ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နခခ(၇) လက်အောက်ခံ နယ်မြေ (၅) နယ်ခြားစောင့်ရဲစခန်းမှ စခန်းမှူး အပါ အဝင် အရာရှိ ၃ ဦး တပ်ကိုစွန့်ကာ ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
နယ်မြေ (၅) နယ်ခြားစောင့်ရဲစခန်းမှာ မောင်တောမြောက်ပိုင်း ငါးခူရကျေးရွာတွင် တည်ရှိပြီး ဇူလိုင်လ ၃ ရက် နေ့ ညအချိန် ထွက်ပြေးသွားကြခြင်းဖြစ်သည်ဟု ပြောဆိုသည်။
တပ်စခန်း စွန့်ခွာထွက်ပြေးခဲ့ကြသူများ၏ နာမည်များကို မသိရသော်လည်း ၎င်းစခန်းမှ စခန်းမှူး၊ အမှုစစ် အရာရှိ တစ်ဦးနှင့် ဗိုလ်လေးတစ်ဦးတို့ ဖြစ်ကြောင်း ငါးခူရကျေးရွာသားအမျိုးသားတစ်ဦးက အတည်ပြုပြောသည်။
“သူတို့နာမည်တွေကိုတော့ မသိပါဘူး။ ဒါပေမယ့်ထွက်ပြေးသွားတာမှန်ပါတယ်။ ဘာကြောင့် ထွက်ပြေးသွားကြ တယ် ဆိုတာကိုသာ အတိအကျမသိရပါ” ဟု ထိုအမျိုးသားက ပြောသည်။
တပ်စခန်း စွန့်ခွာထွက်ပြေးသွားသည့် အရာရှိများထဲမှ ဗိုလ်လေးဆိုသူတွင် ဇနီးဖြစ်သူကိုပါ ခေါ်ဆောင်သွားခဲ့ ကြောင်း၊ မည်သည့်ဘက်သို့ မည်ကဲ့သို့ ထွက်ပြေးသွားသည်ကို အတိအကျမသိရသေးကြောင်း ၎င်းအမျိုးသား က ဆက်ပြောသည်။
ပြီးခဲ့သည့် နှစ်အတွင်းက မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဓားပြမှုတစ်ခုနှင့် ပတ်သက်ပြီး မွတ်ဆလင် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးကို ကွင်းဆက်တရားခံအဖြစ် ဖမ်းဆီးခဲ့ကြသည်။
အဆိုပါ တရားခံမှာ ဦးရှိန်းကျကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီရက် ဆိုသူဖြစ်ပြီး ၎င်းမှာ ဇူလိုင်လ ၃ ရက်နေ့၊ ည အချိန် ငါးခူရစခန်းမှ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း ဒေသခံတွင်း သတင်းအရင်းအမြစ် က ပြောသည်။
နယ်ခြားစောင့် ရဲအရာရှိသုံးဦး ထွက်ပြေးရခြင်းမှာ ဖမ်းဆီးထိန်းသိမ်းထားသည့် တရားခံ ထွက်ပြေး လွတ်မြောက် သွားသည့် အတွက်ကြောင့် ဖြစ်နိုင်သည်ဟု ၎င်း သတင်းအရင်းအမြစ်က ဆက်ပြောသည်။
“ဖြစ်စဉ်က မှန်ပါတယ်။ ဓားပြမှုနဲ့ဖမ်းဆီးထားတဲ့ မွတ်ဆလင် တရားခံ တစ်ယောက် မနေ့ညက လွတ်သွားလို့ အဲဒီစခန်းကအရာရှိတွေလည်း ထွက်ပြေးကြတာလို့ယူဆရပါတယ်” ဟု ဆိုသည်။
နယ်မြေ (၅) ငါးခူရ နယ်ခြားစောင့် ရဲကင်းစခန်းတွင် အင်းအား ၄၀ ခန့်ရှိပြီး လက်ရှိ နေ့လယ်ပိုင်းအခြေအနေအရ စစ်ကောင်စီတပ်က အင်အား အလုံးအရင်းဖြင့် လှုပ်ရှားသွားလာနေသည်ကိုတွေ့ရကြောင်း အထက်ပါ သတင်း အရင်းအမြစ်က ပြောသည်။
“အခုငါးခူရမှာ စစ်ကားတွေက စစ်သားအပြည့်နဲ့ ဝင်လိုက်ထွက်လိုက် လုပ်နေကြတယ်။ ဒီမှာရှိနေကြတဲ့ ပြည် သူတွေကို စစ်ဆေးမေးမြန်းတာတော့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။
ကြိမ်ချောင်းဗျူဟာနှင့် အမှတ် (၁) နယ်ခြားစောင့် ကွပ်ကဲမှုဌာနချုပ် ကျီးကျန်းပြင်ဖက်မှ အင်အား ရာနှင့်ချီသော စစ်ကောင်စီ တပ်သားများ ငါးခူရဘက်သို့ ကားဖြင့်တက်သွားသည်ကို မြင်တွေ့လိုက်ရကြောင်း မျက်မြင် ပညာရေးဝန်ထမ်းတစ်ဦး က ပြောသည်။
“ငါးခူရ စခန်းက အရာရှိတွေ ထွက်ပြေးသွားကြတယ်လို့ ဒီမနက်ကတည်းက သတင်း ကြားရတယ်။ အဲ့ဒါ ကြောင့် စစ်တပ်က အဲဒီဘက်ကို သွားကြတာ ထင်ပါတယ်။ မနက်က ကား ၄ စီး၊ ၅ စီးလောက် ကျီးကန်းပြင် ဘက်ကနေ အပေါ်ကို တက်သွားကြတာ တွေ့လိုက်ရတယ်။ အားလုံး လက်နက်အပြည့်နဲ့။ လူအင်အား ရာချီပါ မယ်။ ကားမှာအပြည့်ပါ” ဟု ထိုပညာရေးဝန်ထမ်းက ပြောသည်။
ရခိုင်မြောက်ပိုင်းတွင် နယ်ခြားစောင့် ရဲဝန်ထမ်းများအပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည်လည်းတပ်စခန်း စွန့်ခွာထွက်ပြေးမှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့ကလည်း မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွှတ်နယ်ခြားစောင့် ရဲစခန်းမှ သင် တန်းဆင်းခါစ ရဲဝန်ထမ်း ၄ ဦး လက်နက်များနှင့်အတူ ထွက်ပြေးမှုဖြစ်ပွားခဲ့သည်။