ဖားဆောင်း၊‌ ဘောလခဲဖက်မှာ ထပ်မံတိမ်းရှောင်နေတဲ့ ဒေသခံတွေအတွက် အရေးပေါ် မိုးကာနဲ့ ခြင်တောင်လို အပ်နေ

ဖားဆောင်း၊‌ ဘောလခဲဖက်မှာ ထပ်မံတိမ်းရှောင်နေတဲ့ ဒေသခံတွေအတွက် အရေးပေါ် မိုးကာနဲ့ ခြင်တောင်လို အပ်နေ
Tun Myanmar Donation
Tun Myanmar Donation

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊ ကျောက်စုအုပ်စုဖက်မှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ဦးရေ (၈၀၀) အတွက် အရေးပေါ် မိုးကာ နဲ့ ခြင်ထောင်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

အခု အရေးပေါ် မိုးကာနဲ့ ခြင်ထောင်တွေ လိုအပ်နေတဲ့ စစ်ဘေးရှောင်တွေကတော့ ဇူလိုင်လ ဒုတိယပတ်အတွင်း တိမ်းရှောင်လာကြတဲ့သူတွေ ဖြစ်တယ်လို့ ကူညီပေးနေသူ ဦးဖိုးဇော်က ဆိုပါတယ်။

“လတ်တလော စားနပ်ရိက္ခာက သူတို့မှာရှိသေးတယ်။ နည်းနည်းပါးပါးပါလာတယ်။ ကျနော်တို့ တနေ့ကလည်း ကိုယ်တိုင်တွေ့တယ်။ တစ်ပတ်စာလောက်ပါတယ်။ အထူးသဖြင့် လက်ရှိက တောတောင်ထဲ နေဖို့က ခြင်က အရမ်းကိုက်တယ်။ မိုးတွင်း ကလည်း ဖြစ်တော့ ကျနော်တို့ ခြင်ဆေး သို့မဟုတ် ခြင်ထောင်တွေ အရမ်းအရေး ပေါ်လိုအပ်ပါတယ်။ သူတို့ သစ်ပင်အောက်တွေမှာ အိပ်ကြတော့ မိုးကာအရေးပေါ်လိုအပ်တယ်။ လတ်တလော ကတော့ မိုးကာနဲ့ ခြင်ထောင်နဲ့ အခြေခံကျတဲ့ နှာစီးချောင်းဆိုးပျောက်တဲ့ ဆေးဝါးတွေလိုတယ်။ စားနပ်ရိက္ခာ ပြတ်လပ်မှုအပိုင်းကတော့ တစ်ပတ်ကျော်ပြီဆိုရင် ကျနော့်အထင် စားနပ်ရိက္ခာပြတ်ပြီလို့ ထင်တယ်“ လို့ ဦးဖိုးဇော်က ပြောပြပါတယ်။

လက်ရှိအချိန်အထိ (ဇူလိုင်လ ၇ ရက်နေ့) ဖားဆောင်း၊ ဘောလခဲဖက် ဒေသခံတချို့ တိမ်းရှောင်နေကြဆဲ ဖြစ်ပြီး

(၃) ရက်အတွင်း စစ်ရှောင် ( ၂ )ထောင်နီးပါး ထပ်တိုးလာတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်လောက်ကတည်းက မော်ချီးဖက် နဲ့ နယ်စပ်ဖက် တိမ်းရှောင်နေကြတာလည်းရှိပြီး စစ်ရှောင်ဦး ရေ ငါးထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။

ဖားဆောင်းမြို့ အနီးတစ်ဝိုက်တွေမှာ ဇွန်လလယ်လောက် ကတည်းက စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုတွေရှိသလို ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေတာဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း စစ်ရေးခြေနေ တင်းမာနေဆဲဖြစ်တယ်လို့ ဖားဆောင်းဒေသခံတစ်ဦးက ပြောပါတယ်။

