သေနတ်ကိုင်ဆောင်သည့် ရပ်ကွက်စာရေး မှ ကလေးတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်

သေနတ်ကိုင်ဆောင်သည့် ရပ်ကွက်စာရေး မှ ကလေးတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်
ရွာပြင်မှာ ကိုယ်စားဆွမ်းသွပ်ပြုလုပ်ပေးရ
ရွာပြင်မှာ ကိုယ်စားဆွမ်းသွပ်ပြုလုပ်ပေးရ

သျှမ်းပြည်၊ သိန္နီမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ စာရေးဖြစ်သူသည် အသက် ၁၆ နှစ်အရွယ် အမျိုးသား ငယ်တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်လိုက်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့တွင် သိန္နီမြို့နယ်၊ မိုင်းပါးကျေးရွာအုပ်စု ၊ မန်လုံကျေးရွာနေ အသက် (၁၆) နှစ် ဝန်းကျင်ရှိ အမျိုးသား ကလေးငယ် နှစ်ဦးကို သေနတ်ကိုင်ဆောင်သည့် ရပ်ကွက် စာရေးမှ သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

ဖြစ်စဥ်မှာ သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စု၊ မန်လုံကျေးရွာနေ အသက် ၁၆ နှစ်အရွယ် ကလေးနှစ်ဦးသည် ကုန်းညောင်ကျေးရွာဘက် ဆိုင်ကယ်မောင်းနှင်သွားစဥ် မျက်နှာချင်းဆိုင် မောင်းလာသည့် ဆိုင်ကယ်မှ နောက် တွင်စီးသူ အမျိုးသားသည် သေနတ်ဖြင့် ပစ်သတ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆိုင်ကယ်တစ်စီးကို နှစ်ယောက်စီ နဲ့ မျက်နှာချင်းဆိုင် မောင်းလာကြတာပေ့ါ၊ သေနတ်ပစ်လိုက်တဲ့ သူက အိုက် စိုင်းလို့ ခေါ်တယ်။ သူက သိန္နီ ထွေအုပ်ရုံးကခန့်တဲ့ ရပ်ကွက် စာရေးဖြစ်တယ်။ အရင်က သိန္နီမြို့က ပန်းဆေး ပြည်သူ့စစ်နဲ့လည်း ပတ်သက်နေတဲ့သူဖြစ်တယ်။ ကလေးနှစ်ယောက် ဆိုင်ကယ်မောင်းလာတာကို သေနတ်နဲ့ လှမ်းပစ်တာ၊ နောက်က လိုက်စီးတဲ့ ကလေး ခေါင်းမှန်ပြီး ပွဲချင်းပြီး သေသွားတယ်” ဟု ဖြစ်စဥ်ကို သိသော အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပစ်ခတ်မှုကြောင့် ဆိုင်ကယ်နောက်ဘက် လိုက်ပါစီးနှင်းသည့် ကလေးငယ်သည်  ဦးခေါင်း ကျည်ဆန်ထိမှန်ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေသွားခဲ့သည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်သူသည် သိန္နီမြို့မှ စာရေးဖြစ်သည့်အပြင် သေနတ်တစ်လက် ခါးကြားထိုးပြီး မိုင်းပါးကျေးရွာအုပ်စုအတွင်း ဝင်ထွက်သွားလာလေ့ရှိသူလည်း ဖြစ်သည်။

ထို့အပြင် အဆိုပါ ပစ်ခတ်မှုကြောင့် သေဆုံးသည့် ကလေး၏ ရုပ်အလောင်းကိုလည်း စစ်ကောင်စီ စစ်ဆေးရေး ဂိတ်မှ တပ်သားများက ရွာထဲပြန်သယ်ခွင့် မပေးကြောင်းလည်း ဒေသခံများက ဆက်ပြောသည်။

