စစ်အာဏာသိမ်းပြီးနောက် ထောင်ဒဏ် နှစ်ရှည်ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု နှင့် သမီးဖြစ်သူ မမိုးဆန်းစုကြည်တို့ နှစ်ဦးစလုံးသည် မကြာသေးမီက ထောင်ပြောင်းရွှေ့ ခံလိုက်ရကြောင်း မိသားစုဝင်များက နိရဉ္စရာကို အတည်ပြု ပြောသည်။
သားဖနှစ်ဦးအနက် သမီးဖြစ်သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူငယ်တာဝန်ခံ မမိုးဆန်းစုကြည်သည် ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်မှ ပဲခူးတိုင်းရှိ သာယာဝတီ အကျဉ်းထောင် သို့ ပြောင်းရွှေ့ခံလိုက်ရခြင်းဖြစ်သည်ဟု အစ်မဖြစ်သူ မကြည်ကြည်ဦးက နိရဉ္စရာ ကို ပြောသည်။
မမိုးဆန်းစုကြည်သည် စစ်အာဏာသိမ်းပြီးနောက် ၂ဝ၂၁ ခုနှစ်၊ မေလ ၉ ရက်တွင် ရန်ကုန်မြို့၊ လှည်းတန်း မြို့နယ် ရှိ တိုက်ခန်းအတွင်းမှ ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅-က၊ မတရား အသင်း ဆက် သွယ်မှု ပုဒ်မ ၁၇-၁ တို့ဖြင့် ထောင်ဒဏ် ၆ နှစ် ချခံရမှတ်ခံထားရသူဖြစ်သည်။
အလားတူ ဖခင်ဖြစ်သူ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုသည်လည်း ပြီးခဲ့သည့် မေလ အတွင်းက စစ်တွေအကျဉ်းထောင်မှ ရန်ကုန်ရှိ အင်းစိန် အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံလိုက်ရခြင်း ဖြစ်သည်ဟု သမီးဖြစ် သူ မကြည်ကြည်ဦးက ဆိုသည်။
“အခုလို ထောင်ပြောင်းလိုက်တဲ့အပေါ် အထွေအထူးတော့ ပြောစရာမရှိပါဘူး။ သူတို့မှာ ပြောင်းချင်ရင် ပြောင်း တယ်။ ရွှေ့ချင်ရင် ရွှေ့တယ်ပေါ့” ဟု ပြောသည်။
ဦးညီပုသည် စစ်တပ်က အာဏာသိမ်းသည့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးအချို့နှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။
နောက်တစ်နေ့တွင် နေအိမ်အကျယ်ချုပ်ဖြင့် ထားခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် ထပ်မံ ဖမ်း ဆီးခံရကာ စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရခြင်း ဖြစ်သည်။
ယင်းနောက် ဦးညီပုကို နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅-ခ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၅ဖြင့် ထောင်ဒဏ် ၉ နှစ်၊ မဲမသာမှုပုဒ်မ ၁၃ဝ-ကတို့ဖြင့် ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရသူဖြစ်သည်။
သူတို့သားအဖအား ယခုကဲ့သို့ ထောင်ပြောင်းလိုက်ခြင်းမှာ အကျဉ်းဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းအရ ပြောင်း ရွှေ့ခြင်းဖြစ်သော်လည်း အကျဉ်းသားများအပေါ် လူ့အခွင့်အရေးနှင့်အညီ အခွင့်အရေးပေးဖို့ လိုအပ်သည်ဟု လည်း ရခိုင်နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက ထောက်ပြသည်။
“အပြောင်းအရွှေ့ကတော့ သူတို့မှာ လုပ်ထုံးလုပ်နည်းအရ လုပ်တာ။ သို့သော် လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဥပမာ ဆေးကုသခွင့်မရဘူး။ မိသားစုနဲ့ တွေ့ခွင့်မရဘူး။ ဒါတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာပဲ။ လူ့အခွင့်အရေးဆိုင်ရာအကျဉ်းသားဥပဒေနဲ့ မှန်မှန်ကန်ကန် အကျဉ်းသားတွေကို အခွင့်အရေးပေးဖို့ လိုအပ် တယ်လို့ ပြောချင်တယ်” ဟု ပြောသည်။
ဦးညီပုတို့ သားဖနှစ်ဦးအနက် မမိုးဆန်းစုကြည်ကို ပြီးခဲ့သည့်ဇွန်လအတွင်း စီရင်ချက်ချချိန်တွင် တစ်ကြိမ် မိသား စုများက တွေ့ဆုံခွင့်ရခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ မျက်စိ အထူးကုဆေးရုံ တွင် မျက်စိခွဲစိတ်မှုခံယူနေရသည့် မေလ ၂၆ ရက်နှင့် ဇွန်လ ၁၆ ရက်တို့တွင်တစ်ကြိမ်စီ မိသားစုက တွေ့ဆုံခွင့်ရ ခဲ့သည်။
မကြည်ကြည်ဦးက “မျက်စိကတော့ ခွဲပြီးသွားပါပြီ။ ဘယ်ဘက်မျက်လုံးကတော့ သိတဲ့အတိုင်း နည်းနည်းဝါးနေ သေးတယ်လို့ ပြောပါတယ်။ ညာဘက် မျက်လုံးကတော့ ခွဲပြီးနောက်တော့ ကြည်ကြည်လင်လင် မြင်ရပါတယ်” ဟု ပြောသည်။
ဦးညီပုသည် စစ်တွေအကျဉ်းထောင်တွင် ရှိနေချိန် ဘယ်ဘက်မျက်လုံး၌ တိမ်ဖုံးသည့်ဝေဒနာမှာ ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ သြဂုတ်လခန့်မှစတင်ကာ ပိုမိုပြင်းထန်လာခဲ့ပြီး ခွဲစိတ်ကုသမှုရရှိရန် မိသားစုက တစ်နှစ်ကျော်ကြာ အကြိမ် ကြိမ်တောင်းဆိုခဲ့ရသည်။
လက်ရှိတွင် ထောင်ပြောင်းခံလိုက်ရသည့် ဦးညီပုနှင့် သမီးဖြစ်သူ မမိုးဆန်းစုကြည်တို့သည် ကျန်းကျန်းမာမာ ရှိနေကြသည်ဟု မိသားစုဝင်များက ပြောသည်။