ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဗဟိုအလုပ်မှုဆောင် ထောင်ဒဏ် ၄ နှစ်ထပ်မံ ချမှတ်ခံရ

ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဗဟိုအလုပ်မှုဆောင် ထောင်ဒဏ် ၄ နှစ်ထပ်မံ ချမှတ်ခံရ

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်မှုဆောင် မဝတ်ရည်အောင်ကို စစ်ကောင်စီက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂-က ဖြင့်ထောင်ဒဏ် လေးနှစ်ထပ်မံချမှတ်လိုက်သည်။

အသက် ၂၃ နှစ်အရွယ် မဝတ်ရည်အောင်ကို ဇွန်လ ၂၇ ရက်နေ့တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက အမိန့် ထပ်မံချလိုက်ခြင်းဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အထွေထွေအတွင်းရေးမှူး မအက်စတာက မဇ္ဈိမကို ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မအက်စတာက “သူတို့ကတော့ ကျွန်မတို့ ကျောင်းသားပြည်သူတွေ အပေါ် နည်း အမျိုးမျိုးနဲ့ ဖိနှိပ်နေဦးမှာပါပဲ။ ကျမတို့ကလည်း အကျဥ်းထောင်ထဲမှာ ထောင်နှစ်ရှည် ချခံနေရတဲ့ ကျမတို့ ကျောင်းသားတွေ၊ သေဒဏ်ချခံထားရတဲ့ ကျမတို့ ကျောင်းသားတွေ ရှိနေသေးဆိုတာကို မမေ့ဘဲ လုပ်စရာရှိ တာတွေကို ဆက်လုပ်နေဖို့လိုပါတယ်” ဟု ပြောသည်။

မဝတ်ရည်အောင်သည် ယခင်ကလည်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ  ၅၀၅-က ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခံ ထားရသောကြောင့် လက်ရှိအချိန်တွင် စုစုပေါင်းထောင်ဒဏ် ခုနစ်နှစ်ချမှတ်ခံထားရပြီးဖြစ်သည်။

သူမသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်းက ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ကျောင်းသား/သူ ငါးဦးနှင့် အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများအနက် နှစ်ဦးပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန်သုံးဦးဖြစ်သည် ကိုစည်သူအောင်တင်၊ ကိုရဲလင်းဦးနှင့် မသဉ္ဇာဇော်တို့မှာလည်း နှစ်ရှည်ထောင်ဒဏ်များချမှတ်ခံထားရသည်။

မဝတ်ရည်အောင်သည် ဖမ်းဆီးခံရပြီးနောက်တွင် စစ်ကောင်စီ စစ်ကြောရေးက နှိပ်စက်သည့်ဒဏ်များကြောင့် ကျန်းမာရေး အခြေအနေ ဆိုးရွားနေသည်ဟု ဆိုသည်။

ယခင်က ဒိုက်ဦးထောင်တွင် ချုပ်နှောင်ခံခဲ့ရပြီး ကျန်းမာရေး အခြေအနေကြောင့် အင်းစိန်ထောင်သို့ ပြန်လည် ပြောင်းရွှေ့ထားရခြင်း ဖြစ်သည်။

“အခုအခြေအနေကတော့ ထွေထွေထူးထူး ထပ်ကြားရတာမျိုးမရှိဘူး။ သူ(မဝတ်ရည်အောင်)က ရုတ်တရက်မှ ထ ထဖြစ်တာဆိုတော့ ဖြစ်တဲ့အချိန်မှာ ပြည့်ဝတဲ့ ဆေးကုသမှုရဖို့တော့လိုတယ်။  အချိန်မရွေး ရောဂါအခြေ  အနေက ဆိုးရွားလာနိုင်လို့ အချိန်ပြည့်စောင့်ကြည့်ပြီး လိုအပ်တဲ့ဆေးကုသမှု အပြည့်အဝရဖို့တော့လိုပါတယ်။  အခုချိန်ထိလည်း ဆေးကုသမှု ပြည့်ပြည့် ဝဝမရရှိနေသေးပါဘူး” ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ရုံးချိန်းများမရှိတော့သည့်အတွက် မဝတ်ရည်အောင်၏ ကျန်းမာရေးအခြေအနေကို သိရှိနိုင်ရန် ခက်ခဲနေသည်ဟု မအက်စတာက ယနေ့ဇွန်လ ၂၉ ရက်နေ့တွင် မဇ္ဈိမကို အသိပေး ပြောဆိုသည်။

မဝတ်ရည်အောင်သည် ဖမ်းဆီးခံရပြီး သုံးလကျော်အကြာတွင် လေဖြန်းသဖြင့် ထောင်တွင်း ဆေးရုံတွင် ကုသခဲ့ ရသည်။

ထို့နောက်တွင် ကျန်းမာရေး စစ်ဆေးမှုများအရ ဦးနှောက်၌ အကြိတ်တွေ့ရှိသဖြင့် မိသားစုဝင်များက ထောင် ပြင်ပ ဆေးရုံတွင် ပြသရန် တောင်းဆိုသော်လည်း ထောင်အာဏာပိုင်များက ခွင့်မပြုဘူးဟု ဆိုသည်။

Most read this week

အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့  (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)
November 21, 2024
၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက...
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား။(ပုံ- ဒေါနတပ်ရင်း)
November 19, 2024
စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကြောင့် စစ်မှုထမ်းခဲ့ရသည့် ရဲဘော်ခြောက် ဦး...