ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်း၊ လီဒိုလမ်းမပေါ်တွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA က ခရီးသည် များအား စစ်သားစုဆောင်းဖမ်းဆီးနေသည်ဟု ဒေသခံများက ပြောသည်။
မြစ်ကြီးနား-ရှင်ဗွေယန်မြို့ တို့အား ဆက်သွယ်ထားသည့် ဟူးကောင်းချိုင့်ဝှမ်း၊ လီဒိုလမ်းမပေါ်ရှိ KIA တပ်ရင်း ၁၄ မှ နာဂလူမျိုး၊ ကချင် နှင့် လီဆူလူမျိုး ခရီးသည်များအား စစ်သားစုဆောင်း ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“တနိုင်းနဲ့ ရှင်ဗွေယန်၊ မြစ်ကြီးနားကြားမှာ လမ်းပေါ်မှာ ခရီးသွားတွေကို စစ်သားစုဆောင်းနေတာ ၂ ပတ် လောက် ရှိပြီ။ နာဂ၊ ကချင်၊ လီဆူဆို ဖမ်းတယ်။ မှတ်ပုံတင်ကြည့်ပြီး ဖမ်းတယ်။ အရင်ပတ်ကလည်း နာဂလေး တွေ တော်တော်များများ အဖမ်းခံသွားရတယ်။ သူတို့လုပ်ရပ်က စစ်ကောင်စီထက်တောင် ဆိုးနေတယ်။ နာဂ ကို အဓိက ဖမ်းနေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ခရီးသည်များအား မှတ်ပုံတင်စစ်ဆေးကာ အထက်ပါ လူမျိုးများဖြစ်ပါက အိမ်ထောင်သည်များ သာမက အမျိုး သား၊ အမျိုးသမီးများ လူငယ်၊ လူလတ်ပိုင်းများအား ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု ခရီးသည်တစ်ဦးက ပြော သည်။
“အိမ်ထောင်သည်လည်း ဖမ်းတယ်။ တစ်အိမ်က ၂ ယောက်ဆို တစ်ယောက်လွတ်တယ်၊ တစ်ယောက်ကို ဖမ်း တယ်။ စစ်သားလုပ်ဖို့ ဖမ်းတာ။ ခရီးသွားတွေကို ဖမ်းနေတာတော့ တော်တော် ယုတ်မာတဲ့လုပ်ရပ်ပဲ” ဟု အဆိုပါ ခရီးသည် က ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA လက်အောက်ခံ အဆိုပါ တပ်ရင်း ၁၄ သည် လီဒိုလမ်းမပေါ်ရှိ လဂျားဘွမ် ကျေးရွာ ပတ်ဝန်းကျင်တွင် ရှောင်တခင် ထွက်ကာ ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုသို့ ရှောင်တခင်ထွက်၍ ဖမ်းဆီးရာတွင် နာဂလူငယ်များအား အဓိကဖမ်းဆီးနေပြီး တရုံကျေးရွာရှိ နာဂ လူငယ်များအားလည်း နေအိမ်များထဲအထိ ဝင်ကာ ဖမ်းဆီးသွားသည်များရှိနေသည်ဟု ဒေသခံများက ပြော သည်။
“လဂျားဘွမ်ရွာ ဝန်းကျင်မှာ ရှောင်တခင် ထွက်လာပြီး ဖမ်းနေတာ။ အရင်ကလည်း တစ်ခါဖမ်းတယ်။ အဲ့ဒီ အချိန်တုန်းက နာဂတွေပဲ ဖမ်းတယ်။ နာဂအဖွဲ့က ဖမ်းခိုင်းတာ ဆိုပြီး ပြောတယ်။ ဒါပေမဲ့ မဟုတ်ဘူး။ KIA စစ်သားလုပ်ဖို့ပဲ ဖမ်းနေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA လက်အောက်ခံ တပ်ရင်း ၁၄ က ဒေသခံများအား စစ်သားစုဆောင်းနေ သည့် ကိစ္စနှင့် ပတ်သက်၍ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်ခဲ့သော် လည်း ဆက်သွယ်၍ မရခဲ့ပေ။
စစ်သားစုဆောင်းမှုပြုလုပ်နေသည့် KIA တပ်ရင်း ၁၄ နယ်မြေတွင် ကချင်လွတ်လပ်ရေးတပ်မတော်အပြင် စစ်ကောင်စီတပ်နှင့် မင်းဇင်သန့်ဦးဆောင်သည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူစစ်အဖွဲ့တို့လည်း လှုပ်ရှား သွားလာလျှက် ရှိနေသည်။
အဆိုပါ ဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် KIA တပ်ရင်း ၁၄ အနေဖြင့် ဇွန်လ ၂၁ ရက်နေ့က ဟူးကောင်းချိုင့်ဝှမ် အတွင်းရှိ ဝါရာဇွပ် တိုက်နယ်အား ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်ကြောင်း ကြေညာချက် ထုတ်ပြန် ထားသည်။