အေးချမ်းနေတဲ့တိုင်းပြည်ကို လက်နက်ကိုင်တိုက်ခိုက်မှုဖြစ်အောင် EAO တချို့ ဖန်တီးခဲ့လို့ စစ်ကောင်စီစွပ်စွဲ

အေးချမ်းနေတဲ့တိုင်းပြည်ကို လက်နက်ကိုင်တိုက်ခိုက်မှုဖြစ်အောင် EAO တချို့ ဖန်တီးခဲ့လို့ စစ်ကောင်စီစွပ်စွဲ
ဓာတ်ပုံ-MOFA Myanmar
ဓာတ်ပုံ-MOFA Myanmar

နှစ်ပေါင်း ၅၀ နီးပါး အေးချမ်းနေတဲ့ တိုင်းပြည်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တချို့က လူငယ်တွေကို PDF အဖြစ် သင်တန်းပေး လက်နက်ကိုင်စေကာ ဒေသတွင်း လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဖြစ်အောင် ဖန်တီးခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲလိုက်ပါတယ်။

ထိုင်းနိုင်ငံအစိုးရအဖွဲ့ တာဝန်ရှိသူတွေရဲ့ ဦးဆောင်မှုအရ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေက အခုလိုစွပ်စွဲပြောဆိုခဲ့တာပါ။

စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးက လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံရေးမတည်ငြိမ်မှုအပေါ် အခွင့် ကောင်းယူပြီး EAO တချို့ဟာ ကိုဗစ်ကာလစီးပွားရေး၊ လူမှုရေးအခက်အခဲကြောင့် စိတ်ထိခိုက်ခံစားလွယ်တဲ့ လူငယ်တွေကို PDF အဖြစ် သင်တန်ပေး လက်နက်တပ်ဆင်ကာ တိုင်းပြည်တွင်း လက်နက်ကိုင်တိုက်ခိုက်မှု ဖြစ်အောင် ဖန်တီးခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီပြောဆိုမှုအပေါ် ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရ ဆလိုင်းထက်နီက “ကျွန်တော်တို့ တိုင်းပြည် မငြိမ်းချမ်းရတဲ့ အကြောင်းအရင်းကတော့ ဒီစစ်တပ်ကနေ နိုင်ငံတော်အာဏာကို ပြည်သူလူထုဆီကနေ လုယူ ပြီးတော့ ခဏခဏ အာဏာသိမ်းလိုက်တဲ့ ကိစ္စပါပဲ။ ၁၉၆၂ ၊၁၉၈၈ အခု နွေဦးတော်လှန်ရေးဖြစ်ပေါ်စေတဲ့ ၂၀၂၀ အာဏာသိမ်းမှုတွေက သက်သေပါပဲ။ အဲဒါကြောင့် အဲဒီအာဏာသိမ်းမှုကြောင့်ပဲ ကျွန်တော်တို့နိုင်ငံက မငြိမ်းချမ်း တာ။ ပြီးတော့ ၁၉၆၂ ကတည်းက ဒီကနေ့အထိ ပြည်တွင်းစစ်ဖြစ်နေတယ်။ ဘယ်တော့မှ ကျွန် တော်တို့နိုင်ငံ မတည်ငြိမ်ခဲ့ပါဘူး၊ မငြိမ်းချမ်းခဲ့ပါဘူး။ အဲဒါက တိုင်းသိပြည်သိအားလုံးအသိပါ။ အဲဒါကို စစ် ကောင်စီက အဲ့ဒီလို တစ်ဖက်ကိုလွှဲချပြီးပြောနေတာက ဘာမှအခြေအမြစ်မရှိတဲ့ စကားလုံးတွေပါပဲ” လို့ ပြောပါတယ်။

မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ နိုင်ငံ့အာဏာအရပ်ရပ်ကို လက်နက်အားကိုး သိမ်းယူခဲ့တဲ့ စစ်တပ်ဟာ ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ဒီမိုကရေစီလိုလားသူ အရပ်သားပြည်သူတွေကို သေနတ်ဖောက်ပြီး အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းတာတွေ၊ ဖမ်းဆီးသတ်ဖြတ်နှိပ်စက်တာတွေ လုပ်ဆောင်ခဲ့တာပါ။

