စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်တွင် ကလေးငယ် အပါအဝင် ၃ ဦးသေဆုံး

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်တွင် ကလေးငယ် အပါအဝင် ၃ ဦးသေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုန်းကျေးရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦး၊ နို့တိုက်မိခင်တစ်ဦးတို့အပြင် ၃ ဦး ထိမှန်သေဆုံးခဲ့သည်။

စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံးဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် တစ်ဦး၊  နို့တိုက်မိခင်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး တစ်ဦးမှာ ပြင်ထန်စွာ ဒဏ်ရာရရှိခဲ့သည်။

“စစ်အုပ်စုက အကြောင်းမဲ့ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်သွားပါတယ်။ ပြီးတော့ ၃ ကြိမ် လှည့်ပတ်ပြီး စက်သေနတ်နဲ့ ပစ်တယ်။ တိုက်ပွဲ မရှိဘဲ ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာကို အကြောင်းမဲ့ တိုက်ခိုက်သွားတာပါ”လို့ မင်းတပ်မြို့က ဒေသခံ တစ်ဦးက ပြောသည်။

ဇူလိုင်လ ၈ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် မင်းတပ်မြို့နယ်၊ မရှိန်းလှော်အုပ်စု၊ ဝုမ်းခုန်ကျေးရွာရှိ ပြည်သူ များနှင့် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သည့် နေရာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံး၊ အတွဲလိုက် ဗုံးသီး ၄ လုံး၊ ရော့ကတ်၊ ပွိုင့်ဖိုက်ကျည်များနှင့် လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မင်းတပ်မြို့ရှိ ခလရ (၂၇၄) တပ်မှလည်း လက်နက်ကြီး (၄) ချက်ဖြင့် ဝုမ်ခုမ်းကျေးရွာဘက်ကို ရမ်း သမ်း ပစ်ခတ်ခဲ့သည်ဟု မင်းတပ် - CDF က ဇူလိုင်၈ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၉ နှစ်ရွယ် မိန်းကလေး (၁) ဦး၊ အသက် (၃၀) နှစ်ရွယ် (၂လသား) နို့တိုက်မိခင် (၁) ဦး၊ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ စုစုပေါင်း ၃ ဦး ထိမှန် သေဆုံးခဲ့ပြီး အသက် (၄၅)နှစ်အရွယ် အမျိုးသားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြခြင်း ဖြစ်သည် ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကျေးရွာအတွင်းရှိ စာသင်ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့သည့်အပြင် အရပ်သားပြည်သူများ၏ နေအိမ် (၁၀) လုံးခန့်လည်း ထိမှန်ပျက်စီးသွားသည်ဟု ဆိုကြသည်။

လာရောက် တိုက်ခိုက်ခဲ့သော Pilot ၏ အမည်ကို တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကာ စုံစမ်းဖော်ထုတ်၊ တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က ထုတ်ပြန်သည်။

စစ်တပ်က အာဏာသိမ်းချိန်မှ စတင်၍ ၂၀၂၃ ခုနှစ် ဧပြီလကုန် အထိ ချင်းပြည်နယ်တွင် စစ်ကောင်စီက လေ ကြောင်း တိုက်ခိုက်မှု အကြိမ်ရေ ၇၇ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ချင်းအမျိုးသား ၆၄ ဦး သေဆုံးခဲ့သည်။

ထိုသို့ သေဆုံးသွားသူများထဲတွင် ၁၀ ဦးသာ ချင်းကာကွယ်ရေး တပ်ဖွဲ့ဝင်များ ဖြစ်ပြီး ကျန် ၅၄ ဦးမှာ သာမန် အရပ်သား ပြည်သူများဖြစ်ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်ထားသည်။

Most read this week

November 5, 2024
ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့၏ ...
November 4, 2024
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာစစ်ဘေးရှောင် ၁...
October 31, 2024
ချင်းပြည်နယ်တွင် အာဏာသိမ်း ၄ နှစ်နီးပါးအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့်...
October 30, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် အိမ်နီးချင်းနိုင်ငံများမှရောက်ရှိလာသော စစ်ဘေးရှောင်များအား...