ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသတွင် မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေ ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ကာ တောင်ဒီကျေးရွာနေ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးပြီး စစ်ရှောင်အချို့လည်း နေရာထပ်မံပြောင်းရွေ့နေထိုင်ရသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ ရေနစ်သေဆုံးသည့် အသက် ၃ နှစ်အရွယ် နန်းအဲမူးသည် ၎င်းတို့၏မိဘနှင့်အတူ နေထိုင်သည့် လယ်ထဲရှိ တဲအနီးတွင် ယမန်နေ့ ဇူလိုင်လ ၁၈ ရက်နေ့၊ ညနေပိုင်းတွင် ရေထဲသို့ပြုတ်ကျကာ ရေနစ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဒေသခံများက ဝိုင်းဝန်းရှာဖွေသော်လည်း ယနေ့ နံနက်ပိုင်းအချိန်မှ အလောင်းကို ပြန်လည်တွေ့ရှိခဲ့ သည်ဟု တောင်ဒီကျေးရွာနေ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“မနေ့က မိုးကလည်း အဆက်မပြတ်ရွာတော့ တောင်ကျရေကြောင့်လည်း ပါတယ်။ တောင်ကျရေက ရေစီး အရမ်းကြမ်းတော့ ကလေးက မိဘတွေ သတိမထားတဲ့အချိန်မှာ ရေနစ်တာ။ ရေစီးကြမ်းတော့ မနေ့က လိုက်ရှာ တာမတွေ့ဘူး။ ဒီမနက်မှ အလောင်းပြန်ပေါ်တယ်” ဟု ကေအိုင်စီသို့ပြောသည်။
ဝင်းရော်ဒေသအတွင်း ယမန်နေ့ ဇူလိုင်လ ၁၈ရက်နေ့က စပြီး အဆက်မပြတ် မိုးရွာသွန်းနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ယခုနှစ် တောင်ကျရေသည် ပြီးခဲ့သည့် နှစ်ထက် ရေပိုမိုကြီးကာ ရေစီးသန်သည့်အတွက် ဒေသအတွင်းရှိ လယ်ယာများ၊ မွေးမြူရေးခြံများနှင့် ဥယျာဉ်ခြံအချို့ ထိခိုက်ပျက်ဆီးမှုများ ရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။
ထို့အပြင် အဆိုပါဒေသရှိ ခလယ်-တံခွန်တိုင်နှင့် ပူးလိန်ကျေးရွာအနီးတွင်လည်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားကာ ဒေသခံ အများအပြား စစ်ရှောင်နေရသည့် အချိန်ဖြစ်ရာ ယခုကဲ့သို့ ရေကြီးလာသည့်အတွက် စစ်ရှောင်အချို့ သည် နေထိုင်စရာ နေရာ အခက်အခဲရှိလာ၍ နေရာ ထပ်မံပြောင်းရွှေ့ နေကြရသည်ဟု ဒေသခံ စစ်ရှောင်များက ဆိုသည်။
ဒေသခံ စစ်ရှောင်တစ်ဦးက ”စစ်ရှောင်နေရတဲ့အပြင် ရေဘေးပါကြုံနေရတယ်။ လယ်တောစပ်ခိုနားမှာ စစ်ရှောင် နေတဲ့ စစ်ရှောင်တွေ ပြောင်းရွှေ့နေကြ ရတယ်။ နေရာပြောင်းတယ်ဆိုတာက ရွာအပြင်မှာ စစ်ရှောင်တဲ့ သူတွေ က ရွာထဲကို ပြန်လာပြောင်းနေရတယ် အဲလိုပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့က စတင်၍ ခလယ်-တံခွန်တိုင်နှင့် ပူးလိမ်ကျေးရွာအနီးတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်ပြီး အရပ်သား ၂ ဦး ထိခိုက်သေဆုံးခဲ့သည့် အပြင် ဒေသခံများကို စစ်ကောင်စီက ပေါ်တာအဖြစ် လိုက်ဖမ်းသည့်အတွက် ခလယ်၊ တံခွန်တိုင်၊ နန်းသိုင်းထွန်၊ ပုလိန်၊ နောင်းဒေ့၊ တံခွန်တိုင်ရွာလေး၊ မြို့ဟောင်း၊ ခလယ်ရွာလေးနှင့် ဘုရားငါးဆူ ကျေးရွာနေ ထောင်နှင့်ချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြရသည်။
ယမန်နေ့က စတင်၍ တောင်ကျရေကြောင့် ဒေသအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့်အတွက် နှစ်ဖက် တိုက်ပွဲများ ပြန်လည်ငြိမ်သွားသော်လည်း စစ်ကောင်စီဘက်မှ ဆက်လက် တပ်စွဲနေထိုင်သောကြောင့် တိုက်ပွဲ နေဖြစ်သည့် အဆိုပါ ကျေးရွာများတွင် သတိနှင့် သွားလာနေထိုင်ရသည်ဟု ဒေသခံများက ဆိုသည်။