ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက နေအိမ်နှင့် ထမင်းဆိုင် ဖြိုဖျက်ခံရပြီးနောက် ဖမ်းဆီးခံထား ရသည့် ရမ်းဗြဲ ဒေသခံ ၂ ဦး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်သည့် အိမ်ဥပစာပုဒ်မ ၉-၁ ဖြင့် အမှုဖွင့်ခံ လိုက် ရသည်။
အမှုဖွင့်ခံလိုက်ရသူများမှာ ရမ်းဗြဲမြို့၊ အမှတ်(၃)ရပ်ကွက်မှ ဦးအောင်လွင် အသက် (၅၇)နှစ်နှင့် သူ၏ ညီတော် စပ်သူ ဦးမောင်သန်းဌေး (ခ) မောင်ပွား အသက် (၄၀)နှစ်တို့ ဖြစ်သည်။
သူတို့သည် ဖမ်းဆီးခံလိုက်ရသည့် ဇူလိုင်လ ၃ ရက်နေ့မှ စတင်ကာ လမ်းဦးစီးဌာန၏ ဦးစီးအရာရှိ ဦးငြိမ်းချမ်းက တရားလိုလုပ်ကာ ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ရာဥပစာ နှင်ထုတ်ခြင်း အက်ဥပဒေပုဒ်မ ၉-၁ဖြင့် ရမ်းဗြဲမြို့မ ရဲစခန်း တွင် အမှုဖွင့်လိုက်ခြင်းဖြစ်သည်ဟု ဦးအောင်လွင်၏သား ကိုပြည်ဟိန်းလွင်က အတည်ပြုပြောသည်။
“ကျနော်တို့က အားလုံး အိုးအိမ်တွေလည်း ဆုံးရှုံးသွားပြီ။ နေစရာလည်း မရှိလိုက်တော့ဘူး။ ဒါကြောင့် အမှု မဖွင့်ဖို့ပေါ့။ အမြန်ဆုံး ကျန်းမာရေးကိစ္စတွေလည်း စိုးရိမ်ရတဲ့အတွက် ငွေကုန်ကြေးကျခံလို့ ရဲစခန်းသွားမယ်။ ထမင်းပေးဖို့လည်း ငွေကုန်ကြေးကျခံဖို့လည်း ငွေအင်အားလည်း မရှိဘူးလေ။ ဖျက်ဆီးခံရတဲ့အပေါ်မှာ ဒီလို အမှုမဖွင့်ဖို့ပေါ့။ အမြန်ဆုံး ပြေငြိမ်းလိုက်ဖို့ပေါ့လေ။ ကျန်းမာရေး ကိစ္စတွေကိုထည့်တွက်ပြီးတော့ အမြန်ဆုံး ပြေငြိမ်းလိုက်ဖို့ပြောချင်ပါတယ်” ဟု ပြောသည်။
အမှုဖွင့်ခံလိုက်ရသူများအနက် ဦးအောင်လွင်သည် ရမ်းဗြဲမြို့၏ အချက်အချာကျသည့် အမှတ်(၃) ရပ်ကွက်၊ စိုးမဲကျီလမ်းရှိ အနံပေ ၅ဝ၊ အလျားပေ ၇ဝ ကျော်ရှိသည့်မြေတွင် နေအိမ်နှင့်အတူတွဲ၍ ထမင်းဆိုင်ရောင်းချ နေသူ ဖြစ်သည်။
အဆိုပါဆိုင်နှင့် နေအိမ်သည် ဇူလိုင်လ ၃ ရက်နေ့၊ နံနက် ၁၁ နာရီခွဲတွင် ရဲတပ်ဖွဲ့ဝင် ၄ဝ ဦးခန့်အပါအဝင် မီးသတ်၊ စည်ပင်၊ ဆောက်လုပ်ရေးစသည့် ဌာနဆိုင်ရာ ၅ ခုခန့်မှ အင်အား ၁ဝဝ ခန့်က လာရောက်ကာ အင် အားသုံး ဖြိုဖျက်ခြင်းကို ခံခဲ့ရသည်ဟု မိသားစုဝင်များက ပြောသည်။
ယင်းသို့ ဖြိုဖျက်နေမှုကို အိမ်ပိုင်ရှင်ဦးအောင်လွင်နှင့်အတူ တားဆီးသည့် ညီတော်စပ်သူ ဦးမောင်သန်းဌေး (ခ) မောင်ပွားတို့နှစ်ဦးကို ရမ်းဗြဲမြို့ ရဲတပ်ဖွဲ့က ဖမ်းဆီးကာ မြို့မရဲစခန်း၌ ချုပ်နှောင်ထားပြီး ယခုကဲ့သို့ အမှုဖွင့်လိုက် ခြင်းဖြစ်သည်။
လက်ရှိတွင် အမှုဖွင့်ခံထားရသူနှစ်ဦးနှင့် မိသားစုဝင်များ စခန်းအတွင်းတွေ့ဆုံခွင့်ရထားပြီး ဦးအောင်လွင်တွင် အစာအိမ်ရောဂါခံစားနေရ၍ ပြင်ပတွင် ဆရာဝန်နှင့်ပြသလိုကြောင်း တောင်းဆိုထားသော်လည်း စခန်းက အဖြေမပေးသေးဟု သားဖြစ်သူ ကိုပြည်ဟိန်းလွင်က ပြောသည်။
