အမ်းမြို့မရဲစခန်းရှိ အချုပ်ခန်းထဲတွင် ဆေးကုသခွင့်မရ၍ အမျိုးသမီးတစ်ဦးပါအဝင် ၂ ဦးသေဆုံး

အမ်းမြို့မရဲစခန်းရှိ အချုပ်ခန်းထဲတွင် ဆေးကုသခွင့်မရ၍ အမျိုးသမီးတစ်ဦးပါအဝင် ၂ ဦးသေဆုံး

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ မြို့မရဲစခန်းတွင် ဆေးကုသခွင့်မရရ၍ ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သူအဖြစ် သံသယဖြင့် ဖမ်းဆီးခံထားရသူ တစ်ဦးနှင့် အမျိုးသမီးတစ်ဦး များမကြာမီက သေဆုံးသွားခဲ့သည်။

AA ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရာမှ သေဆုံးသွားသူမှာ ပေါက်တောမြို့နယ်မှ ကိုသန်းစိုး အသက် (၂၉) နှစ် ဆိုသူဖြစ်သည်။

သူသည် အချုပ်ခန်းအတွင်း ဖျားနေသည်မှာ ကြာပြီဖြစ်သော်လည်း ဆေးကုသခွင့်မရခဲ့ဘဲ အလွန် အားနည်းလာ သည့်အချိန် ဇူလိုင်လ ၁ ရက်နေ့မှ အမ်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ယင်းနေ့တွင်ပင် ဆေးရုံ၌ သေဆုံးသွားခဲ့ ခြင်း ဖြစ်သည်ဟု ကိုသန်းစိုးနှင့် နီးစပ်သူ မိတ်ဆွေတစ်ဦးက ပြောသည်။

ကိုသန်းစိုး၏ အလောင်းကိုလည်း မိသားစုထံ ဆက်သွယ်အကြောင်းမကြားဘဲ အမ်းသုသာန်တွင် သင်္ဂြိုလ်ခဲ့ကြ သည်ဟု မိသားစုနှင့်နီးစပ်သူက ပြောသည်။

ကိုသန်းစိုးသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံခဲ့ရသူ ဖြစ် ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နှင့် တရားစွဲခံထားရကာ အမ်းမြို့မရဲစခန်းတွင် ချုပ်နှောင် တရားစွဲ ဆိုခံနေရသူ ဖြစ်သည်။

“လက်ရှိ အမ်းမြို့ ရဲစခန်း အချုပ်ခန်းအတွင်းမှာ အချုပ်သားတွေ ရာသီတုတ်ကွေး ဖြစ်ပွားလျက် ရှိကြတယ်လို့ သိရပါတယ်။ ကိုသန်းစိုးဆိုရင်လည်း ဆေးကုသခွင့်မရခဲ့ဘူး။ အနာလွန်ပြီးမှ  ဇူလိုင်လ ၁ ရက်က ဆေးရုံတင် တော့ ဆေးရုံမှာဘဲ ဆုံးသွားခဲ့ပါတယ်။ အဲ့သလို ဆုံးသွားတာကို မိသားစုကိုလည်း အကြောင်းမကြားဘဲ ဒီအတိုင်း ဘဲ သင်္ဂြိုလ်လိုက်ပါတယ်” ဟု ကိုသန်းစိုးနှင့် နီးစပ်သူ မိတ်ဆွေက ပြောသည်။

ကိုသန်းစိုးကဲ့သို့ အမ်းအချုပ်ခန်းတွင် ဆေးကုသခွင့်မရဘဲ သေဆုံးသွားသည့် နောက်ထပ် အမျိုးသမီးတစ်ဦး လည်း ရှိခဲ့သည်ဟု ဆက်ပြောသည်။

သူမသည် အမ်းမြို့နယ်အတွင်း ပြည့်တန်ဆာအမှုဖြင့် ဖမ်းခံထားရပြီး အမ်းအချုပ်ခန်းမှတဆင့် ကျောက်ဖြူ  အကျဉ်းထောင်သို့ ပို့ရန်ပြင်ဆင်ထားချိန် မေလအတွင်းက နေမကောင်းဖြစ်လာခဲ့ရာ ဆေးကုသခွင့်မရဘဲ သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အမ်းမြို့မ ရဲစခန်းအချုပ်တွင် ဖမ်းဆီးခံထားရသူများမှာ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆိုးဆိုးဝါးဝါး ခံစားနေကြရသည်ဟု နီးစပ်သူများက ပြောသည်။

