တနိုင်း - လီဒိုလမ်းမပေါ်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ ဝါရာဇွပ်တိုက်နယ်ကို ကန့်သတ်နယ်မြေအဖြစ် KIA က ထုတ်ပြန်လိုက်သည့်နောက် ၄ ရက်အတွင်း စစ်ကောင်စီတပ်က ဂျက်လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဇွန်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် ဝါရာဇွပ်တိုက်နယ်တွင် ဂျာဝမ်၊ ကိုင်းတော နှင့် လောဒ်ဂျာစသည့် နေရာများတွင် တရားမဝင် ငါးဖမ်းခြင်း၊ တောင်ယာစိုက်ခင်း၊ လယ်ယာမြေ လုပ်ကိုင်ခြင်း၊ စက်ယန္တရားကြီးအပါ တနိုင်တပိုင် ရွှေတူးဖော်ခြင်း၊ အကြောင်းမဲ့ လာရောက်နေထိုင်ခြင်း မပြုရန် KIA က သတိပေးထုတ်ပြန်ထားသည်။
ဇွန်လ ၂၄ ရက်နေ့ ၅ နာရီခွဲဝန်းကျင်တွင် ဂျာဝမ် နှင့် လောဒ်ဂျာ ကျေးရွာအနီးတဝိုက်တွင် ဂျက်လေယာဉ် ၂ စီးဖြင့် လာရောက်ကာ ဗုံးကြဲတိုက်ခိုက်သွားသည်ဟု ရှဒူးဇွပ်ဒေသခံတစ်ဦးက KNG ကို ပြောသည်။
“၅ နာရီနဲ့ ၆ နာရီဝန်းကျင်လောက်မှာပဲ ဂျက်ဖိုက်တာ ၂ စီးနဲ့လာပြီးတော့ တစ်စီးကပစ် တစ်စီးနောက်ကနေ လိုက် ကြည့်ပေးနေတာ ဟုတ်တယ်။ လေယာဉ်ဗုံးက ၅ လုံးလောက်ချ သွားတယ်။ ရှဒူးဇွပ်ကနေ အသံအကျယ်ကြီး ကြားရတယ်။ KIA ဘက်ကတော့ ထိခိုက်တာမရှိဘူးလို့ ပြောတယ်” ဟု ပြောသည်။
အလားတူ ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့် နယ်မြေစိုးမိုးထားသည့် ကိုင်းတောရွှေမှော်တွင် မင်းဇင်သန့်နှင့် အကျိုးတူ ရွှေလုပ်ကိုင်နေသည့် ရွှေလုပ်ငန်းရှင် ဒေါ်ဖြူဖြူအောင်၏ ဘက်ဟိုးတစ်စီးကို KIA က သွားရောက် မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။
ထို့နောက် KIA နှင့် ပြည်သူ့စစ်အဖွဲ့တို့အကြား စစ်ရေးတင်းမာခဲ့ပြီးနောက် စစ်ကောင်စီတပ်က ယခုကဲ့သို့ လာ ရောက်ဗုံးကြဲသွားခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဝါရာဇွပ်ကျေးရွာအုပ်စု စံပြဒေသခံတစ်ဦးက သုံးသပ် ပြောဆိုထား သည်။
“ရှေ့အပတ်မှာပဲ ကိုင်းတောမှာ မင်းဇင်သန့်အဖွဲ့တွေနဲ့ အကျိုးတူ ရွှေလုပ်နေတဲ့ ဖြူဖြူအောင်ရဲ့ ဘက်ဟိုးကို KIA က ညအချိန်မှာ မီးရှို့ပေးလိုက်တာ။ ပြီးရင် ရွှေလုပ်သားတချို့ကိုလည်း ဖမ်းသွားတယ်လို့ကြားတယ်။ ဒါပေမယ့် တချို့ကိုတော့ ပြန်လွတ်ပေးပြီလို့ကြားတယ်။ အဲ့ကြောင့် သူတို့ကို နှောက်ယှက်တယ်ဆိုပြီး အထက်ကို တိုင် လိုက်တာထင်တယ်။ အဲ့ဒီ KIA ရှိနိုင်တယ်ဆိုတဲ့နေရာတွေမှာ လာပစ်သွားတာဟုတ်တယ်” ဟု ပြောသည်။
KIA ဘက်က ဇွန်လ ၂၁ ရက်နေ့တွင် ကန့်သတ်မြေသတ်မှတ်လိုက်သည့် နောက်ပိုင်း ဂျာဝမ်၊ ကိုင်းတော၊ လောဒ်ဂျာ စသည့် ရွှေမှော်များတွင် ရွှေတူးဖော်နေသည့် လုပ်ငန်းရှင်အချို့နှင့် တောင်ယာလုပ်ငန်း လုပ်ကိုင်သူ အချို့က ရှဒူးဇွပ်၊ အောင်ရာ၊ စံပြ စသည့်ကျေးရွာများဘက်သို့ ပြန်လည်ထွက်လာကြသည်။
KIA က ရှဒူးဇွပ်၊ အောင်ရာ၊ စံပြ ဒေသခံပြည်သူများ စားဝတ်နေရေးအတွက် အဓိကအားထားပြီး တောင်ယာ လုပ်ငန်း၊ ဟင်းသီးဟင်းရွက်ရှာဖွေစားသည့်နေရာများနှင့် တနိုင်တပိုင် ရွှေတူးဖော်မှု လုပ်ကိုင်ကြသည့် နေရာများ ကို ကန့်သတ်မြေအဖြစ် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် အဆိုပါ နေရာများတွင် လုပ်ကိုင်စား သောက် ရန် အခက်တွေ့နေသည်ဟု ဒေသခံများ ပြောသည်။
တစ်ဖက်တွင်လည်း မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့ဘက်က စံပြ နှင့် အောင်ရာကျေးရွာ ပြည်သူများသွားလာသည့် ကားလမ်းနေရာများတွင် ဂိတ်နေရာချကာ စစ်ဆေးရေးများ တင်ကြပ်ထားသောကြောင့် ပြည်သူများအတွက် သွားလာရေးတွင် စိတ်အနှောက်အယှက် ဖြစ်စေသည်ဟု စံပြဒေသခံက ဆက်ပြောသည်။
ထို့ပြင် မင်းဇင်သန့်အဖွဲ့သည် စံပြကျေးရွာအတွင်းရှိသော မိုင်းမိုင် ကုန်စုံဆိုင်အနီးတွင် ဂိတ်ချထားပြီး KIA ဟု ယူဆရသူများကို ဖမ်းဆီးခြင်း၊ တနိုင်းဘက်ကို တက်လာသည့် ကုန်တင်များကို စစ်ဆေးမှုများ ပြုလုပ်ရာတွင် စက်သုံးဆီ သယ်ဆောင်လာသည့် ကုန်တင်ကားများထံမှ ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေကြသည်။
ရှဒူးဇွပ်ဒေသတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့က စစ်ကောင်စီတပ်ဖွဲ့၏ ထောက်တိုင်အဖြစ် နယ်မြေစိုးမိုးထားသော ဒေသတစ်ခုဖြစ်ပြီး ရှဒူးဇွပ်ဒေသအနီးတဝိုက် KIA ရှိနိုင်သည့် နေရာများတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပုံမှန်လုပ်နေသည်။