ကရင်နီပြည်နယ်၊ မိုးဗြဲကနေ လွိုင်ကော်မြို့ကို မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကားတွေပေါ်ကနေ လမ်းမကြီးတစ်လျှောက် ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ ပြည်သူ ၃ ဦး သေဆုံးသွားခဲ့ပါတယ်။
ဇွန်လိုင်လ ၁၁ ရက်နေ့၊ နံနက်ပိုင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အခုလို အပြစ်မဲ့ ပြည်သူတွေ ထိမှန်သေဆုံးခဲ့ရတဲ့အပြင် ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးခဲ့ရတဲ့ ပြည်သူ ၃ ယောက်က လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာက အသက်မပြည့်သေးတဲ့ (၁၇) နှစ် အရွယ် အမျိုးသားတစ်ဦး၊ နွားလဝိုးဈေးမှ အမျိုးသားတစ်ဦး နဲ့ အမျိုးသမီး တစ်ဦးတို့ ဖြစ်ကြတယ်လို့ တိုးတက် သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) မှ တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။
တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF) မှ တာဝန်ရှိသူတစ်ဦး က “ကုန်းသာမှာ သေတဲ့တစ်ယောက် က တော့ ယောက်ကျားလေး ၁၇ နှစ် ပဲရှိသေးတယ်။ သူက လက်နက်ကြီး လက် နက်ငယ်သံတွေ ကြားတော့ သူက အုတ်တံတိုင်းနားမှာ သွားကပ်ခိုပုန်းနေတယ်။ အဲလို ပုန်းနေရင်းနဲ့ လက်နက် ကြီးသူ့ဘေးမှာ ကျပြီးတော့ ပွဲချင်း ပြီး သေဆုံးသွားတယ်။ နောက်ထပ် နွားလဝိုးဈေးက နှစ်ယောက်က အမျိုးသား တစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်ပေါ့။ ဈေးက လမ်းမကြီးဘေးမှာပဲလေ။ သူတို့ခါကျတော့ ကားပေါ်ကနေ ပစ်ချလာတာ ပြောတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးဗြဲကနေ လွိုင်ကော်ကို မသွားမီ မိုးဗြဲ အမြောက်တပ်နဲ့ လွိုင်ကော်အမြောက်တပ်ကနေပြီး လက်နက်ကြီးတွေနဲ့ ကြိုတင် ပစ်ခတ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ မကြာခဏဆိုသလို ကြားဖြတ် တိုက်ခိုက်ခံရတာကြောင့် အခုလို လမ်းမပေါ်သွားလာ ချိန်မှာ သူတို့ဖက်ကနေ အရင်ဆုံး ရမ်းသမ်း ပစ်ခတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ (PKPF) မှ တာဝန်ရှိသူက ဆက် ပြော ပါတယ်။
“ထင်တာကတော့ လူအင်အား၊ လက်နက်အင်အားတွေ ဖြည့်တင်းတာပေါ့နော်။ သူတို့က မကြာခဏ လမ်းမှာ ဖြတ်တိုက်ခံရတယ်ကော ကားတွေ ပစ်ခံရတော့ ဒီတခေါက်လည်း သူတို့ (စကစ) ထပ်ပစ်ခံရမယ်လို့ ယူဆတော့ သူတို့ (စကစ) အရင်ဆုံး ပတ်ရမ်းတာပေါ့။ သူတို့(စကစ) အရင်ဆုံး ဦးအောင်အရင်ပစ်တယ်၊ ရွာထဲမှာ သေနတ် တွေ လျှောက်ပစ်တာပေါ့နော်။ သူတို့ (စကစ) တွေက ထင်ယောင်ထင်မှားတွေ ဖြစ်ပြီး ပစ်တယ်လို့တော့ ကျတော်တို့က ထင်တာပေါ့နော်” လို့ သူက ပြောပါတယ်။
မိုးဗြဲမှ လွိုင်ကော်ကို မောင်းနှင်လာတဲ့ စစ်ကားက ၁၅ စီးလောက် ရှိတယ်လို့ ပြောဆိုကြပေမယ့် မျက်မြင် တချို့က စစ်ကား (၅) စီးကိုသာ တွေ့မြင်ရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည်မှာ စစ်ကောင်စီတပ်က အရပ်သားတွေ ရှိတဲ့နေရာတွေနဲ့ စစ်ရှောင်စခန်း နေရာတွေကို လေယာဉ်နဲ့ ဗုံကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီး ပစ်ခတ်တာတွေ နေ့စဉ်ရက်ဆက် လုပ်ဆောင် နေပါတယ်။