ရခိုင်တွင် ကျွဲ/နွားစျေးနှုန်းများ အဆမတန် မြင့်တက်နေ၍ "ကုရ်ဘာနီအိဒ်" ပွဲတော်အတွက် အခက်တွေ့

ရခိုင်တွင် ကျွဲ/နွားစျေးနှုန်းများ အဆမတန် မြင့်တက်နေ၍ "ကုရ်ဘာနီအိဒ်" ပွဲတော်အတွက် အခက်တွေ့
ဓာတ်ပုံ- Ran Naing/ Win Myint
ဓာတ်ပုံ- Ran Naing/ Win Myint

မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ကျွဲနွားတိရစ္ဆာန် အမြောက်အများသေဆုံးခဲ့သည့် ရခိုင်ပြည်နယ်တွင် အစ္စလာမ် ဘာသာဝင်တို့၏ "ကုရ်ဘာနီအိဒ်" ပွဲတော်အတွက် ကျွဲနွားများကို ယခင်ကထက် စျေးပိုပေး၍ ဝယ်ယူနေရ ကြောင်း ဒေသခံများက ပြောသည်။

အစ္စလာမ်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာဘာသာရေးပွဲတော် "ကုရ်ဘာနီအိဒ်" ပွဲတော်သည် မနက်ဖြန် ဇွန်လ ၂၉ ရက်နေ့တွင် ကျရောက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် အသီးသီးကျင်းပရန် အစ္စလာမ်ဘာသာဝင်များက ပြင်ဆင်နေကြပြီ ဖြစ်သည်။

မုန်တိုင်းကြောင့် ဒေသတွင်း ကျွဲနွားများ သေဆုံးမှုများပြားခဲ့သည့်အတွက် "ကုရ်ဘာနီအိဒ်" ပွဲတော်တွင် အသုံးပြု ရန် ကျွဲနွားများကို ယခင်ကထက် စျေးနှုန်းတစ်ဆပိုပေး၍ ဝယ်ယူနေရကြောင်း ရသေ့တောင်မြို့နယ်၊ မယူကမ်း ဒေသ ညောင်ပင်ကြီး မွတ်ဆလင်ကျေးရွာသား ကိုအောင်နိုင်စိုးက ပြောသည်။

"ကုရ်ဘာနီသားကောင် ကျွဲ၊ နွားတွေကို အခုအဆမတန်ပေးပြီးဝယ်ယူနေရပါတယ်။ ရွာမှာလည်း ကျွဲနွားတွေက မုန်တိုင်းအတွင်းအသေအပျောက်များခဲ့တော့ တခြား ကျွဲနွားတွေ ရှိသေးတဲ့ ရွာတွေမှာသွားဝယ်ရပါတယ်။ အရင်ကထက် စျေးအများကြီး ပိုပေးပြီးဝယ်နေရတယ်" ဟု ပြောသည်။

ယခင်က တစ်ကောင်ကို ကျပ် ၅ သိန်းခန့်ရှိသည့် ကျွဲနွားများကို ယခုအချိန်တွင် ကျပ် ၁၀ သိန်း ဝန်းကျင် အထိပေးကာ ဝယ်ယူနေရကြောင်း သူကပြောသည်။

"အရင်စျေးထက် အရမ်းမြင့်တက်သွားတယ်" ဟု ပြောသည်။

၎င်းတို့၏ ညောင်ပင်ကြီးကျေးရွာတွင်လည်း မိုခါမုန်တိုင်းအတွင်း ရွာသားများပိုင်သည့် နွားကောင်ရေ ၆၀ ခန့်သေဆုံးခဲ့ကြောင်း သူက ပြောသည်။

လက်ရှိတွင် ဘာသာရေးအရ ကုရ်ဘာနီပွဲတော်ကျင်းပရန် စီစဥ်ထားသော်လည်း ကျွဲနွား စျေးနှုန်းများ အဆမတန် မြင့်တက်နေ၍ မုန်တိုင်းကြောင့် နာလန်ပင် မထူနိုင်သေးသည့် ကျေးရွာသားများမှာ အခက်တွေ့နေကြောင်း ကိုအောင်နိုင်စိုးက ဆက်ပြောသည်။

မြောက်ဦးမြို့နယ်၊ ချင်းတောင်ကျေးရွာတွင်လည်း ယခင်နှစ်က ကုရ်ဘာနီပွဲတော်ကို တစ်ရွာလုံးနီးပါးပြုလုပ်ခဲ့ သော်လည်း မုန်တိုင်းအတွင်း ကျွဲနွားအမြောက်အများ သေဆုံးမှုကြောင့် ယခုနှစ်တွင် တစ်ရွာလုံး၏ ၂၅ ရာခိုင် နှုန်းခန့်သာ ကုရ်ဘာနီပြုလုပ်နိုင်မည် ဖြစ်ကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ကုရ်ဘာနီပြုလုပ်ရန် ယခင်က ၁၄ သိန်းကျပ်ခန့်ရှိသည့်  ကျွဲတစ်ကောင်ကို ယခု ၂၁ သိန်းကျပ်၊ ယခင်က ၁၂ သိန်းကျပ်ခန့်ရှိသည့်နွားတစ်ကောင်ကို ယခုသိန်း ၂၀ ကျပ်ခန့်ဖြင့် ဝယ်ယူနေရကြောင်း သူက ပြော သည်။

“မုန်တိုင်းတုန်းက ရွာမှာရှိတဲ့ ကျွဲနွားတွေလည်း သေသွားတယ်လေ။ အရင်နှစ်တုန်းကဆို ရွာမှာနွားကောင်ရေ ၁၀၀ လောက် ကုရ်ဘာနီလုပ်ခဲ့တယ်။ ဒီနှစ်က ရွာသားတွေမှာ မုန်တိုင်းကြောင့် အိမ်တွေလည်းပျက်စီးသွားတော့ ကျပ်တည်းကြတယ်။ ဒီနှစ်တော့ အရင်နှစ်ကလိုမျိုး လုပ်နိုင်တော့မှာမဟုတ်ဘူး" ဟုပြောသည်။

ကုရ်ဘာနီအိဒ်ပွဲတော်သည် အစ္စလာမ်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဘာသာရေး ပွဲတော်ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ဒေသ အတွင်း ကျွဲနွားတိရစ္ဆာန်ကောင်ရေ ၉၉၈၁ ကောင်သေဆုံးမှုရှိခဲ့ကြောင်း ရက္ခိုင်ပြည်သူ့အစိုးရ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က စာရင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ပုံအဖြစ်ဖော်ပြခြင်းသာ
November 5, 2024
အင်အားတိုးချနေသည့်ကြားမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ အရေးအကြီးဆုံး...
November 4, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့အနီးဝန်းကျင်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား...
November 1, 2024
ရခိုင်ပြည် တောင်ကုတ်မြို့ အခြေစိုက် စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ(၅) လက်အောက်ရှိ စစ်ကောင်စီ...
November 1, 2024
အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်၊...