ပုလဲမြို့နယ် လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၀ ဦးရှိလာပြီး ကြံ့ခိုင်ရေးပါတီထောက်ခံသူများလည်းပါဟုဆို

ပုလဲမြို့နယ် လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၀ ဦးရှိလာပြီး ကြံ့ခိုင်ရေးပါတီထောက်ခံသူများလည်းပါဟုဆို
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် ဘုန်းကြီးကျောင်း
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် ဘုန်းကြီးကျောင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် ဇွန်လ၂၈ ရက် ညနေအထိ သေဆုံးသူ ၁၀ ဦးရှိပြီဟု ဒေသတွင်း သတင်းရင်းမြစ်များက မဇ္စျိမကို ပြောသည်။

ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာနှင့် ချင်ပြစ်ကျေးရွာကို ယမန်နေ့ ဇွန်လ ၂၇ရက်၊ ညနေ ၃နာရီခွဲခန့် တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးကြဲချတိုက်ခိုက်သွားခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်ခံရမှုအပြီးတွင် သံဃာတော်တစ်ပါး အပါအဝင် ရှစ်ဦး သေဆုံးခဲ့ပြီး နာရီအနည်းငယ်အကြာတွင် ဒဏ်ရာပြင်းထန်သူ နှစ်ဦး ထပ်မံ သေဆုံးသွားသည်ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ဦးဇော်ထက်က မဇ္စျိမကို ပြောသည်။

“သေဆုံးသူ ၁၀ ဦးရှိပြီး တစ်ဦးကတော့ အခြေအနေဆိုးနေလို့ ကုသနေရဆဲပါ။ သေဆုံးသူတွေကို မနေ့က ညတွင်းချင်းပဲ သင်္ဂြိုလ်ခဲ့ရပါတယ်” ဟု ဦးဇော်ထက်က ပြောသည်။

ဒဏ်ရာပြင်းထန်သည့် အမျိုးသမီးမှာ ချင်ပြစ်ကျေးရွာမှ ဖြစ်သည်။ သေဆုံးသူများတွင် အသက် ၇၀ အရွယ် အမျိုးသား တစ်ဦးပါဝင်ပြီး သက်လတ်ပိုင်းအရွယ် အမျိုးသမီး သုံးဦး၊ အမျိုးသားခုနှစ်ဦး (သံဃာတော် တစ်ပါး ပါဝင်) သေဆုံးခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိသူ ဆယ်ဦးထက်မနည်း  ဆေး၀ါး ကုသမှုခံယူနေရသည်ဟု ယင်းမာပင်ခရိုင် တပ်ရင်း (၇)၊ ပုလဲမြို့နယ် အခြေစိုက် ပုလဲတပ်ရင်း(၁)သတင်းမှန်ပြန်ကြားရေး တာ၀န်ခံကိုဇွဲ က ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ညောင်ကုန်းကျေးရွာမှ ဘုန်းကြီးကျောင်း အဆောက်အအုံ တစ်ခု ပြိုကျပျက်စီးခဲ့ပြီး နေအိမ် ၁၄ လုံး မီးလောင်ခဲ့သည်။ ပျက်စီးခဲ့သည့် နေအိမ်များထဲတွင် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံအားပေးသည့် နေအိမ်နှစ်လုံးလည်း ပါ၀င်ခဲ့သည်ဟု ဒေသခံများကပြောသည်။

“ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ ပြည်ခိုင်ဖြိုးဘက်ကနေ တက်ကြွပါ၀င်လှုပ်ရှားပေးတဲ့ နေအိမ်နှစ်အိမ်လည်း ပစ်ခတ်ခံရတဲ့ အထဲပါသွားတယ်။  တစ်အိမ်မှာ မိသားစုလိုက် ဆုံးတယ်။ လေးယောက်တောင်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

မိသားစု လေးဦးသေဆုံးခဲ့သည့် အိမ်သည် ကြံ့ခိုင်ရေးပါတီ ထောက်ခံသူများဖြစ်ပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ တွင် သမ္မတဟောင်း‌ ဦးသိန်းစိန်အစိုးရ လက်ထက် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုကာ  ပုလဲမြို့နယ်မဲဆန္ဒနယ်မြေမှ ရွေးကောက်ပွဲဝင်ပြိုင်စဉ် စည်းရုံးရေးဆင်းပေးခဲ့ဖူးသည်ဟု ဒေသခံအချို့ကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ကြံခိုင်ရေးပါတီ ကိုယ်စားပြုဝင်ပြိုင်သည့်  ဦးကျော်ဆန်း၏ တပည့်အတွက် စည်းရုံးရေးဆင်းပေးခဲ့သည်ဟု ဆိုသည်။ ဦးကျော်ဆန်းရော ၎င်း၏တပည့်ပါ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည်။

စစ်ကောင်စီတပ်သည် မြေပြင်တွင် တိုက်ပွဲမရှိဘဲ အရပ်သားပစ်မှတ်များကို လာရောက်ဗုံးကြဲခြင်းဟု ဦးဇော်ထက်က ပြောသည်။

ယနေ့ ဇွန်လ ၂၈ ရက်တွင်လည်း ပုလဲနှင့်ယင်းမာပင်မြို့နယ်များ ပေါ်တွင် စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာ သုံးစင်းထက်မနည်းပျံ၀ဲခဲ့သေးသည်။

“ပုလဲနဲ့ ယင်းမာပင်မြို့နယ် နှစ်မြို့နယ်လုံးကို ပတ်၀ဲနေတာ။ ရွာတွေပေါ်ကို ကပ်ပြီး ၀ဲတာတွေရှိတယ်။ တချို့ နေ ရာတွေကို ပတ်လည် အကြာကြီးကြည့်သွားတယ်။ ၁၀ နာရီလောက်က တစ်ကြိမ်၊ ၁၂နာရီ လောက်က တစ်ကြိမ် ပါ။ ပစ်တာတော့ မရှိဘူး” ဟု ပုလဲမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော  Jungle Hunter Revolution Force တပ်ဖွဲ့မှ ကိုစစ်ရန်နိုင်က ပြောသည်။

စစ်ကောင်စီတပ်၏ လေယာဥ်ပျံ၀ဲမှုများ ရှိနေသည့်အတွက် ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်ရှိ ဒေသခံများ သည် လေကြောင်းမှ ထပ်မံတိုက်ခိုက်ခံရမည်ကိုစိုးရိမ်ထိန့်လန့်နေကြသည်။

Most read this week

အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့  (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)
November 21, 2024
၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက...
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား။(ပုံ- ဒေါနတပ်ရင်း)
November 19, 2024
စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကြောင့် စစ်မှုထမ်းခဲ့ရသည့် ရဲဘော်ခြောက် ဦး...