လီဒိုလမ်းတွင် ဓါတ်ဆီရောင်းသူများ ဖမ်းခံရ

လီဒိုလမ်းတွင် ဓါတ်ဆီရောင်းသူများ ဖမ်းခံရ

ကချင်ပြည်နယ်၊ လီဒိုလမ်းမပေါ်တွင်ရှိသည့် တနိုင်းမြို့တွင် စက်သုံးဆီများ ပြတ်နေပြီး ရောင်းချပေးနေသူများ အား စစ်ကောင်စီက ဖမ်းဆီးနေသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၈ ရက်နေ့မှ စတင်၍ ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့အထိ တနိုင်းမြို့အတွင်း ဆီရောင်းချပေးနေသူများကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံ အမျိုးသားတစ်ဦးက “ဆီဈေးကတော့ အစမတန် တက်တယ်။ အခုဆို ဆီဆိုင်တွေပါ မရောင်းခိုင်းဘူး။ ရောင်းရင် ဖမ်းတယ်တဲ့။ ဆီပြတ်တာက ကြာပြီ။ ဖမ်းတာက စနေနေ့က စတယ်။ မောင်ခိုရောင်းဝယ်မှု ရှိတယ်။ ၁ လီတာ ၁ သောင်း၊ ၁ ဂါလံဆို ၆ သောင်း” ဟု ပြောသည်။

လက်ရှိတွင်း စက်သုံးဆီများကို မှောင်ခိုရောင်းဝယ်နေကြရပြီး ဓါတ်ဆီရောင်းချပေးမည့်သူပင် မရှိတော့ဘူးဟု ဒေသခံများက ပြောသည်။

တနိုင်းမြို့တွင် လတ်တလော ဓါတ်ဆီတစ်ဂါလံကို ကျပ် ၆သောင်းစျေးဖြင့် ခိုးဝယ်ကာ သုံးနေကြရသည်ဟု ဒေသခံများက ပြောသည်။

တနိုင်းဒေသခံတစ်ဦးက “ဆီက ဒီဘက်မှာကမရောင်းဘူး။ မှောင်ခို ရောင်းနေကြတာ နွေရာသီလောက်ကနဲ့ အောင်းထားတဲ့ဟာ ဟိုကြိုကြား ဒီကြိုကြားကနေ အဲ့မျိုးကနေ ဝယ်နေကြတာ။ မှောင်ခိုဆိုပေမဲ့ ပေါ်တင်ကြီး ရောင်းလို့မရဘူး လိုက်ဖမ်း တာ ကြီးကို။ မသိဘူး သူတို့ဖမ်းချင်လို့ ဖြစ်မှာတော့ ဆီရောင်းရင်ဖမ်းတယ်။ အခု လောလောဆယ်က မြို့ပြင်က တိုင်းကျော်ဆီဆိုင်မှာ သွားဝယ်ကြတာ။ ရဲတွေဖမ်းတာ ရဲတွေရော စစ်သားတွေ ရော ဖမ်းတာ။ ဟိုတလောက ဆို ရင် ဆိုင်ကလေးမှာ ဆိုင်ကယ်နဲ့ ဆီသွား ဖြည့်ဖြည့်တာ လိုက်ဖမ်းလို့ဆိုပြီး အနောက်မှာ ပြန်ပြန်သိမ်းရတာ။ စိတ်တောင်ညစ်တယ်။ ဆီသွားဝယ် ရင်တော့ မရောင်းပေးဘူး” ဟု ပြော သည်။

တနိုင်းမြို့တွင်း စက်သုံးဆီအရောင်းဆိုင်များ ပိတ်ထားသည်မှာ ရက်သတ္တပတ် တစ်ပတ်ကျော်ရှိလာပြီ ဖြစ်ပြီး လက်ရှိတွင် ဈေးနှုန်းများ မြင့်တက်နေသည့်အပြင် စက်သုံးဆီ ဝယ်ယူရရှိဖို့လည်း ခက်ခဲနေသည်ဟု ဒေသခံ များက ပြောသည်။

၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းတုန်းကလည်း စစ်ကောင်စီက တနိုင်း-လီဒိုလမ်းတလျှောက်တွင် စက်ဆုံးဆီ သယ်ယူ ခွင့်ကို တင်းကြပ်ခဲ့ရာ ထိုချိန်ကလည်း ဒေသအတွင်း ဆီပြတ်လပ်မှုများရှိခဲ့သည်။ စက်သုံးဆီအပြင် ဆန်သယ်ယူ ခွင့်ကိုလည်း စစ်တပ်က တင်းကြပ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အခြေခံစားသောက်ကုန်များထဲက အဓိကဖြစ်သည့် ဆန်ဈေးနှုန်းများလည်း ၃ ဆခန့် တက်သွား ကြောင်း ဒေသခံတစ်ဦး က ပြောသည်။

