ပြည်သူတွေကို နည်းမျိုးစုံနဲ့ အနိုင်ကျင့်နှိပ်စက်နေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် တည်ထားတဲ့ နေပြည်တော် ကမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လှူဒါန်းကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ဟာ လူမိုက်အားပေးတာ ဖြစ်တယ်လို့ ဆရာတော်မင်းသုည ဗုဒ္ဓတက္ကသိုလ်က မိန့်ကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ (၂၉) ရက်နေ့က ပြည်တွင်း ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ကာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးဖြစ်လာမယ့် ဗုဒ္ဓရုပ်ပွားတော်နဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်ကိုယ်တိုင် ရှင်းလင်းခဲ့ပါတယ်။
အဲ့ဒီနောက် လာရောက်ကြတဲ့ စီးပွားရေးလုပ်ငန်းရှင် (၁၀၁) ဦးက အလှူငွေ (၁၆) ဘီလျံကျော် လှူဒါန်းခဲ့တယ်လို့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားတာပါ။
စစ်ခေါင်းဆောင်ဟာ သူ့ရဲ့လုပ်ရပ်တွေကို ဘုရားနဲ့အစားထိုးဖုံးကွယ်ဖို့ လုပ်နေတာဖြစ်တဲ့အတွက် ဘုရားကို စော်ကားတာဖြစ်သလို ဘီလျှံချီ လှူဒါန်းသူတွေဟာလည်း သမိုင်းတရားခံဖြစ်တယ်လို့ ဆရာတော်မင်းသုည ဗုဒ္ဓတက္ကသိုလ်က မိန့်ကြားခဲ့ပါတယ်။
“စစ်အာဏာရှင်တွေက သူတို့ရဲ့လုပ်ရပ်တွေကို ဘုရားနဲ့ကာဗာအစားထိုးပြီးတော့ ဖုံးကွယ်ခြင်းလို့ ခေါ်တယ်။ ဒါခုတုံးလုပ်ခြင်းပေါ့ဗျာ ၊ တစ်နည်းအားဖြင့်ပြောရရင် ထပ်ပြီးတော့ စော်ကားလိုက်တာပဲ။ အဲဒီတော့ ဒီလိုမျိုး စော်ကားနေမှန်းသိလျက်နဲ့ သွားပြီးတော့ ဘီလီယံနဲ့ချီတဲ့ငွေတွေ သွားလှူတာဟာ တကယ့်ကိုမှ အဆိပ်ပင်ရေ လောင်းမယ်၊ လူမိုက်ကပိုပြီးသတ်နိုင်အောင် ဖြတ်နိုင်အောင် လူမိုက်အားရှိအောင် လုပ်ခြင်းပါပဲ။ အဲဒီတော့ သွား လှူကြတဲ့ ပုဂ္ဂိုလ်တွေကလည်း သမိုင်းတရားခံပါပဲ” လို့ မိန့်ဆိုပါတယ်။
ဓာတ်ပုံ-MOI
စစ်ခေါင်းဆောင်ရဲ့ဘုရားကို လှူဒါန်းသူတွေထဲမှာထိပ်ဆုံးက ဖော်ပြခံထားရသူတွေကတော့ CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ကျပ်သိန်းနှစ်သောင်းနှစ်ထောင်ကျော်၊ ဝေမာကုမ္ပဏီလီမိတက်ပိုင်ရှင် ဦးကျေးက ကျပ်သိန်း နှစ်သောင်းနဲ့ ဧဒင်ကုမ္ပဏီက ဦးဝဏ္ဏခိုင်က ကျပ်သိန်းတစ်သောင်းခွဲ လှူဒါန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ATOM ဆက်သွယ်ရေး ကုမ္ပဏီပိုင်ရှင် ဦးသိန်းဇော်ဝင်းက ကျပ်သိန်း (၅၆၀၀)ကျော်၊ Asia World ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်က ကျပ်သိန်း (၅၀၀၀) နဲ့ အာဏာသိမ်းပြီး ဖမ်းဆီးခံရပြီးနောက် ထောင်က ပြန် ထွက်လာတဲ့ ဦးမောင်ဝိတ်က ကျပ်သိန်း(၁)ထောင် လှူဒါန်းခဲ့ကြတာပါ။
အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဘုရားစေတီတွေကို ထီးတော်တင်တာ၊ ရဟန်းသံဃာတော်တွေကို ဘွဲ့တံဆိပ်တော်တွေ ကပ်လှူတာတွေ လုပ်ဆောင်နေသလို ရုရှားနိုင်ငံမှာလည်း သီတဂူဆရာတော်နဲ့အတူ ရွှေတိဂုံဘုရားပုံတူ တည်ထားပါသေးတယ်။
ဗုဒ္ဓတရားတော်တွေနဲ့ ဆန့်ကျင်ကာ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်၊ မီးရှို့ပြီး အနိုင်ကျင့်တဲ့လုပ်ရပ်တွေ လုပ် ဆောင်နေတဲ့ စစ်ခေါင်းဆောင်ရဲ့ ဘုရားတည်ပြတာဟာ ဟန်ပြဖြစ်သလို အလှူငွေတွေဟာလည်း စစ်အာဏာရှင် ကို ဒေါက်ထောက်ဖို့ လုပ်ဆောင်တာသာဖြစ်တယ်လို့ ဆရာတော်မင်းသုညက ထပ်မံမိန့်ကြားခဲ့ပါတယ်။
“ဗုဒ္ဓတရားနဲ့ ဆန့်ကျင်ဘက် သတ်ချင်တိုင်းသတ်၊ ဖျက်ချင်တိုင်းဖျက် မီးရှို့ချင်တိုင်း မီးရှို့ပြီးတော့ ဘုရားတည် ပြတယ်ဆိုတာ ဟန်ပြဟန်ဆောင်လုပ်ဆောင်ခြင်းပါပဲ။ ဗုဒ္ဓအားပေးတဲ့ လမ်းစဉ်မဟုတ်ပါဘူး။ ဘီလီယံနဲ့ချီတဲ့ အလှူငွေတွေ ခရိုနီတွေဆိုရင် ခေါင်းကြီးသတ်လိုက်တာပါပဲ။ ခရိုနီတွေဆိုတာ စစ်အာဏာရှင်နဲ့ကင်းပြီး အလုပ် လုပ်လို့ ရတာမဟုတ်ဘူး။ သူတို့နဲ့တည့်နေမှ လုပ်လို့ရတာ ဖြစ်တယ်။ အဲဒီတော့ စစ်အာဏာရှင်နဲ့ ပေါင်းပြီးတော့ မှ ဘုရားအကြောင်းပြပြီး စစ်အာဏာရှင်လက်နက်ဝယ်ဖို့ စစ်အာဏာရှင်ကို ဒေါက်ထောက်ဖို့ လုပ်လိုက်တာပါပဲ” လို့ မိန်ကြားပါတယ်။
မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို ရွေးကောက်ပွဲကျင်းပခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်းမှာ နေ ပြည်တော် ကောင်စီနယ်မြေ ဒဏ္ခိဏသီရိမြို့နယ်အတွင်း ပန္နက်တင်အခမ်းအနားကျင်းပခဲ့ကာ အာဏာသိမ်းပြီး နောက် ပိုင်းမှာတော့ တည်ဆောက်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်တိုးမြှင့် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုလုပ်ဆောင်ထားတာဟာ စစ်ခေါင်းဆောင်ရဲ့ အာဏာသိမ်းမှုပြုလုပ်ဖို့ ကြိုတင်ကြံစည်မှုတွေထဲက တစ်ခု အပါအဝင် ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ (၃၇၀၀) ကျော်ကို သတ်ဖြတ်ထားသလို ပြည်သူတွေ နဲ့ နေအိမ်အဆောက်အအုံပေါင်း (၇၀၀၀၀) ကျော်ကို နည်းမျိုးစုံနဲ့ စစ်ကောင်စီတပ်က ဖျက်ဆီးထားတယ်လို့ လွတ်လပ်သော အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။