ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ရသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်က ဂျိုင်သာကျေးရွာသားများမှာ နေရာသစ်တွင် အလုပ်အကိုင် အဆင်မပြေမှုများကြောင့် သားသမီးများ ပညာရေးပါ ထိခိုက်နေရသည်။
ဂျိုင်သာကျေးရွာတွင် အိမ်ခြေ ၅၀ ကျော်၊ လူဦးရေ ၃၀၀ ကျော်ရှိပြီး ၎င်းနေရာကို တပ်ပိုင်မြေဟုဆိုကာ စစ်တပ် က ပြောင်းရွှေ့ခိုင်းပြီး ရွာနှင့် ၅ မိုင်ခန့်ဝေးသည့် သစ်ကောက်ကျေးရွာအနီး အစိမ်းမတောင်ပေါ်တွင် နေရာချပေး ခဲ့သည်။ ၂၀၂၂ နှစ်ကုန်ပိုင်းတွင် ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ရခြင်း ဖြစ်သည်။
အဆိုပါနေရာသစ်တွင် လုပ်ကိုင်စားသောက်ရေး အဆင်မပြေသဖြင့် အိမ်ထောင်စု ၂၀ ကျော်ကသာ လက်ခံ နေထိုင်ခဲ့ကြပြီး ကျန်သည့် အိမ်ထောင်စု ၃၀ ကျော်မှာ မောင်ရွှေလေး၊ ကြိုးကြာ၊ သဗြုချိုင် စသည့်ကျေးရွာ များသို့ ပြောင်းရွှေ့သွားကြသည်။
ယခင်က ဂျိုင်သာကျေးရွာတွင် KG တန်းမှ Gread-7 အထိ ကျောင်းသူ၊ ကျောင်းသား ၄၀ ယောက်ရှိရာမှ ယခု နှစ်တွင် Gread-6 နှင့် Gread-7 ကျောင်းသား ၅ ယောက် ကျောင်းထွက်လိုက်ရကြောင်း ဒေသခံများက ပြော သည်။
“တချို့ကလေးတွေဆို ကျောင်းစိမ်းအင်္ကျီအဟောင်းလေး နှစ်ထည်လောက်နဲ့ အလဲအလှယ်ဝတ်ပြီး ကျောင်း တက် နေရတယ်။ မိဘတွေ အဆင်မပြေတော့ စာအုပ်တွေကအစ မပြည့်စုံကြဘူး” ဟု ဂျိုင်သာကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်ဟောင်း ဦးဘိုနီက ပြောသည်။
ကျောင်းထွက်လိုက်ရသောကလေးငယ်များမှာ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းက ဝိုင်းကူ လုပ်ကိုင်နေကြကြောင်း ဦးဘိုနီက ဆက်ပြောသည်။
စစ်တပ်ကချပေးသည့် သစ်ကောက်ကျေးရွာအနီး အစိမ်းမတောင်ပေါ်တွင် နေထိုင်သည့် အိမ်ခြေ ၂၀ ကျော်မှ ကျောင်းသူ၊ ကျောင်းသား ၂၀ ယောက်မှာ ရေဖြူအိုင်ကျေးရွာမှ စာသင်ကျောင်းတွင် ပညာသင်ကြားနေကြပြီး အခြား အနီးပတ်ဝန်းကျင် ကျေးရွာများသို့ ပြောင်းရွှေ့သွားသည့် အိမ်ခြေ ၃၀ ကျော်မှ ကျောင်းသူ၊ ကျောင်းသား ၁၅ ယောက်မှာ သဗြုချိုင်ကျေးရွာတွင် ပညာသင်ကြားလျက်ရှိကြသည်။
နေအိမ်ပြောင်းရွှေ့လာချိန်မှစ၍ အလုပ်အကိုင်ရှားပါးမှု၊ နေထိုင်ရေးအခက်အခဲတို့ကြောင့် သားသမီးပညာ ရေးထက် စားဝတ်နေရေးအတွက်သာ ရုန်းကန်နေကြရသည်ဟု ဂျိုင်သာကျေးရွာသားများက ပြောသည်။
“အရင်တုန်းကနေထိုင်ခဲ့တဲ့ နေရာလိုမဟုတ်တော့ စားဝတ်နေရေးအတွက်ရော၊ နေထိုင်ရေးအတွက်ရော ကျနော်တို့မှာ ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်” ဟု ဂျိုင်သာကျေးရွာသား ဦးညိုမင်းလွင်က ပြောသည်။
ဂျိုင်သာကျေးရွာသားများ မူလနေထိုင်ခဲ့သောနေရာမှာ ပင်လယ်ကမ်းစပ်နှင့်နီးသည့်အတွက် ရေလုပ်ငန်းနှင့် ဆက်စပ်သော အလုပ်များကို လုပ်ကိုင်နိုင်၍ မိသားစုစားဝတ်နေရေး အဆင်ပြေခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။
လက်ရှိနေရာသစ်တွင် ကိုယ်ပိုင်လုပ်ငန်း မရှိသည့်အပြင် အလုပ်အကိုင်လည်း ရှားပါးသည့်အတွက် ကြုံရာ ကျပန်း လုပ်ကိုင်စားသောက်နေရသည်ဟု ဂျိုင်သာကျေးရွာမှ ဒေါ်ခင်မျိုးကပြောသည်။
“ကိုယ့်မှာ လုပ်ကိုင်စားသောက်နေတဲ့ ဥယျာဉ်ခြံတွေနဲ့ စားဝတ်နေရေးအခြေကျနေတဲ့ အလုပ်တွေကို ထားခဲ့ကြ ရတာလေ။ သူတို့(စစ်တပ်)ကပေးတဲ့ နေရာဆိုတာကလည်း လုပ်ကိုင်စားသောက်ဖို့ ဘာအခွင့်အလမ်းမှ မရှိတာ။ ဒါကြောင့် အခက်အခဲတွေက အများကြီးရှိတယ်” ဟု ဒေါ်ခင်မျိုးက ဆက်ပြောသည်။
၁၉၇၆ ခုနှစ်က မြေလွတ်မြေရိုင်းများကို ရှင်းလင်းကာ ဂျိုင်သာကျေးရွာတွင် စတင်နေထိုင်ခဲ့ကြပြီး ၁၉၉၆ ခုနှစ် တွင် ရေတပ်ပိုင်မြေအဖြစ် သတ်မှတ်လိုက်ပြီးနောက် ဂျိုင်သာကျေးရွာများမှာ တစ်အိမ်ထောင်လျှင် တစ်နှစ်စာ အခွန်အဖြစ် ငွေကျပ် ၅၀၀ စီ ပေးဆောင်ကာ နေထိုင်လာခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် ဂျိုင်သာကျေးရွာသားများမှာ မူလနေရာမှ ပြောင်းရွှေ့လာခဲ့ရသဖြင့် နှစ်ရှည်လများ လုပ်ကိုင် စား သောက်လာခဲ့သည့် ဥယျာဉ်ခြံလုပ်ငန်းနှင့် ရေလုပ်ငန်းများကို စွန့်ခွာခဲ့ရကာ အလုပ်အကိုင် ရှားပါးမှုများကြောင့် လည်း သားသမီးများကို ပညာဆက်လက် သင်ကြားနိုင်ရေးအတွက်ပါ စိန်ခေါ်မှုများရှိလာနေသည်။