်ဖြစ်ပွားပြီး ၁၅ မိနစ်ခန့်အကြာတွင် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာပြီး မောင်ချစ်လေးအား ဆိုင်ကယ်နှင့်အတူ တပ်တွင်းသို့ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းအရင်းအမြစ် က ပြောသည်။

“ဈေးကနေ အထုတ်နှစ်ထုပ် ဆိုင်ကယ်ပေါ်တင်ပြီးထွက်လာတာ။ ကားဂိတ်လမ်းလမ်းဆုံမှာ မတော်တဆ ဖြစ်ပြီး မောင်ချစ်လေးက တောင်းပန်သေးတယ်။ တဖက်က ဖုန်းပဲဆက်နေပြီး နောက် ၁၅ မိနစ်လောက် နေတော့ စစ်သားတွေ ရောက်လာပြီး တပ်ထဲခေါ်သွားတာ။ နောက်တရက်ကျတော့ အလောင်းလာထုတ် ခိုင်းတယ်” ဟု ဒေသတွင်း သတင်းအရင်းအမြစ်က မဇ္ဈိမကိုပြောသည်။

ယာဉ်မတော်တဆမှုမှာ သိမ်ဇရပ်မြို့၊ ကားဂိတ်လမ်းဆုံတွင် ဇူလိုင်လ ၁၈ ရက်နေ့၊ နံနက် ၁၁ နာရီခွဲအချိန်ခန့်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆိုင်ကယ်ဖြင့်ချိတ်မိသည့် စစ်ကောင်စီတပ်သားသည် မည်သည့်အဆင့် ရာထူးရှိသည်ကို မသိရသော်လည်း ဈေးဝထိပ်တွင်ရှိသည့် ကားဂိတ်လမ်းဆုံတွင် ဖြစ်ပွားခဲ့သောကြောင့် မျက်မြင်သက်သေများရှိကြောင်း ၎င်း သတင်းအရင်းအမြစ်က ဆက်ပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့တွင် တပ်တွင်းသို့ခေါ်ဆောင်သွားပြီးနောက် ဇူလိုင် ၁၉ ရက်နေ့ နံနက်ပိုင်းတွင် သိမ်ဇရပ် တိုက်နယ်ဆေးရုံအုပ် ဒေါက်တာမြတ်ဆုဝေ၏လက်မှတ်ဖြင့် အမတ(၃၁၀)မှ အလောင်းလာ ရောက်ထုတ်ယူရန် မိသားစုထံသို့ အကြောင်းကြားစာပို့ခဲ့သည်။

သေဆုံးသူ မောင်ချစ်လေး၏ ခန္ခာကိုယ်တွင် ခေါင်းပိုင်း ညိုမဲစွဲဒဏ်ရာ၊ နှုတ်ခမ်းကွဲဒဏ်ရာ၊ လည်ပင်း နှင့်ကုတ်ပိုး ညိုမည်းစွဲဒဏ်ရာ၊ ဦးခေါင်းဒဏ်ရာများ တွေ့ရှိရကြောင်း သတင်းအရင်းအမြစ်က ပြောသည်။

အလောင်းသွားရောက် ထုတ်ယူရာတွင် စစ်ကောင်စီ၏ အမတ (၃၁၀)သို့ ငွေကျပ် ၂၀၀,၀၀၀ ပေးခဲ့ရပြီး သေဆုံး သူ မောင်ချစ်လေး၏ ဆိုင်ကယ်နှင့် အထုပ်နှစ်ထုပ်ကို ပြန်မပေးကြောင်း မိသားစုနှင့်နီးစပ်သူ တစ်ဦးက ပြော သည်။

“ပိုက်ဆံက စစ်တပ်က တောင်းတာ။ ဆိုင်ကယ်နဲ့ ဈေးထုပ်တွေလည်း ပြန်မပေးဘူး။ ကာယကံရှင်ကိုလည်း ဆက် မမေးရက်တော့ဘူး။ သူလည်း ကြောက်နေတာ” ဟု ပြောသည်။

မောင်ချစ်လေးသေဆုံးသွားကြောင်း အကြောင်းကြားစာ၌ ဇီးပြောင်း (၁) ကျေးရွာနေထိုင်သူဟု ဖော်ပြထားရာ အမှန်မှာ ၎င်းသည် ချောင်းစောက်ကျေးရွာတွင် နေထိုင်သည့် သာမာန်အရပ်သား တစ်ဦးသာဖြစ်သည်။

သိမ်ဇရပ်တွင် စစ်ကောင်စီတပ်က အရပ်သားများအားတပ်တွင်းသို့ ခေါ်ယူသတ်ဖြတ်ခြင်းဖြစ်စဉ် နှစ်ကြိမ် ရှိပြီ ဖြစ်ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း ရွှေကျင်မြို့နယ်၊ ဆိပ်ကလေးကျေးရွာနေ ကိုကျော်ဇင်လတ်သည် ခရီးသွားလာရင်း အမတ (၃၁၀) ရှေ့တွင် ဈေးဆိုင်ဖွင့်ထားသည့် တပ်ကြပ်ကြီး ဦးတင့်ရွှေ (ငြိမ်း) ၏ ချွေးမဖြစ်သူ မဥမ္မာနှင့် ဈေးဝယ်ရင်း စကားများရန်ဖြစ်ရာမှ စစ်ကောင်စီတပ်သားများက တပ်တွင်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ သည်။

ထို့နောက် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကိုကျော်ဇင်လတ် သေဆုံးကြောင်း အကြောင်းကြား စာပို့ခဲ့ကြောင်း၊ ၎င်းအကြောင်းကြားစာတွင် ကိုကျော်ဇင်လတ်မှာ အရက်အလွန်အကျွံ သောက်သုံးသဖြင့် သေဆုံးကြောင်း ဖော်ပြထားသော်လည်း သေဆုံးသူ၏ ခန္ဓာကိုယ်တွင် ရိုက်နှက်ခံထားရသည့် ညိုမဲစွဲဒဏ် ရာများတွေ့ရကြောင်း ဒေသခံများက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က အရပ်သား ၃၈၁၀ ဦး သတ်ဖြတ်ခံခဲ့ရပြီး ဇူလိုင်လ ၁၉ ရက်နေ့ အထိ မွန်ပြည်နယ်တွင် စစ်ကောင်တပ်စီကြောင့် အရပ်သား ၆၇ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ ထုတ်ပြန်ထားသည်။

Most read this week

အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့  (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)
November 21, 2024
၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက...
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား။(ပုံ- ဒေါနတပ်ရင်း)
November 19, 2024
စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကြောင့် စစ်မှုထမ်းခဲ့ရသည့် ရဲဘော်ခြောက် ဦး...