ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသတွင် ထိုင်းနိုင်ငံဘက်မှ WIFI အင်တာနက် ဖြတ် တောက်ထားမှုကြောင့် ကာစီနိုလုပ်ငန်း နှင့် အွန်လိုင်းလူလိမ်ခေါ်သည့် လုပ်ငန်းအချို့ ရပ်နားထားရပြီး အလုပ်သမားအယောက် (၆၀)ကျော် အလုပ်ပြုတ်သွားသည်ဟု ဒေသခံများက ပြောသည်။
ထိုင်နိုင်ငံဘက်မှ ကနဦးတွင် လျှပ်စစ်မီးဖြတ်တောက်လိုက်ပြီးနောက် WIFI အင်တာနက်လိုင်းများကိုပါ ထပ်မံ ဖြတ်တောက်လိုက်သောကြောင့် ပြည်ပမှ လာရောက်သည့် တရုတ်လူမျိုးများအပြင် အခြားသော နိုင်ငံခြား သားများ လုပ်ကိုင်နေသည့် ကာစီနိုလောင်းကစားရုံ လုပ်ငန်းတစ်ခုနှင့် အွန်လိုင်းလူခေါ်လုပ်ငန်းနှစ်ခုတို့ ရပ်နား ထားရပြီး အဆိုပါ လုပ်ငန်းမှ အလုပ်သမား (၆၀) ကျော် အလုပ်ပြုတ်သွားခြင်း ဖြစ်သည်ဟု ရွှေကုက္ကိုလ် ဒေသခံ တစ်ဦးက ပြောသည်။
“အစကမီးပဲဖြတ်တော့ မီးစက်ကြီးနဲ့သူတို့မောင်းပြီး လုပ်လို့ရသေးတယ်။ အခုတရုတ်ဆိုက်မှာက WIFI ပါ ဖြတ် ခံလိုက်ရတော့ တရုတ်ကုမ္ပဏီတွေ ရပ်နားလိုက်ရတယ်။ တချို့သူဌေးတွေက အလုပ်ရပ်လိုက်တော့ သူတို့ အောက်က အလုပ်သမားတွေလည်း အကုန်ပြုတ်ကုန်တယ်။ ပြီးတော့ ကာစီနိုထဲမှာ လုပ်တဲ့ အလုပ်သမား တွေလည်း အလုပ်ဖြုတ်ခံလိုက်ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
မြဝတီမြောက်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသကို ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့က ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီး ဖြတ် တောက်လိုက်ပြီးနောက် ဇွန်လ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံဘက်မှ သွယ်ယူထားသည့် အင်တာနက် WIFI လိုင်း များကိုပါ ထိုင်းနိုင်ငံဘက်ခြမ်းက ဖြတ်တောက်လိုက်ခြင်း ဖြစ်သောကြောင့် လျှပ်စစ်မီးနှင့် အင်တာနက်ကို အဓိက အားထားအသုံးပြုရသည့် လုပ်ငန်းများကို ရပ်နားလိုက်ရခြင်းလည်း ဖြစ်သည်။
သို့သော် ရွှေကုက္ကိုလ်ဒေသအတွင်းရှိ ရပ်ကွက် ၆ ခုကို မြဝတီမြို့အမှတ်( ၂) တံတားဘက်ခြမ်းမှ သွယ်တန်းထား သည့် လျှပ်စစ်ဓာတ်အားလှိုင်းကို အသုံးပြု၍ အချိန်အကန့်အသက်ဖြင့် လျှပ်စစ်မီး ဖြန့်ဝေပေးနေပြီး ယခု လမှ စ၍ လျှပ်စစ်မီး တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ ၁၃ ဘတ်အထိ ကောက်ခံမည်ဟုလည်း ဒေသခံတစ်ဦး က ကေအိုင်စီသို့ ယခုကဲ့သို့ ဖြည့်စွက်ပြောသည်။
“ပြီးခဲ့တဲ့လကတော့ တစ်ယူနစ်ကို ၁၀ ဘတ်နဲ့တွက်တယ်။ အခုက တစ်ယူနစ်ကို ၁၃ ဘတ်နဲ့သူတို့တိုး ပြီးကောက် မယ်ပြောတယ်။ ကျနော့်အိမ်မှာတောင် မီးက ဘတ် တစ်သောင်းအထိ တက်သွားတယ်။ ဒါတောင်မီးက ပုံမှန်လာ နေတာမဟုတ်ဘူး။ အချိန်ပိုင်းနဲ့ကို ပိုပြီးကောက်လာတာ” ဟု ကေအိုင်စီသို့ ဖြည့်စွက်ပြောသည်။
ထိုသို့ ရွှေကုက္ကိုလ်ဒေသရှိ ကာစီနိုနှင့် လူလိမ်လည်ခေါ်သည့် လုပ်ငန်းအချို့ ရပ်နားထားရမှုများ ရှိနေသော်လည်း ပြည်ပ နိုင်ငံအသီးသီးမှ လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံ၏ အတွင်းပိုင်းဒေသ ပြည်မ မှ အလုပ်သမားများက စားသောက်ဆိုင်၊ KTV နှင့် Bar စသည့်ဆိုင်များကိုလည်း တိုးချဲ့ဖွင့်လှစ် လာလျက်ရှိ နေကြောင်းဒေသခံများ၏ ပြောပြချက်အရ သိရသည်။