“အခုစစ်ရေးခြေနေက တင်းမာတာပေါ့နော။ ဖားဆောင်းတို့ မယ်စဲ့တို့ ၊ ဖားဆောင်းတံတားတို့ အဲပတ်ဝန်းကျင် မှာ။ ရွာသစ်အခြေနေကတော့ စစ်ကောင်စီဖက် စိုးမိုးမှုယူထားတယ်“ လို့ ဖားဆောင်း ဒေသခံတစ်ဦးက ပြောပါ တယ်။

လက်ရှိအချိန်ထိ ဒေသခံတွေ နေရပ်ပြန်နေတာတွေ မရှိသေးပါဘူး။

ဇွန်လ (၂၅)ရက်နေ့တုန်းက ဖားဆောင်းမြို့အနီး နန်းကစ်ကျေးရွာကို စစ်ကောင်စီလေကြောင်းနဲ့ ဗုံးကြဲခဲ့ရာ ပြည်သူ ၄ ဦး သေဆုံးခဲ့သလို လက်နက်ကြီးကြောင့်လည်း ပြည်သူ ၁ ဦး သေဆုံးတာတွေ ရှိခဲ့ပါတယ်။

ဒါအပြင် ဇူလိုင်လ အစောပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဘောလခဲ၊ ဖားဆောင်းမြို့နယ်အတွင်းမှာ စက်သုံးဆီ ပြတ်လပ်နေတယ်လို့ ဒေသခံတွေအခက်တွေ့နေကြပါတယ်။

လက်ရှိ ဓါတ်ဆီတစ်လီတာကို ကျပ် ၇၀၀၀ အထိဈေးရှိနေပြီး နေရာတိုင်းဝယ်လို့ မရတော့ဘူးလို့ ဆိုပါတယ်။

“စက်သုံးဆီကတော့ လုံးဝကို ပြတ်လပ်နေပြီပေါ့နော။ စက်သုံးဆီကတော့ အမှန်တိုင်းပြောရင် ဘယ်မှာ ရောင်း လဲဆိုတာကို လိုက်မေးပြီး ဝယ်ရတဲ့ အနေအထားပေါ့။ ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ စက်သုံးဆီ တစ်လီတာ ၃၅၀၀၊ ၄၀၀၀ ဖြစ်နေပြီ။ ဒီမှာ ဘယ်လောက်ဝယ်ရလဲဆိုတော့ ကျနော်တို့ ၇၀၀၀ ဝယ်ရတယ်။ လွန်ခဲ့တဲ့ သုံး ရက် ကဈေးနှုန်းပေါ့နော။ အဲဒါတောင် မနည်း ဝယ်ရတယ်ပေါ့နော။ စက်သုံးဆီက ပြတ်သလောက်ရှိပြီ တစ်လီ တာ တစ်ဗူး ၇၀၀၀ တစ်ပီပါ ၁၂သိန်းခွဲ နဲ့ ဝယ်ရတယ်။ လမ်းစရိတ်တွေလည်းရှိသေးတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားဆောင်းမြို့နယ်အတွင်းမှာ ဇွန်လ ဒုတိယပတ်ကစပြီး နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးအခြေအနေ တင်းမာမှုတွေ၊ လမ်းကြောင်း အခက်အခဲတွေကြောင့် စက်သုံးဆီတွေ သယ်ယူဖို့ ခက်ခဲနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဇွန်လလယ်လောက်ကတည်းက ဖားဆောင်း၊ ဘောလခဲ ဒေသခံတွေဟာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ ထွက်ပြေးတိမ်းရှောင်တဲ့အချိန် စက်သုံးဆီရရှိဖို့ ဝယ်တဲ့အခါမှာလည်း ခက်ခဲတယ် လို့ ဆိုပါတယ်။

ဓါတ်ပုံ - Tun Myanmar Donation

November 1, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ နဲ့ ပင်လောင်းမြို့ နယ်စပ်မှာ နှစ်ပတ်ကျော်အထိ...
October 31, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ထဲကို  လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့...
October 30, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတချို့မှာ ၈နှစ်အောက်ကလေးငယ်တွေ...
October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...