“ရွာထဲကို အလောင်းပြန်သယ်ပြီးမှ ကိုယ်စားဆွမ်းသွပ် မလို့ မိဘတွေက ပြင်ဆင်တာပေါ့၊ ဒါပေမဲ့ စစ်ကောင်စီ က ရွာထဲ ပေးမဝင်ဘူး၊ အဲ့ကြောင့် ရွာအပြင်မှာပဲ လုပ်ရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သေဆုံးသူသည် လုံးခမ်း နှင့် ပါကြာတို့၏ သားဖြစ်ပြီး ၎င်းကို သေနတ်ဖြင့် ပစ်သတ်သည့် ရပ်ကွက်စာရေး အိုက်စိုင်းက ထွက်ပြေးတိမ်းရှောင်နေသည်။

အသက် ၁၆ နှစ်အရွယ် စိုင်းမြင့် သေဆုံးမှုသွားသည်နှင့် ပတ်သက်ပြီး မိဘ၊ ဆွေမျိုး အသိုင်းအဝိုင်းများက တရားခံ အိုက်စိုင်းအနေဖြင့် တာဝန်ယူမှု ရှိစေချင်ကြောင်း၊ တရားဥပဒေအရ ပြစ်ဒဏ်ကျခံ စေချင်ကြောင်း ပြောသည်။

လက်ရှိတွင် သေဆုံးသူ စိုင်းမြင့်၏ မိဘဆွေမျိုးများက ၎င်းတို့၏ သားဖြစ်သူကို ပစ်သတ်သည့် အိုက်စိုင်းကို ဖမ်းဆီးရမိရေးအတွက် မြို့ပေါ်ထွေအုပ်ရုံးမှ တာဝန်ရှိသူများ နှင့် ဒေသအတွင်း လှုပ်ရှားနေသည့် SSPP/SSA တပ်ဖွဲ့ထံသို့လည်း တိုင်ကြားထားကြသည်။

ဒေသအတွင်း လှုပ်ရှားသည့် SSPP/SSA မြေပြင် တာဝန်ရှိသူ တစ်ဦးက “ကျနော်တို့ တပ်ဖွဲ့ထံကို ဖြစ်စဥ် နဲ့ အကြောင်းအရာနဲ့ လာရောက်တိုင်ကြားထားတာ ရှိပါတယ်၊ ကျနော်တို့ ကလည်း ပြစ်မှုကျူးလွန်တဲ့သူတွေကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းနေဆဲ ဖြစ်ပါတယ်၊ အခုတော့ အိုက်စိုင်းရဲ့ ဆွေမျိုးတွေနဲ့ အဆက်အသွယ် ရမိ တယ်၊ အိုက်စိုင်း ဘယ်ရောက်နေမှန်းတော့ မသိဘူးတဲ့၊ လျော်ကြေးအတွက် သူတို့ တာဝန်ယူပေးမယ်လို့ ပြော တယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းပါးကျေးရွာအတွင်း သွားလာလှုပ်ရှားသည့် လက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ အပြင် ကချင် KIA၊ တအာင်း (ပလောင်) TNLA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ ဖြစ်ကြသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီး နောက်ပိုင်းတွင် သျှမ်းပြည် အပါအဝင် နိုင်ငံတစ်ဝှမ်းလုံး နိုင်ငံရေး မငြိမ် သက်မှု ဖြစ်ပေါ်လာပြီး လက်နက်ကိုင် တပ်ဖွဲ့များမှ ပြည်သူများကို အကြောင်းမဲ့ ပစ်သတ်၊ ဖမ်းဆီး နှိပ်စက်မှုများ ကို ကျူးလွန်နေကြသည်။

Most read this week

November 6, 2024
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ မြို့မဈေးရှိ ညဈေးမှ ဈေးသည်များထံ...
November 6, 2024
သျှမ်းပြည်မြောက်ပိုင်း၊ နမ့်လန်မြို့ကို ယမန်နေ့ (နိုဝင်ဘာလ ၅ ရက်)၊ နေ့လယ်ပိုင်းက ကိုးကန့်တပ်...
ပင်လောင်းမြို့ မီးရှို့ခံရသည့် နေအိမ် ပုံဟောင်း
November 6, 2024
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိကျေးရွားသည် တိုက်ပွဲများဖြစ်ပွားပြီး...
အင်းလေးဒေသအတွင်း လေပြင်းတိုက် နေအိမ်ပျက်စီးပုံများ
November 6, 2024
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးမှုဒဏ်...