ကလေးမြို့နယ်က ကျောင်းတွေမှာ ဆရာ/ဆရာမ လုံလောက်မှု မရှိဘူးဟု မိဘများပြော

ကလေးမြို့နယ်က ကျောင်းတွေမှာ ဆရာ/ဆရာမ လုံလောက်မှု မရှိဘူးဟု မိဘများပြော

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ထဲက ကျောင်းတွေမှာ ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ကျောင်း ဆရာ/ဆရာမ လုံလောက်မှုမရှိဘဲ တချို့စာသင်ခန်းမှာ စာသင်ကြားပေးမယ့် ဆရာ/ဆရာမတွေတောင် လုံးဝ မရှိဘူးလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

ဆရာ/ဆရာမ လုံလောက်မှုမရှိလို့ တချို့စာသင်ခန်းတွေမှာ ဝင်ရောက်သင်ကြားပေးမယ့်သူတောင် မရှိဘူးလို့ ဆိုကြပါတယ်။

အခုလို ဆရာ/ဆရာမ လိုအပ်ချက် မြင့်မားနေတဲ့ကျောင်းမှာ ပထမတန်း Grade -1 အတန်းမှာ အခန်း ပေါင်း (၆) ခန်းရှိပြီး စာသင်ကြားပေးမယ့် ဆရာ/ဆရာမ (၄) ယောက်သာရှိတာကြောင့် အခန်းတိုင်း အချိန်ပြည့် စာသင် ကြားနိုင်ခြင်း မရှိဘူးလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

ကျောင်းသားမိဘတစ်ယောက်က “အခန်းက(၆)ခန်းရှိတယ်၊ အဲ့မှာ (E) ခန်းနဲ့ (F) ခန်းမှာ အတန်းပိုင်လည်း မရှိဘူး။ စာသင်မဲ့သူလည်း မရှိဘူးပေါ့။ တစ်ခါတစ်လေ ဘေးအခန်းက အားတဲ့ ဆရာမက လာသင်ပေးပေမယ့် နေ့တိုင်း တော့ သူတို့မသင် ပေးနိုင်ဘူး”လို့ ပြောပါတယ်။

အခုလို ဆရာ/ဆရာမ လိုအပ်ချက်ကြောင့် စာမသင်နိုင်တဲ့ အခန်းထဲက ကျောင်းသား/ကျောင်းသူတွေဟာ နေ့တိုင်း  ပုံမှန် စာသင်ကြားခွင့် မရတာတွေကြောင့် စိတ်ဓာတ်ကျပြီး ကျောင်းမတက်ချင်တဲ့ စိတ်တွေ ရှိလာ တယ်လို့ ဆိုကြပါတယ်။

“တစ်ခါသွားလည်း ဆရာမက စာလာမသင်ဘူး။ နေ့တိုင်းဖြစ်လာတော့ ကလေးတွေက ကျောင်းမတက်ချင်ကြ တော့ဘူး။ ကျောင်းကို မသွားချင်ကြတော့တာ။ အဲ့လိုမျိုး စိတ်တွေ ဖြစ်လာတယ်ပေါ့။ အဲ့လိုမျိုးဖြစ်တော့ မကောင်းဘူးပေါ့နော်။ သူတို့ပညာရေးမှာ အဟန့်အတား ဖြစ်သလို သူတို့ စိတ်ထဲမှာ ခံစားကြတယ်” လို့ ကျောင်း သား မိဘ တစ်ယောက် ဆက်ပြောပါတယ်။

အခုလို ကလေးမြို့နယ်မှာ ကျောင်းဆရာ/ဆရာမ လိုအပ်ချက်တွေရှိနေတာနဲ့ပတ်သက်လို့ မြို့နယ်ပညာရေးမှူး က ”ကျောင်းမဖွင့်နိုင်တဲ့ ကျောင်းက ဆရာ/ဆရာမတွေကို ကျောင်းဖွင့်တဲ့ ကျောင်းတွေမှာ တွဲပြီးတော့ အတက်နိုင် ဆုံး အစားထိုးပြီးတော့ပေါ့။ စာသင်ခိုင်းတာရှိတယ်” လို့ ပြောပါတယ်။

ကလေးမြို့နယ်ထဲ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ကိုယ်ပိုင်ကျောင်း အပါအဝင် ကျောင်းပေါင်း (၈၂) ကျောင်း ဖွင့် လှစ်နိုင်ခဲ့ပြီး ဇွန်လ (၅) ရက်နေ့က မြို့နယ်ပညာရေးမှူး ရုံးရဲ့စာရင်းပြုစုချက် အရ ကျောင်းတက်တဲ့သူ ကျောင်းသူ ကျောင်းသား ၂သောင်း နီးပါးရှိနေပါတယ်။

ယခင် ပညာသင်နှစ်ထက် ကျောင်းတက်သူ ကျောင်းသူ/ကျောင်းသား ဦးရေ ထက်ဝက်ကျော် များလာတဲ့ ပမာဏဖြစ်တယ်လို့ မြို့နယ်ပညာရေးမှူး ရုံးရဲ့စာရင်းပြုစုချက်ကို ကိုးကားပြီး နီးစပ်သူတွေက ပြောပါတယ်။

Most read this week

October 28, 2024
ချင်းပြည်နယ် ဖလမ်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) အကြား...
October 28, 2024
ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုခံရတာအများဆုံးကြုံ...
October 25, 2024
ဇိုလဲန်းပြည်သူ့ရဲ့တပ်ဖွဲ့ (People’s Police Force-Zoland) နဲ့ ပူးပေါင်းပြီး တီးတိန်မြို့နယ်ထဲမှာ...
October 11, 2024
ယခု ၂၀၂၄ ခုနှစ်အတွင်းတီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့မှာ ဘိန်းစိုက်ပျိုးမှု...