“ဆန်ဈေး  ၁၃၀၀၀၀ ထိရောက်သွားပြီး။ အဲ့ဒါကတော့ မှတ်တမ်း တင်လောက်တဲ့ ဆန်ဈေး ဟုတ်တယ်။ အရင် ကတော့ တခါမှ အဲ့လောက်မရောက်ဖူးဘူး။ အရင်က ပုံမှန်က နိုင်ငံရေး အခြေအနေကောင်းတဲ့ အချိန်က ၃သောင်း ပတ်ဝန်းကျင်ပဲ ရှိတဲ့ဟာလေ။ အခုက တော်တော်တက်သွားတယ်။ အဲ့ဒီ အနေအထားရောက်နေတာ။ ကုန်ဈေးနှုန်းကတော့ အကျမရှိဘူး တရွေ့ရွေ့ပဲ တက်နေတာ” ဟု တနိုင်းဒေသခံ အမည်အဖော်လိုသူ ဒေသခံ က ပြောသည်။

ဓာတ်ဆီပြတ်လပ်မှုကြောင့် ဆိုင်ကယ်ဖြင့် အသုံးပြုသွားလာနေကြရသည့် အခြေခံ လူတန်းစားများမှာ လမ်း လျှောက်ကာ ခြေလျင် သွားလာနေကြရပြီး မြို့တွင်း ဆီဝင်ခွင့်ကို မြစ်ကြီးနားဘက်မှ သယ်ယူခွင့် ပိတ်ထားခြင်း ကြောင့် ယခုကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ဘာကြောင့်ပိတ်တယ် ဘာကြောင့်ဖြစ်တာလဲဆိုတာ ဘယ်သူ့ကို မေးလို့ မေးရမယ်ကို မသိ နေ တာ။ ကြာပြီး တော်တော်ကြာပြီး သုံးပတ် တစ်လတောင် ရောက်တော့ မလားမသိဘူး။ တစ်လနီးပါး ရှိတော့ မယ်။ လမ်းလျှောက် သွားရတဲ့အဆင့် ရောက်သွားတာပေါ့အေ၊ ဒီက ပိုဆိုးတာကတော့ ကိုယ်ဝန်ဆောင် အမျိုး သမီးတွေ ဘာတွေပေါ့နော်၊ ပုံမှန် ဆေးရုံဆေးခန်းသွားပြတာတို့ တော်တော်လေး ခက်နေတယ်။ ကျောင်းသွား ကျောင်းလာတွေတောင်မှ ဟိုကျောင်းနဲ့ဝေးတဲ့ နေရာမှာနေတဲ့ သူတွေတောင်မှ စက်ဘီးကလဲ မစီးတက် ကလေး တွေဆို ကျောင်းသွားပို့ဖို့ တောင်ခက်နေတာ။ မိဘက ကျောပိုးပြီးမှ ပို့ရတဲ့ အနေအထားရောက်နေတာ“ ဟု ပြော သည်။

စစ်ကောင်စီက စက်သုံးဆီနှင့် ဆန်သယ်ယူခွင့်တို့ကို ပိတ်ထားရခြင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ရိက္ခာဖြတ်တောက် ချင်သောကြောင့် ဖြစ်သည်ဟု ဒေသတွင်း သုံးသပ် ပြောဆိုနေကြသော်လည်း သီးခြား အတည်ပြုချက်ကိုမူ မရရှိသေးပေ။

ထို့အပြင် ဇူလိုင်လ ဒုတိယပတ်မှ စတင်၍ တနိုင်း - မြစ်ကြီးနား လီဒိုလမ်းပေါ်တွင် စစ်ကောင်စီ လက်အောက်ခံ ဦးမင်းဇေသန့် ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့နှင့် KIA တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျှက် ရှိ နေသည်။

အဆိုပါ တိုက်ပွဲများကြောင့် တနိုင်း-လီဒို ကားလမ်းမအား ပိတ်ထားလိုက်သည့်အပြင် ထိုတိုက်ပွဲ မဖြစ်ခင် ကာလ ကတည်းက တနိုင်းမြို့နယ်ဘက်သို့ ဆန်နှင့်ဆီ တင်ပို့ခွင့်ကို တင်းကြပ်ထားပြီး ရံဖန်ရံခါ ဝင်ခွင့်မပေးဘဲ ကန့်သတ် ပိတ်ပင်ခြင်း ဖြစ်သည်။

October 31, 2024
ကရင်နီပြည်တွင် ကယန်းအမျိုးသား တပ်မတော် (KNA) ကို ဖွဲ့စည်းထူထောင်လိုက်သည်။ ကယန်းအမျိုးသား...
October 30, 2024
စစ်အာဏာသိမ်း ကာလအတွ်း ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် နိုင်ငံရေးအကျဉ်းသား...
October 28, 2024
မိုးကုတ်မြို့ရှိ တစ်ပိုင်တစ်နိုင် ကျောက်မျက်တွင်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး...
October 28, 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းတောင်းနှင့် သစ်ပင်ကောက်ကျေးရွာကို ပြီးခဲ့သည့်...