ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သွားတဲ့ မိသားစုဝင် ၃ ဦးအနက် အသက် ၂ နှစ်နဲ့ ၁၀ လ အရွယ်ကလေးတစ်ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေ မှာရှိနေပါတယ်။
ဇူလိုင်လ ၄ ရက်နေ့၊ မနက် ၂ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အခုလို ထိခိုက်ဒဏ်ရာရကုန်တာ လို့ အနီးအနားရှိ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
“မိသားစု (၃) ယောက် စလုံးပေါ့၊ ကလေးတစ်ယောက်ရယ်၊ သူ့အဖေရယ်၊ သူ့အမေရယ်၊ သုံးယောက်၊ ကျား၂ ဦး မ ၁ဦး၊ စိုးရိမ်ရတဲ့ အခြေအနေတော့ရှိတယ်။ မိခင်က ခွဲခန်းအထိ ဝင်ရမယ်၊ ဖခင်တော့ ဓာတ်မှန် ရိုက်ရ မှာပေါ့။ ကလေးကလည်း ရောဂါအခံရှိတယ်၊ သူငိုလိုက်ရင် ခနခဏတက်တယ် အဲ့လိုဖြစ်တယ်၊ ခေါင်းမာထိ တယ်ဆိုတော့ ပိုပြီးတော့ စိုးရိမ်ရတယ်ပေါ့နော်” လို့ စစ်ရှောင်တစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီက လေယာဉ်နဲ့ လေးကြိမ်ခန့် ပစ်ခတ်ခဲ့ပြီး စစ်ရှောင်စာသင်ကျောင်းနဲ့ စစ်ရှောင်တဲတချို့လည်း ပျက်စီးခဲ့ရပါတယ်။ လက်ရှိမှာတော့ အဆိုပါ စာသင်ကျောင်းကို ယာယီပိတ်ထားလိုက်ရပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ စစ်ဘေးရှောင်တွေ၊ ဒေသခံတွေ ရှိနေတဲ့ နေရာတွေဘက်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် စစ်ရှောင်တွေဟာ စိုးရိမ်ထိတ်လန့်နေကြရပြီး တောတောင်ထဲမှာ ရွေ့ပြောင်းနေထိုင်ကြသူလည်း ရှိနေတယ်လို့ ပြောပါတယ်။
စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “ဗုံးနဲ့လာကြဲတဲ့ချိန်မှာ မိသားစုက သုံးယောက်ရှိတာ သုံးယောက်စလုံး သေ ပြီလို့ ထင်တာ။ လေယာဥ်နောက်တစ်ခေါက် ပြန်ဝဲတဲ့ချိန်မှာ မိသားစု ရှိသေးတယ်ဆိုပြီးတော့ ကာဘာ (cover) ကျင်းကို ပြေးသွားပြီး ဘုရားတွေဘာတွေ ရွတ်ပြီး တကယ်တမ်း ဘုရားတော်တော်ကယ်တယ်။ ခေါင်းရင်းမှာ အပေါက်ဖြစ်သွားတယ်။ ကျမ ခေါင်းရင်းမှာ သိပ်မပေါက်ဘူး ဒါပေမယ့် ယမ်းစတွေက ဘီဒိုထဲ အကုန်လုံးဝင် မှန်တွေ အကုန်လုံးကွဲ တော်တော်တော့ ဝမ်းနည်းသွားတယ်” လို့ ပြောပါတယ်။
ဇူလိုင်လ ၄ ရက်နေ့ မနက်အစောပိုင်း ၂ နာရီဝန်းကျင် အချိန်လောက်မှာ စစ်ကောင်စီက ပေါင် ၅၀၀ နှစ်လုံး၊ ပေါင် ၁၀၀ နှစ်လုံး နဲ့ လေးကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၂ နှစ် ၁၀လအရွယ် ကလေးတစ်ဦးနဲ့ ကလေးမိဘနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ရှောင်ကလေးတွေ စာသင်ကြားတဲ့ စာသင်ကျောင်းဆောင်နဲ့ စစ်ရှောင်တဲတချို့လည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါ တယ်။
စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တဲ့ စစ်ရှောင်စခန်းဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာမဟုတ်သလို ဖုန်းလိုင်း၊ အင်တာနက် ဆက်သွယ်ရေးခက်ခဲတဲ့ ဒေသဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာလည်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး ထိမှန်သေဆုံးခဲ့ပြီး လူနေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ဇူလိုင်လ ၁ ရက်နေ့ ထုတ်ပြန်ထားတဲ့ စာရင်းအရ အာဏာ သိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာ စစ်ကောင်စီကနေ လေကြောင်းနဲ့တိုက်ခိုက်မှု အရေအတွက် (၅၂၇)ကြိမ် ရှိတယ်လို့ ဖော်ပြထားပါတယ်။
ကရင်နီပြည်နယ် အတွင်းမှာ စစ်ကောင်စီက အရပ်သားတွေ ရှိတဲ့ နေရာတွေဘက်ကို မကြာခဏ ဗုံးကြဲ တိုက် ခိုက်နေမှုတွေကြောင့် အရပ်သားသေဆုံး ဒဏ်ရာရရှိမှုတွေလည်း ရှိနေပါတယ်။