ယင်းအပြင် ဦးအောင်လွင်သည် နေမကောင်းသည့်ကြားထဲ နေအိမ်နှင့် ဆိုင် ဖြိုဖျက်ခံလိုက်ရသည့် အပြင် အမှုပါဖွင့်ခံလိုက်ရ၍ စိတ်ပိုင်းဆိုင်ရာ အလွန်တရာထိခိုက်နေသည်ဟု ဆိုသည်။
အမှုဖွင့်ခံလိုက်ရသည့် ပုဒ်မ ၉-၁ မှာ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေကျပ် တစ်သိန်းမှ ငါးသိန်းကျပ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည်။
ယင်းနေ့က ဖြိုဖျက်ခံလိုက်ရသည့် ဦးအောင်လွင်၏ခြံမြေကို လာဖြိုသူများက မကျူးကျော်ကြရန် တားမြစ်ကာ ခြံခတ်သွားခဲ့ကြသည်ဟု မိသားစုဝင်များနှင့် မြို့ခံများက ပြောသည်။
ယင်းခြံသည် ဆောက်လုပ်ရေးဝန်ကြီးဌာနက အထောက်အထား တစ်စုံတစ်ရာမပြနိုင်ဘဲ သူတို့ဌာနက ပိုင်ဆိုင် သည်ဟုဆိုကာ အကြိမ်ကြိမ်တောင်းခြင်းကို ခံနေရသည့် ခြံလည်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်၊ နံနက်ကလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်မှု တစ်စုံတစ်ရာမျှ မပြနိုင်ဘဲ ကျောက်ဖြူခရိုင်၊ အင်ဂျင်နီယာ ဦးဦးအောင်မြင့်နှင့် အင်ဂျင်နီယာများ ဦးဆောင်သော လူဦးရေ ၁၀၀ ကျော်က အဆိုပါခြံရှိ ထမင်းဆိုင်နှင့်နေအိမ်ကို စက်ကြီးများဖြင့် အကြမ်းဖက် ဖယ်ရှားရန် ပြုလုပ်ခဲ့ရာ ရပ်ကွက် နေပြည်သူများက ဝင်ရောက်ညှိနှိုင်းမှုကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
မြို့ခံများနှင့် အိမ်ပိုင်ရှင်မိသားစုများ၏ပြောဆိုချက်အရ အဆိုပါမြေနေရာသည် ယခင် နှစ်ပေါင်း ၁ဝဝ ကျော်ခန့် က သူဌေးကြီးတစ်ဦးက ဘိုတဲအဖြစ် ဆောက်လုပ်နေထိုင်ခဲ့ပြီး နောက်ပိုင်းတွင် ယင်းနေရာမှ ပြောင်းသွားခဲ့ သည်ဟု သိရသည်။
နှစ်ကာလကြာမြင့်လာသည့်အခါ အဆောက်အအုံများ ပြိုပျက်ပြီး ရွှံ့နွံတောများဖြစ်နေ၍ စစ်အစိုးရခေတ်က စစ်ထောက်လှမ်းရေးများက ပြန်လည်ပြုပြင်နေထိုင်ခဲ့ကြသည်ဟု မြို့ခံများက ပြောသည်။
စစ်ထောက်လှမ်းရေးများက ယခုနေထိုင်သည့်မိသားစုကို ပြီးခဲ့သည့်နှစ်ပေါင်း ၂ဝ ကျော်ခန့်မှစတင်ကာ ဝင် ရောက်နေထိုင်ခွင့်ပြုခဲ့ရာမှ ယခုကဲ့သို့ နေထိုင်ဖြစ်ခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ရေးဌာနနှင့် ဘာမျှ မသက်ဆိုင် ဘူးဟုလည်း ရမ်းဗြဲမြို့မိမြို့ဖတစ်ဦးက နိရဉ္စရာ ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကလည်း အဆိုပါမြေနေရာအား ဆောက်လုပ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်သည်ဟုဆိုကာ နေအိမ်ပိုင်ရှင်ကို တရားစွဲဆိုခဲ့ပြီး ၎င်းတို့ဌာနက ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာမပြနိုင်ခဲ့၍ တရားရုံးက အဆိုပါတရားစွဲဆိုမှုအား ပယ်ချခဲ့ရသည် ဖြစ်စဉ်လည်း ရှိခဲ့သည်။