စစ်တပ်အာဏာသိမ်းပြီးနောက် ဖားအံမြို့ပြ စီပွားရေးလုပ်ငန်းများ ၂ နှစ်ကျော်အကြာအထိ ရပ်ဆိုင်းနေ

စစ်တပ်အာဏာသိမ်းပြီးနောက် ဖားအံမြို့ပြ စီပွားရေးလုပ်ငန်းများ ၂ နှစ်ကျော်အကြာအထိ ရပ်ဆိုင်းနေ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ၂ နှစ်ကျော်ကာလ ကြာချိန်အထိ မြို့ပြ စီးပွားရေးလုပ်ငန်းကြီးများ လည်ပတ်လုပ်ကိုင်နိုင်ခြင်း မရှိတော့ဘဲ ရပ်ဆိုင်းနေဆဲဖြစ်ကြောင်း ဖားအံမြို့ခံ သတင်း အရင်းအမြစ်များက ပြောသည်။

ယခင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်က အကောင်အထည်ဖော် ဆောင်ရွက်ရန်ကျန်ရှိ ေနသည့် ဖားအံမြို့ပြ စီမံကိန်းဆိုင်ရာ ဒေသတွင်း အလည်အပတ်နေရာများ၊ ဟိုတယ်လုပ်ငန်း၊ စျေးဝယ်စင် တာ နှင့် ဇွဲကပင် တောင်တက် ကေဘယ်ကား စီမံကိန်းကြီးများမှာ ယခုအချိန်ထိ ရပ်ဆိုင်းနေဆဲဖြစ်သည်ဟု ဖားအံမြို့ခံ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“အရင်အစိုးရ လက်ထက်က မြို့မှာလုပ်နေတဲ့ ပုဂ္ဂလိကလုပ်ငန်းကြီးတွေရပ်နေတယ်။ ဇွဲကပင် ကေဘယ်ကား စီမံကိန်း၊ ကမ်းနားလမ်းတို့ ဇွဲကပင်ပလာဇာတို့၊ အိမ်ယာစီမံကိန်းတို့ ချစ်သူမြိုင် ပန်းခြံတို့ ရပ်နေတာကြာပြီ။ တခြား ပုဂ္ဂလိက လုပ်ငန်းကြီးတွေလည်း ရပ်နေတာကြာပြီ။ စစ်ကောင်စီကတော့ စည်ပင်ဌာန၊ ဆောက်လုပ်ရေး ဌာနတွေက စစ်တပ် ထောက်ခံတဲ့ ကုမ္ပဏီတွေနဲ့ လုပ်ငန်းသစ်တွေ လုပ်နေကြတယ်။ ဟိုနားပြင် ဒီနားဆောက် တွေ လုပ်ပြနေတယ်။ ပြီးတော့ အရင်အစိုးရ လက်ထက် လုပ်လက်စတွေ အပြီးသတ်ပြီး ဖွင့်ပွဲတွေ လိုက်လုပ် တယ်။ မြို့က လူတွေ စီးပွားရေးကြပ်တည်းလာတော့ ဘာမှသိပ်ပြီး အလုပ်မဖြစ်ကြဘူး။ စစ်ကောင်စီ ဝန်ထမ်း တွေလည်း အလုပ်မဖြစ်ကြတော့ဘူး” ဟု ကေအိုင်စီ သို့ ပြောသည်။

ဖားအံမြို့ကို စစ်ကောင်စီ က လုံခြုံရေး ဖြည့်တင်းစောင့်ကြပ်နေပြီး ခရီးသွားလုပ်ငန်းဖြင့် ဖွံဖြိုး စည်ကားနေရန် ပွဲလမ်းသဘင်များ ခွင့်ပြုကာ လုပ်ဆောင်နေသော်လည်း ဒေသတွင်း အခါကြီး ရက်ကြီးများ၊ စစ်ကောင်စီ ရုံးပိတ် ရက်များ၊ ဘာသာရေး အထိမ်းအမှတ် ရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူ အချို့သာ ရှိနေကြောင်း ဒေသခံ စျေးသည်အချို့၏ ပြောဆိုမှုအရ သိရသည်။

ထိုသို့ ဖားအံမြို့ စည်ကားစေရန် ပြုလုပ်စျေးရောင်းကြရသည့် ဒေသခံ စျေးသည်များအနေဖြင့် စျေးအရောင်း အဝယ် ကျဆင်း အရှုံးပေါ် နေသဖြင့် လုပ်ငန်းများ ရပ်နားထားရကြောင်း ဖားအံမြို့ခံ စျေးသည် တစ်ဦးက ပြောသည်။

“ဖားအံက ညစျေးတို့ ကန်သာယာညစျေးတို့မှာ စျေးသယ်တွေကများပြီး စျေးရောင်မကောင်းကြဘူး။ လူလာ စားကြတာ လာလည်ကြတာ နည်းလာတယ်။ ည ၇နာရီ ခွဲလောက်ဆို လူမရှိ လူမစည်တော့ဘူး။ ညနေ ၅ နာရီ ၆ နာရီလောက်ပဲ လူလာတယ်။ မနက်ပိုင်းဆိုလည်း စျေးရောင်းရတာက ရပ်ကွက်က လူလောက်ပဲ စျေးရောင်း ရတယ်။ တခြားနယ်ကလူ ရွာကစျေးတက်ဝယ်တဲ့သူတွေ သိပ်မလာကြတော့ဘူး။ သူတို့နေရာတွေမှာ တိုက်ပွဲ တွေ ဖြစ်နေတော့ စျေးရောင်းစျေးဝယ်မလာကြဘူး” ဟု ကေအိုင်စီ သို့ ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း ဖားအံမြို့နှင့် လှိုင်းဘွဲ့မြို့ မှလွဲ၍ ကျန်မြို့နယ် ၅ ခုတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

ထို့အပြင် စစ်ကောင်စီတပ်သည်လည်း ၎င်းတို့၏ မြို့နယ်၊ ခရိုင် မြို့ပြအုပ်ချုပ်ရေး နေရာများမှ လွဲ၍ ရပ်ရွာ ဒေသများအတွင်း စိုးမိုးအုပ်ချုပ်နိုင်ခြင်းမရှိတော့ကြောင်း KNLA ပူးပေါင်းစစ်ကြောင်း သတင်းအရင်းအမြစ် များကဆိုသည်။

photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...