ဖမ်းမိထားသော ရိုဟင်ဂျာ ၃၀၀ ကျော်ကို ထောင်ဒဏ် အမိန့်များ ချမှတ်

ဖမ်းမိထားသော ရိုဟင်ဂျာ ၃၀၀ ကျော်ကို ထောင်ဒဏ် အမိန့်များ ချမှတ်

ဧရာဝတီတိုင်းတွင် ရိုဟင်ဂျာ အမျိုးသမီးများနှင့် ကလေးများ အပါအဝင် ၆ လ အတွင်း ဖမ်းဆီး ရမိထားသူများ အနက်  ၃၀၀ ကျော်ကို စစ်ကောင်စီက ထောင်ဒဏ် အသီးသီး ချလိုက်ပြီးပြီဟု ဧရာဝတီ မြန်မာ မူဆလင်ကွန်ရက် တာဝန်ရှိသူများက ပြောသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၃၀ ရက်နေ့အထိ ဧရာဝတီတိုင်းအတွင်းကို နယ်မြေဖြတ်ကျော် ဝင်ရောက် လာ သဖြင့် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ အမျိုးသမီး၊ အမျိုးသား ၄၅၇ ဦး အနက် ၃၂၅ ဦးကို စစ်ကောင်စီ၏ သက် ဆိုင်ရာ တရားရုံးများက လဝက မှတ်ပုံ ပုဒ်မ ၆(၃) ဖြင့် အမိန့်ချလိုက်ခြင်း ဖြစ်သည်။

“အရင် ဒီချုပ် အစိုးရ လက်ထက်က စစ်ဆေးပြီး နေရပ်ပြန်ပို့တယ်။ အခု အာဏာသိမ်း စစ်ကောင်စီက ထောင် ချတယ်။ အဖမ်းခံရတဲ့ သူတွေဆီက သိမ်းယူတဲ့ဖုန်းတို့ ငွေတို့ကို သက်ဆိုင်ရာကို မအပ်တာလည်းရှိတယ်” ဟု ဒေသခံ မြန်မာ-မူဆလင် လူငယ်တစ်ဦးက ပြောသည်။

လဝက မှတ်ပုံတင် ပုဒ်မ ၆(၃) ဖြင့် တရား စွဲဆိုခံခဲ့ရပြီး အချို့ကို ထောင်ဒဏ် ၂ နှစ်စီနှင့် အချို့ကို ထောင်ဒဏ် ၅ နှစ်စီချကာ ဧရာဝတီတိုင်း အတွင်းက  သက်ဆိုင်ရာ အကျဉ်းထောင်အသီးသီးတွင် ထားရှိသည်။

ထို့အပြင် အသက် ၁၈ နှစ် မပြည့်သေးသူများကိုမူ လူငယ်ပြုပြင် ထိန်းသိမ်းရေး သင်တန်းကျောင်းကို ပို့ထား သည်ဟု ဆိုကြသည်။

ဧရာဝတီတိုင်းထဲကို ဝင်ရောက်လာ၍ ဖမ်းဆီး ထောင်ချခံရသည့် ရိုဟင်ဂျာများမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတော၊ စစ်တွေ၊ ကျီးကန်းပြင် စသည့် ဒေသများအတွင်းရှိ ကျေးလက်ဒေသများတွှု် နေထိုင်သူများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများမှ ထွက်ခွာလာသူများ ဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူများက ပြော သည်။

ဖမ်းဆီးရသူများထဲ အချို့ ရိုဟင်ဂျာများမှာ တဖက်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်က ဖြစ်ပြီး မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန် အလုပ်ပွဲစားများက ရေလမ်းမှ ပို့ဆောင်ပေးစဉ် မြန်မာ့ ပင်လယ်ပြင် ကမ်းရိုးတန်း အနီးဝန်းကျင် ၌ စစ်ကောင်စီ၏ ရေတပ်က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ပင်လယ်ရေလမ်းကြောင်းမှ လာသည့်အချို့ ရိုဟင်ဂျာမှာ စက်လှေနစ်မြုပ်သဖြင့် သေဆုံးသူများ ရှိသကဲ့သို့ ကြံခင်းမြို့နယ်ဖက် ကုန်းလမ်းမှ ဝင်ရောက်လာသည့် ရိုဟင်ဂျာ အချို့မှာမူ စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး သဖြင့် သေဆုံးသူများလည်း ရှိခဲ့သည်ဟု ဖမ်းဆီးခံ ရိုဟင်ဂျာများအား လူမှုအကူအညီများ ပေးသည့် အဖွဲ့အစည်း အချို့က တာဝန်ရှိသူများက ပြောသည်။

ဧရာဝတီ မြန်မာ-မူဆလင် ကွန်ရက် အဖွဲ့တစ်ဦးက “သူတို့တွေ(ရိုဟင်ဂျာ)က ရခိုင်ပြည်နယ်က မြန်မာနိုင်ငံသား တွေ အများစုပါ စားဝတ်နေရေးအတွက် အလုပ်လုပ်ဖို့ မွေးရပ်မြေ ကိုစွန့်ခွါလာသူပါ။ အဲ့ဒါ ဖမ်းခံရပြီးထောင် ချခံရတယ်။ နိုင်ငံသား အခွင့်အရေး လူအခွင့်အရေးတွေ ဆုံးရှုံးနေသူတွေပါ။ လူကုန်ကူးခံနေရတယ်” ဟု ပြော သည်။

ဧရာဝတီတိုင်းသည် ရခိုင်ပြည်နယ်နှင့် ရေလမ်း၊ ကုန်းလမ်း နယ်နမိတ် ထိစပ်နေပြီး ရခိုင်ပြည်နယ်နှင့် ဘင်္ဂလား ဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာများမှာ ပုသိမ်၊ ချောင်းသာ၊ ရွှေသောင်ယံ၊ ငရုတ်ကောင်း၊ ဟိုင်းကြီး၊ ငပုတော၊ ဘိုကလေး၊ မြောင်းမြ၊ ဝါးခယ်မ၊ ရေကြည်၊ ကြံခင်း၊ သာပေါင်း မြို့နယ်တို့ကို မကြာခဏ နယ်မြေဖြတ်ကျော် လာကြသည် ဟု လဝက ဦးစီးဌာန အရာတစ်ဦး က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တုန်းကလည်း ဧရာဝတီတိုင်းအတွင်းကို နယ်မြေဖြတ်ကျော် ဝင်ရောက်လာသည့် ရိုဟင်ဂျာ အမျိုးသား၊ အ မျိုးသမီး၊ ကလေး စုစုပေါင်း အယောက် ၇၀၀ ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး လဝက ဥပဒေပုဒ်မနှင့် တရားစွဲကာ ထောင်ဒဏ်များ ချမှတ်ခဲ့သည်ဟု တိုင်းတရားရေး ဦးစီးဌာန အသိုင်းအဝိုင်းနှင့် နီးစပ် သူများ၏ ပြောပြချက်အရ သိရသည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...