ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ မြို့မရဲစခန်းအတွင်း၌ ရဲတပ်ဖွဲ့ဝင်အချင်းချင်း စကားများရာမှ သေနတ် ဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်ကြပ်အဆင့်ရှိသူ သေဆုံးသွားသည်ဟု မင်းလှဒေသခံများက မဇ္ဈိမကို ပြောသည်။
ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မင်းလှဒေသခံများ က ပြောသည်။
“သူတို့နှစ်ယောက်က မနက် ၁၀ နာရီမှာ အချုပ်သားတွေကို အရှေ့တရားရုံး (မင်းလှမြို့တရားရုံး)ကို ပို့ရတယ်။ ညနေဆိုရင် ၃ နာရီလောက်ဆို ပြန်သိမ်းလာရတယ်ပေါ့။ မနေ့ကတော့ သူတို့နှစ်ယောက်အတူ တာဝန်ကျတာပါ။ တရားရုံးမှာကတည်းက သူတို့နှစ်ယောက် မကျေမနပ်ဖြစ်လာကြတယ်။ စခန်းပြန်ရောက်လာတော့ ဆက်ဖြစ်ကြ တယ်။ နှစ်ယောက်စလုံးကလည်း သောက်ထားကြတာဗျ။ သေတဲ့ရဲက အရင်ပစ်တာ။ အဲ့ဒီမှာ တစ်ဖက်က တစ်ချက်ပဲ ဗိုက်ကိုပြန်ပစ်လိုက်တာမှာ သေသွားတာ” ဟု မင်းလှမြို့ ဒေသခံက ပြောသည်။
သေဆုံးသူသည် အသက် ၂၅ နှစ်အရွယ် တပ်ကြပ်အဆင့်ရှိသည့် ကိုချစ်ထွေးဆိုသူ ဖြစ်ပြီး ပစ်ခတ်လိုက်သည့် ရဲတပ်ဖွဲ့ဝင်အား လက်ရှိတွင် သာယာဝတီ အချုပ်ထောင်သို့ ပို့ဆောင်ထားသည်ဟု ကြားသိရကြောင်း အဆိုပါ ဒေသခံက ပြောသည်။
ပစ်ခတ်လိုက်သည့် ရဲတပ်ဖွဲ့ဝင်၏ ရာထူးအဆင့်နှင့် အမည်ကို မသိရကြောင်း ၎င်းကဆက်ပြောသည်။
သေဆုံးသူ ရဲတပ်ကြပ်သည် မင်းလှမြို့၊ မြို့မရဲစခန်းတွင် တာဝန်ကျနေသူဖြစ်ပြီး ပစ်ခတ်လိုက်သူမှာ မင်းလှမြို့ နယ် အတွင်းရှိ စစ်ကွင်း တိုက်နယ်ရဲစခန်းတွင် တာဝန်ကျနေသူဖြစ်သည်။
“လက်ရှိစစ်ကောင်စီလည်းကျင့်သုံးဆဲ အရင်ကျွန်တော်တို့လည်း သုံးခဲ့ရတဲ့ ၁၉၉၅ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေမှာ ဆိုရင်တော့ တာဝန်ချိန် အရက်သေစာ သောက်စားပြီး မိမိတာဝန်ပျက်ကွက်ရင်၊ တပ်ဖွဲ့ဂုဏ်သိက္ခာ ကျ ဆင်းစေရင်၊ ပြစ်မှုကျူးလွန်ရင် အနိမ့်ဆုံးထောင်ဒဏ် တစ်နှစ်ကနေ သူကျူးလွန်လိုက်တဲ့ ပြစ်မှုပေါ်မူတည်ပြီး ပြစ်ဒဏ်တွေ ချပါတယ်။ တာဝန်ချိန်အတွင်း အရက်သေစာ မသောက်စားရ ဆိုတာမျိုးကတော့ စည်းကမ်း ထိန်းသိမ်းရေး ဥပဒေထဲမှာ ပါတယ်ပေါ့ဗျာ။ လက်ရှိကတော့ စစ်ကောင်စီက စစ်သားဆိုရင် အရက်တောင် သူတို့ ထုတ်တိုက် မူးယစ်ဆေးသုံးစွဲခွင့်ပေးတာတွေတောင် ရှိနေတာဆိုတော့” ဟု CDM ရဲအရာရှိတစ်ဦးက ပြောသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှု၊ ရဲတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားနေသည်။
၂၀၂၁ ခုနှစ် မေလအတွင်းက ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်နှင့် ရဲဒုတပ်ကြပ် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားကာ ဒုတပ်ကြပ် တစ်ဦးသေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။
ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့၊ ညပိုင်းကလည်း ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ် အမှတ် (၂) နယ်မြေ ရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်း အရက်မူးပြီး စကားများရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားကာ အသက် ၂၈ နှစ် အရွယ်ရှိ ရဲတပ်သား နေလင်းဆိုသူ သေဆုံးခဲ့သေးသည်။