အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုန်စည်ပို့ဆောင်တဲ့ လမ်းခရီးဂိတ်တွေမှာ ငွေကြေးမကောက်ခံဖို့ သတိပေးထားပေမယ့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်ရဲ့ ငွေကြေးကောက်ခံမှုတွေ ပိုဆိုးလာတယ်လို့ ခရီးသွားတွေနဲ့ ကုန်စည်ပို့ဆောင်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ခေါင်းဆောင်က ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေရတာဟာ လမ်းခရီးတွေမှာရှိတဲ့ ဂိတ်တွေမှာ မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေရှိနေတာကြောင့်ဖြစ်ပြီး မလိုလားအပ်တဲ့ ကုန်ကျစရိတ်မရှိစေဖို့အတွက် ပြည်နယ်နဲ့တိုင်း အလိုက် တာဝန်ရှိသူတွေက အလေးထား ကြပ်မတ်ဆောင်ရွက်သွားဖို့ ဇွန်လ (၁၂) ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး အစည်းအဝေးမှာ သတိပေးထားတာပါ။
ဒီလို သတိပေးထားပေမယ့် စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေက အရင်က ထက် ငွေကြေးပိုမိုကောက်ခံလာသလို မပေးပါကလည်း လမ်းခရီးကြန့်ကြာအောင်ပြုလုပ်တာ၊ ရိုက်နှက်တာတွေ ကအစ ပြုလုပ်နေတယ်လို့ ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“အခုက ဂိတ်တိုင်းလိုလိုက ကားတွေကတော့ ပေးနေရတာတောက်လျှောက်ပဲ။ မော်လမြိုင်ကနေ စထွက်တယ် ဆိုထဲကကို တောင်းတာရမ်းတာတွေကများတယ်။ ကျွန်တော်တို့ကလည်း လူကပါးတော့ လမ်းမှာပစ္စည်း နည်း နည်းပါးပါး တင်တာတောင်မှ တောက်လျှောက်ပေးရတယ်။ ပြောနိုင်ရင်ပြောနိုင်သလောက် သက်သာတာပေါ့။ မပြောနိုင်ရင်လည်း အဆင်မပြေတဲ့အချိန်ကျတော့လည်း များသွားတာပေါ့ ငွေပမာဏက။ အနည်းဆုံးပေးရ တာ တော့ တစ်ဂိတ်ကိုပေးရတာ (၁၀၀၀ ကနေ ၅၀၀၀)။ ငွေမပေးလို့ရှိရင် ကားကိုကြန့်ကြာမှုဖြစ်အောင်လို့ ရစ်တာ၊ ဖောက်တာတို့စစ်တာတို့ ရှိတာပေါ့။ ထောက်ခံစာပါတော့လည်းမရ။ အဲဒီလိုပုံစံမျိုးတွေဖြစ်တော့ တောက် လျှောက်တော့ ပေးရတာပဲ။ မထင်ရင် စကားအပြောအဆို သူတို့နားထဲမှာမဝင်ရင် လက်ကလေးတွေပါ ပါတာက အစရှိတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ငွေကြေးမပေးဆောင်ပါကလည်း ကုန်စည်ပို့ဆောင်ရေးကားတွေကို မပေးသွားတော့ဘဲ လုံခြုံရေး အခြေအနေအရ စစ်ဆေးတယ်ဆိုပြီး အချိန်ကြာမြင့်စွာ စစ်ဆေးမှုတွေပြုလုပ်တာကြောင့် ကုန်စည်စီးဆင်းမှုမှာ ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေရတယ်လို့ သူကဆက်ပြောပါတယ်။
ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်နေသူတစ်ဦးကလည်း “အခုကျွန်တော်တို့ မြဝတီနဲ့ကော့ကရိတ် တံတားကျိုး ရောက်ရင်ကို (၁) သိန်းကျော်လောက် ကုန်တယ်ဗျာ။ ဘာ လို့လဲဆိုတော့ တစ်ဂိတ်ကို တစ်ခါတလေကျရင် (၂)သောင်း (၃)သောင်း တောင်းတယ်ဗျာ။ သူတို့က လျော့ဖို့ဆို တာမပြောနဲ့။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ ဗမာယာဉ်ထိန်းရဲတောင်မှ ဆရာရေ (၁)သောင်းတောင်းရင် (၅) ထောင်လုပ်ပါ ပြောလို့ရတယ်။ ဒီအခု နယ်ခြား စောင့်တပ်ဆိုတာကဆိုးတယ်။ ကျွန်တော်တို့လည်း နိုင်ငံတော် အခွန်ဆောင်ပြီးတော့ သွားကြတာပဲ။ ကားဆို လည်း နိုင်ငံတော်အခွန်ဆောင်တာလေ၊ ကုန်ဆိုလည်း နိုင်ငံတော် အခွန်ဆောင်ပြီးတော့ သွားတာကို” လို့ ပြောပါ တယ်။
ကုန်စည်ပို့ဆောင်တဲ့ယာဉ်အပြင် ကုန်ပစ္စည်းတွေဟာ နိုင်ငံတော် အခွန်ဆောင်ပြီး သွားလာနေပေမယ့် လမ်း ကြောင်းတစ်လျှောက်ရှိ စစ်တပ်ဂိတ်တွေအပြင် နယ်ခြားစောင့်တပ်တွေကိုပါ ငွေကျပ်သိန်းနဲ့ ချီပေးနေရ တယ် လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်နေသူ “အဓိကလမ်း ကြောင်းဆိုတာက ရှင်းရှင်းပြောရရင်တော့ဗျာ တောင်းတာ ပြုတာတွေက နိုင်ငံသားတိုင်းအတွက် လုံခြုံရေး၊ လုံခြုံရေးဆိုပြီး လုံခြုံရေးမယူဘဲနဲ့အဲဒီလို တောင်းရမ်းတာတွေ က ဆိုးလွန်းတယ်ဗျာ။ အဲဒါတွေကို ဖြေလျော့ပေးနိုင်ရင်တော့ ကောင်းတာပေါ့ဗျာနော်၊ ဘယ်သူမဆိုက အခုချိန် မှာ ကြပ်တည်းနေရတယ်ဆိုတော့ နည်းနည်းလျော့ပေါ့ပြီးတော့မှ စဉ်စားစေချင်တယ်လို့ ကျွန်တော်တော့ ပြော ချင်ပါတယ်ဗျာ”လို့ ဆိုပါတယ်။
စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ငွေကြေးအဆမတန် ကောက်ခံနေတာကြောင့် ကုန်သည် တွေကလည်း ကုန်စည်တွေအပေါ် ဂိတ်ကြေးတွေပါ ထပ်မံပေါင်းထည့်ပြီး ရောင်းချရတဲ့အတွက် ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကို ပြည်သူတွေခံစားနေရတာ ဖြစ်ပါတယ်။
တဖက်မှာတော့ ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်အများစုဟာ ကုန်ရှားပါးလာတာ၊ စက်သုံးဆီဈေးနှုန်းမြင့် တက်နေတာအပြင် လမ်းတစ်လျှောက်ရှိ ဂိတ်ကြေးတွေကြောင့် ရငွေနဲ့ထွက်ငွေ မကိုက်တော့တဲ့အတွက် မော် တော်ယာဉ်တချို့ ရပ်နားတာတွေ ရှိနေပါတယ်။
နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းကာလအတွင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လုံခြုံရေး အကြောင်း ပြချက်နဲ့ ဂိတ်တွေတိုးချဲ့ ဖွင့်လှစ်လာသလို ဖွင့်လှစ်ထားတဲ့ ဂိတ်တိုင်းကိုလည်း ငွေကြေး ပေးဆောင်နေရတာ ကြောင့် ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်အပါအဝင် ပြည်သူတွေပါ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတာပါ။
ဓာတ်ပုံ-CJ