လက်နက်ကြီး ပစ်ခတ်သဖြင့် ဖြူးမှ မုန်းဘက်သို့ စစ်ရှောင်လာသူ နှစ်ရာဝန်းကျင် ရှိလာ

လက်နက်ကြီး ပစ်ခတ်သဖြင့် ဖြူးမှ မုန်းဘက်သို့ စစ်ရှောင်လာသူ နှစ်ရာဝန်းကျင် ရှိလာ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ကညင်ဒိုင်းကျေးရွာနှင့် ငှက်ပျောတောကျေးရွာ တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြစ်အရှေ့ဘက်ကမ်းရှိ မုန်းမြို့နယ်ဘက်သို့ စစ်ရှောင် လာသူ ၂၀၀ ဝန်းကျင် ရှိလာပြီဖြစ်ကြောင်း မုန်းမြို့ခံများက ပြောသည်။

စစ်ကောင်စီတပ်များသည် ဒေသအတွင်း ထိတွေ့ပစ်ခတ်မှုနှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ညောင်ပင်သာမှ သုံးခွ ဘက်သို့ စစ်ကြောင်းဆင်းလာပြီး လက်နက်ကြီးများဖြင့် ကျေးရွာများဘက်သို့ တမင်ရည်ရွယ်ကာ ပစ်ခတ်ခြင်း ဖြစ်သလို လက်ရှိ ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရှိရသေးကြောင်း စစ်ဘေးရှောင်များက ပြောဆိုကြသည်။

စစ်ရှောင်ဒေသခံတစ်ဦးက “လက်နက်ကြီးပစ်တဲ့အသံကို သုံးခွဘက်ကနေ ကြားရတာပါ။ ကျတာတော့ ကညင် ဒိုင်းနဲ့ ငှက်ပျောတော အနီးပတ်ဝန်းကျင်မှာ ကျတယ်။ မနက်ကဖြစ်ဖြစ်ချင်း သူပြေးကိုယ်ပြေး ပြေးရတော့ ရွာ မှာ ထိခိုက်မှု ဘယ်လောက်ထိ ရှိသလဲဆိုတာ သတိမထားမိဘူး” ဟု ပြောသည်။

ဇူလိုင်လ ၁၂ ရက်နေ့ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများမှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရခြင်း ဖြစ်သည်။

ထိုသို့ နေရပ်စွန့်ခွာ ထွက်ပြေးရလာသူများထဲတွင် အမျိုးသမီးနှင့် ကလေးသူငယ်က အများစုဖြစ်ပြီး သက်ကြီး ရွယ်အို အမျိုးသားများလည်း ပါဝင်သည်ဟု ကရင်အရပ်ဘက် အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်များက ပြောသည်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက “သန်သန်မာမာ အမျိုးသားတွေကျတော့ ပစ္စည်းစောင့် ဘာညာအတွက် ကျန်နေ ခဲ့ ကြတယ်။ လောလောဆယ် ကျနော်တို့ အဖွဲ့ကပဲ စစ်ရှောင်တွေ ကမ်းကူးလာတယ်ဆိုတာ ကြားကြားချင်း သွား ကြည့်ပြီး နေရာထိုင်ခင်းလေး စီစဥ်ထားပေးတယ်။ နာမကျန်းဖြစ်တဲ့သူတွေ ပါ မပါ ပြောမလာကြသေးဘူး။ လက်ရှိ စာရင်းလိုက်ကောက်ထားတာတော့ နှစ်ရာကျော် ဆိုပေမယ့် ဒီထက် ပိုများနိုင်သေးတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၁၆) ရက်နေ့ကလည်း ဖြူးမြို့နယ်နှင့် မုန်းမြို့နယ်အတွင်းရှိ စစ်တောင်းမြစ်တစ်လျှောက်မှ ကျေးရွာများသို့ စစ်ကောင်စီက ကားပေါ်တွင် လက်နက်ကြီးများ တင်ဆောင်ကာ လိုက်လံ ပစ်ခတ်ခဲ့သော ကြောင့်‌ ဒေသခံ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

ထို့အတူ မုန်းမြို့နယ် အပါအဝင် ညောင်လေးပင်ခရိုင်အတွင်း စစ်ရေးပဋိပက္ခများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများ၊ လေကြောင်းသုံးတိုက်ခိုက်မှုများကြောင့် ဒေသခံ အများအပြား နေရပ်ရွှေ့ပြောင်းကာ စစ်ဘေးရှောင် နေရဆဲဖြစ်သလို ယခု ၂၀၂၃ နှစ်ဝက် ကာလအထိ ညောင် လေးပင် ခရိုင်တစ်ခုတည်းတွင် စစ်ဘေးတိမ်းရှောင်ရသူ တစ်သိန်းခွဲကျော်အထိ ရှိလာကြောင်း ကရင် အရပ် ဘက် အဖွဲ့အစည်းများ၏ စာရင်းပြုစုချက်အရ သိရသည်။

November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...