ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ကျေးရွာတွင် လူဦးရေ ၈ဝဝ ခန့်အတွက် စစ်ကောင်စီက ကယ် ဆယ်ရေး ပစ္စည်းများပေးရာ၌ ဆန် နို့ဆီဗူး ၂၄ ဗူးနှင့် စုတ်ပြတ်နေသည့် အဝတ်အထည်ဟောင်းအချို့ ပါဝင် ကြောင်း ရွာသားများက ပြောသည်။
ဂဏန်းတောင်ကျေးရွာအတွက် ဆန် နို့ဆီဗူး ၂၄ ဗူး၊ စုတ်ပြတ်နေသည့် အဝတ်အထည်ဟောင်း အချို့အပါအဝင် ဆပ်ပြာတောင့် အချောင်း ၄ဝ၊ ခြင်ထောင် ၅ လုံး၊ အိပ်ရာခင်း ၅ ခုနှင့် ဆန်ပြုတ်ထုပ် ၁၂ ထုပ်တို့ကို ဇွန်လ ၃ဝ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ် ထွေအုပ်ရုံးက ခွဲဝေပေးခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
အဝတ်အထည်ဟောင်းအချို့မှာ အမျိုးသမီးဝတ်များ ဖြစ်သော်လည်း ဟောင်းနွမ်းစုတ်ပြတ်နေပြီဟုလည်း ရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
“အဝတ်က အဟောင်းတွေပါ။ အမျိုးသမီးဝတ်ထမိန်တွေလည်း နပုတ် (မြန်မာအခေါ် - အထက်စင်)တွေ ဟောင်း နွမ်းနေပြီ။ အခု ဒီပစ္စည်းတွေကို ဝေငှဖို့ကိုလည်း ကျနော်တို့ ရွာသားတွေနဲ့ တိုင်ပင်နေပါတယ်။ မလိုတဲ့သူတွေ လည်း ရှိသလို လိုတဲ့သူတွေက အများကြီးရှိမယ်။ ဂဏန်းတောင်မှာလည်း လက်လုပ်လက်စားတွေက အများ ကြီး၊ ဆင်းရဲသူ ဆင်းရဲသားက အများကြီးဆိုတော့ ဒီဟာကို ဝေပေးဖို့အတွက်လည်း စဉ်းစားနေရပါတယ်” ဟု ပြောသည်။
ယခုပေးအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများအနက် အဝတ်အထည် ဟောင်းများကို စစ်ကောင်စီက ပေးအပ် လာခြင်းမှာ မုန်တိုင်းသင့်ပြည်သူများ အတွက် တန်ရာတန်ကြေးမဟုတ်ဟု အဆိုပါကျေးရွာမှ အမျိုးသမီးတစ်ဦး က ပြောသည်။
“အဝတ်ကတော့ အင်္ကျီနဲ့ ထမိန်တွေပါ။ ထမိန်တွေက နပုတ်(မြန်မာအခေါ် - အထက်စင်)တွေလည်း အစုတ်တွေ မြင်ပါတယ်။ ဒီလို အနွမ်းထည်တွေကို အသုံးပြုရမယ်ဆိုရင် ကျမတို့ ပြည်သူတွေအတွက် တန်ရာတန်ကြေး တစ်ခုမဟုတ်သလို ဖြစ်သွားပါတယ်။ ပြောချင်တာကတော့ မိုခါမုန်တိုင်းကြောင့် ရပ်ရွာတွေမှာလည်း အိမ်တွေ အားလုံးပျက်စီးသွားတာတွေရှိပါတယ်။ အဲဒီဟာတွေကို ပြည့်ပြည့်စုံစုံ မဟုတ်သည့်တိုင် ထက်ဝက်လောက် တတ်နိုင်တဲ့ ဘက်ကထောက်ပံ့ပေးပါလို့ ပြောချင်ပါတယ်။ ဘာမှ သုံးမရတဲ့ ထဘီတွေပါတဲ့ အဝတ်စုတ်တွေကို ထောက်ပံ့နေမယ့်အစား” ဟု ပြောသည်။
စုတ်ပြတ်နေသည့်အဝတ်အနွမ်းအထည်များကိုလည်း ရွာမှ အမျိုးသမီးများ မယူလိုဖြစ်နေသည်ဟု ဆိုသည်။
အဆိုပါကျေးရွာတွင် မုန်တိုင်းတိုက်ပြီးနောက် စစ်ကောင်စီထံမှ တစ်ရွာလုံးအတွက် သွပ် ၆ ပေ အချပ် ၂ဝ နှင့် တစ်အိမ်ကို ဆန် နို့ဆီဗူး ၁၂ ဗူးတို့ကို ပထမအကြိမ်ရရှိခဲ့သည်ဟု ဒေသခံရွာသားမျးက ပြောသည်။ ယင်း သွပ် အချပ် ၂ဝ တွင်လည်း ဟောင်းနွမ်းနေသည့် သွပ် ၂ ချပ် ပါဝင်ခဲ့သည်ဟု ရွာသားများက ပြောသည်။
ဒုတိယအကြိမ်အဖြစ် တစ်ရွာလုံးအတွက် သွပ် ၇ ပေ ၂၈ ချပ်၊ မာမီးခေါက်ဆွဲနှင့် သွားတိုက်ဆေးအချို့တို့ကို ထပ်မံရရှိခဲ့သည်ဟု ဆိုသည်။
ယခုအကြိမ်သည် စစ်ကောင်စီထံမှ တတိယမြောက်ရရှိခဲ့သည့် ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည်။
အဆိုပါကျေးရွာတွင် နေအိမ် ၁၉၅ ဆောင်နှင့် လူဦးရေ ၈ဝဝ ခန့်ရှိသည်။
မိုခါမုန်တိုင်းကြောင့် နေအိမ်များအားလုံး ပျက်စီးသွားခဲ့ပြီး ယင်းအနက် ၇၈ ဆောင်မှာ ပြိုလဲပျက်စီးသွားခဲ့ကာ ကျန်နေအိမ်များမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။