အမ်းမြို့မရဲစခန်းရှိ အချုပ်ခန်းထဲတွင် ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲခံနေရသူ များ၊ PDF နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲခံနေရသူများ၊ မွတ်ဆလင်များအား ပြည်မဘက်သို့ အထောက်အထားမဲ့ ပို့သည်ဟုဆိုကာ ဖမ်းဆီး တရားစွဲခံနေရသူများ၊ ပြည်မဘက်သို့ အထောက်အထားမဲ့ ထွက်ခွာသည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် မွတ်ဆလင်များနှင့် မြို့နယ်တွင်းရှိ ဒုစရိုက်မှုများမှ ဖမ်းဆီးထားသူ များ ပြွတ်သိပ်ပြည့်ကြပ်ကာ နေနေရကြောင်း အမ်းမြို့နယ်မှ လူ့အခွင့်အရေး လှုပ်ရှားနေသူ တစ်ဦးကလည်း နိရဉ္စရာသို့ ပြောသည်။

လက်ရှိတွင် အဆိုပါအချုပ်သားများကို ကျန်းမာရေးစောင့်ရှောက်ပေးမှု မရှိခြင်း၊ ကောင်းမွန်သည့် အစာအာဟာ ရများ မကျွေးခြင်းနှင့် အချုပ်သားများအား သန့်သန့်ရှင်းရှင်းထားပေးမှု မရှိခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုကို ဆိုးဆိုးရွားရွားပြုလုပ်လျက်ရှိသည်ဟု သူက ပြောသည်။

အမ်းမြို့နယ်မှ လူ့အခွင့်အရေး လှုပ်ရှားနေသူက “ရောဂါဖြစ်ရင် ဆေးမကုရတဲ့သူတွေရှိတယ်။ တချို့ AA အမှုက လူတွေကတော့ မိသားစုနဲ့ အလှမ်းဝေးတယ် ပေါ့။ တစ်ခေါက်လာဖို့ကလည်း မလွယ်ဘူး။ သူတို့တွေက ပိုပြီး တော့ ဒုက္ခရောက်နေကြရတယ်ပေါ့။ အဲဒီက ပေးတဲ့ ပုံစံထမင်းတွေစားရတယ်။ ကန်စွန်းရွက်ရေလုံပြုတ်နဲ့ ထမင်းက ခွက်သေးသေးလေးနဲ့တစ်ခွက် စားရ တာတွေရှိတယ်။ ပိုက်ဆံရှိသူတွေက အပြင်က ဝယ်စားလို့ ရတယ်ပေါ့။ မိသားစုရှိရင် လာပို့ကြတယ်။ သူတို့ တွေက အဆင်ပြေတယ်။ မိသားစုလည်း မရှိတဲ့သူတွေကျ တော့ အရမ်းဒုက္ခရောက်တယ်ပေါ့။ ကျန်းမာရေး စောင့်ရှောက်မှုလည်း မရှိဘူး” ဟု ပြောသည်။

ယခုကဲ့သို့ အမ်းအချုပ်ခန်းအတွင်း ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေ ရမှုများကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ကဲ့သို့သော  အဖွဲ့အစည်းများက လာရောက် စစ်ဆေးပေးသင့်သည်ဟု သူက ထောက်ပြပြောဆိုသည်။ အဆိုပါ ကိစ္စများနှင့်ပတ်သက်ပြီး အမ်းမြို့မရဲစခန်းသို့ ဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့ပါ။

အမ်းအချုပ်ခန်းထဲတွင် AA နှင့်ဆက်စပ်သံသယဖြင့် မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇-၁ နှင့် တရားစွဲဆိုခံ နေရသူ ၂ဝ ကျော်ရှိပြီး PDF နှင့်ဆက်စပ်သံသယဖြင့် နိုင်ငံတော်အကြည်အညို ပျက်စေမှုပုဒ်မ ၅ဝ၅-က နှင့် တရားစွဲခံနေရသူ ၁ ဦးရှိသည်။

ဓာတ်ပုံ- ပုံအဖြစ်ဖော်ပြခြင်းသာ
November 5, 2024
အင်အားတိုးချနေသည့်ကြားမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ အရေးအကြီးဆုံး...
November 4, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့အနီးဝန်းကျင်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား...
November 1, 2024
ရခိုင်ပြည် တောင်ကုတ်မြို့ အခြေစိုက် စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ(၅) လက်အောက်ရှိ စစ်ကောင်စီ...
November 1, 2024
အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်၊...