ရခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းနေ၍ စစ်ဘေးရှောင်စခန်းများ ရေနစ်မြုပ်နေ

ရခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းနေ၍ စစ်ဘေးရှောင်စခန်းများ ရေနစ်မြုပ်နေ
ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်း ရေနစ်မြုပ်နေစဉ်။
ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်း ရေနစ်မြုပ်နေစဉ်။

ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် စစ်ဘေးရှောင် စခန်းအများအပြား ရေနစ်မြုပ်နေကြသည်။

ရခိုင်တွင် ဇွန်လ ၂၁ ရက်နေ့နောက်ပိုင်းမှ စတင်ကာ ဇွန်လ ၂၅ ရက်နေ့ အထိ မိုးအဆက်မပြတ် ရွာသွန်းနေ၍ စစ်ဘေးရှောင်စခန်းများ ရေနစ်မြုပ်နေကြခြင်းဖြစ်ပြီး အလွန်တရာ ဒုက္ခရောက်နေကြသည်ဟု စစ်ဘေးရှောင် များနှင့် စခန်းတာဝန်ရှိသူများက ပြောသည်။

ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်ဆိုလျှင်လည်း ယမန်နေ့မှစတင်ကာ စခန်းတွင်းသို့ ရေများဝင်ရောက်လာပြီး နေရေးထိုင်ရေး ခက်ခဲလျက်ရှိသည်ဟု စခန်းနေသူများက ပြောသည်။

စခန်းတွင်နေထိုင်သူ ဦးသိန်းထွန်းလှက “ဘယ်လောက်ထိ ဆိုးဝါးနေလဲ ဆိုတော့ တံတားတွေတောင် မြုပ်သွား ပြီ။ အိမ်တွေတော့ ရေစဝင်နေပြီ။ ရေတွေမြုပ်နေတော့ ခြင်ကလည်းကိုက်။ အိမ်သာတွေလည်း အားလုံး မြုပ်နေ တော့ အိမ်သာတွေလည်း တက်ဖို့ မရလိုက်တော့ဘူး”ဟု ပြောသည်။

မိုးကလည်း ဆက်လက်ရွာသွန်းနိုင်ခြေရှိနေ၍ ယခုထက် ပိုမိုပြီး ရေတက် လာနိုင်ဖွယ်ရှိသည်ဟုလည်း ဆိုသည်။

ယင်းသို့ တက်လာပါက ရွာထဲရှိ ကုန်းမြင့်ရာ ဘုန်းတော်ကြီးကျောင်းများသို့ ရွှေ့ပြောင်းရန် အခြေအနေကိုစောင့် ကြည့်နေကြရသည်ဟုလည်း ပြောသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ ၅ဝဝ ကျော် နေထိုင်လျက်ရှိသည်ဟု သိရသည်။

အလားတူ မြောက်ဦးမြို့နယ်၊ တိန်ညိုစစ်ဘေးရှောင်စခန်းတွင်လည်း မိုးရွာသွန်းနေမှုကြောင့် ရမ်းချောင်းမှ ချောင်းရေများဝင်ရောက်လျက်ရှိနေပြီဟု စခန်းတာဝန်ခံ ဦးဦးစိုးနိုင်က နိရဉ္စရာကို ပြောသည်။

“ချောင်းရေတိုးလာရင်တော့ ဝင်တယ်။ တချို့အနိမ့်ပိုင်း အိမ်တွေအထိတောင် ရေ ရောက်တယ်”ဟု ပြောသည်။

အဆိုပါစခန်းတွင် လူဦးရေ ၂၈ဝဝ ကျော်ရှိသည်ဟု ပြောသည်။

ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများသည် ပြီးခဲ့သည့် မေလ ၁၄ ရက်က တိုက်ခတ်သွားခဲ့သည့် မိုခါမုန်တိုင်းဒဏ် ကိုလည်း အကြီးအကျယ် ခံခဲ့ရသေးသည်။

မုန်တိုင်းကြောင့် ပြိုလဲပျက်စီးသွားသည့် စစ်ဘေးရှောင်စခန်းများရှိ နေအိမ်အဆောင်များကို ပြန်လည် ပြုပြင် ရန်ပင် အခက်တွေ့နေရချိန် ယခုကဲ့သို့ ရေလွှမ်းမိုးမှုဒဏ်ကိုပါ ဆက်လက် ကြုံတွေ့နေရ၍ စစ်ဘေးရှောင်များတွင် နေရေးထိုင်ရေး အလွန်တရာ အခက်အခဲဖြစ်နေကြသည်ဟု ပြောသည်။

ရခိုင်တွင် စစ်ဘေးရှောင်ဦးရေ ၇ သောင်းခန့်ရှိနေသေးသည်ဟု အရပ်ဘက်အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ရပ်ရွာအနီးနှင့် တောတောင်များတွင် မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများကို စစ်ကောင်စီက ရှင်းလင်းမပေးသေး၍ နေရပ်မပြန်နိုင်သေးခြင်း ဖြစ်သည်ဟုလည်း အဆိုပါစစ်ဘေးရှောင်များက ပြောသည်။

လက်ရှိ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် မုတ်သုံလေ အားအနည်းငယ်မှ အား အသင့်အတင့်ရှိနေသလို ကျန်ဘင်္ဂလားပင်လယ်အော်တွင်လည်း မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်း နေပြီး နောက် ၂ ရက်အထိ မုတ်သုံလေ အားအသင့်အတင့် ရှိနေဦးမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနက ဇွန်လ ၂၅ ရက်နေ့၊ နံနက်တွင် ထုတ်ပြန်ထားသည်။

ယင်းသို့ မုတ်သုံလေအားကောင်းနေ၍ ရခိုင်အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင် သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most read this week

ဓာတ်ပုံ-Mgkhine Aung facebook
November 7, 2024
ရခိုင်ပြည်တွင် နှစ်စဉ်ရေရှားပါးမှုကိုကာကွယ်ရန်အတွက်...
ဓာတ်ပုံ- ပုံအဖြစ်ဖော်ပြခြင်းသာ
November 5, 2024
အင်အားတိုးချနေသည့်ကြားမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ အရေးအကြီးဆုံး...
November 4, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့အနီးဝန်းကျင်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား...
November 1, 2024
ရခိုင်ပြည် တောင်ကုတ်မြို့ အခြေစိုက် စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ(၅) လက်အောက်ရှိ စစ်ကောင်စီ...