ဒီအခြေအနေမှာ စစ်အုပ်ချုပ်ရေးယန္တရားအောက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ သွားလာ လှုပ်ရှားရှင်သန်ခွင့် ဆုံးရှုံးခဲ့ကြရပြီး အမျိုးမျိုးသော ဖိနှိပ်မှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ ဖမ်းဆီးနှိပ်စက်မှုတွေ ကြောင့် လူငယ်တွေကို PDF အဖြစ် တွန်းပို့ခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောခွင့်ရ နိုင်နဂါးက ”နိုင်ငံတကာ အခင်းအကျင်း ဆွေးနွေးပွဲတစ်ခုမှာ အခု လို စစ်ကောင်စီ ကိုယ်စားလှယ်ပြောတဲ့ ယုတ္တိယုတ္တန်မရှိတဲ့စကားက အင်မတန်မှ ရယ်စရာကောင်းပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာ သဘောဆန္ဒထုတ်ပြနေတဲ့ ပြည်သူလူငယ်တွေကို လက်နက်တွေနဲ့ ချေ မှုန်းတိုက်ခိုက်ခဲ့တာ တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးသိတဲ့ကိစ္စပါ။ ဒါကို မဟုတ်တမ်းတရားနဲ့ EAO တချို့ကနေ အခု လိုမျိုး လူငယ်တွေကို လက်နက်တပ်ဆင်ပြီးတော့ ဆူပူထကြွအောင် လုပ်တယ်ဆိုတဲ့ဟာက အင်မတန်မှ ရယ် စရာကောင်းတဲ့ စကားတစ်ခွန်းလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ PDF တွေဟာ လက်နက်ကိုင်တိုက်ခိုက်ရာမှာ စစ်တပ်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ရင်ဆိုင် တိုက်ခိုက်တာ မဟုတ်ဘဲ လက်နက်မဲ့ပြည်သူတွေကို အနိုင်ကျင့်သတ်ဖြတ်ခြင်းသာဖြစ်ပြီး ဆန့်ကျင်ဘက် ပါတီဝင်တွေ နိုင်ငံဝန်ထမ်း၊ စစ်မှုထမ်းဟောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ အတွေ့အကြုံနဲ့ စွမ်းရည်ပြည့်ဝတဲ့ တပ်ဖြစ်တဲ့အတွက် သာမာန် လက်နက်ကိုင်အဖွဲ့တွေကို လွယ်ကူစွာ အင်အားသုံး ချေမှုန်းနိုင်စွမ်းရှိပေမယ့် နိုင်ငံသားတွေသာ များစွာသေကြေဒဏ် ရာရမှာဖြစ်တဲ့အတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေတာလို့ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အဲ့ဒီဆွေးနွေးပွဲမှာ တင်ပြခဲ့တာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ “တော်လှန်ရေး အင်အားစုတွေကို ချေမှုန်းနိုင်တယ်ဆိုတာ ပြီး ခဲ့တဲ့ ၂နှစ်အတွေ့အကြုံကို ပြန်ကြည့်လိုက်ရင်သိပါတယ်။ အခုက စစ်တပ်က ၁၀၀ ရာခိုင်နှုန်းရှိရာကနေ ၅၀ ကျ၊ PDF တွေက သုညကနေ ၅၀ ရာခိုင်နှုန်းကျော်အထိ တက်လာတယ်။ နောက်အကြမ်းဖက်မှု လုပ်လိုက်တာက လည်း ကမ္ဘာကစံချိန်တင်ရတဲ့ အခြေအနေထိပေါ့ဗျာ။ အကြမ်းဖက်မှုမျိုးစုံ လူထုကိုဖျက်ဆီးမှုမျိုးစုံ ဒီလိုလုပ်နေ တာတွေဟာ သူတို့အနေနဲ့ မလုပ်ချင်ဘဲ လုပ်နေရတယ်ပေါ့ဗျာ။ ဒါပေမယ့် ဒီအင်အားစုတွေ သူတို့တပ်မတော်ကို မယှဉ်နိုင်ပါဘူးလို့ သူတို့က နိုင်ငံတကာက သူ့မိတ်ဖက်တွေကို သူတို့အနေနဲ့ လက်ရှိအခြေ အနေအမှန်ကို ကျောခိုင်းပြီး လိမ်လည်တင်ပြနေတာလို့ ကျွန်တော်သုံးသပ်ပါတယ်” လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေး ဝန်ကြီးဌာနက တွက်ချက်မှုအရ လက်ရှိအချိန် မှာ စစ်တပ်ရဲ့တိုက်ခိုက်ရေးတပ်ရင်းတွေနဲ့ လက်ရုံးတပ်တွေ အားလုံးပေါင်းရင် အင်အား စုစုပေါင်း ၂၂၀,၀၀၀ ကျော် မှ ၂၄၀,၀၀၀ ဝန်းကျင်သာ ရှိတော့တယ်လို့ ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြစာတမ်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ရန်သူ့အင်အား ၂၉၀၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့သလို ၁၁၀၀၀ ကျော်ကိုလည်း ထိခိုက်ဒဏ်ရာရစေခဲ့တဲ့အပြင် စစ်တပ်အာဏာသိမ်းမှုကို လက်မခံတဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ တပ်မ တော်သား ၁၃၀၀၀ ကျော်လည်း ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ်အာဏာသိမ်းမှုကို လက်မခံတာကြောင့် စစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင် တော်လှန်ရေးနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ ၅၀၀ ထက်မနည်း ပေါ်ပေါက်လာပြီး စစ်အာဏာရှင် ပြုတ်ကျရေး အတွက် တိုက်ပွဲဆင်နွှဲနေတာပါ။

သုတေသနအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေရ စစ်တပ်အာဏာသိမ်းမှုအလွန် ၂ နှစ် တာကာလအတွင်း နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၁၉၀ ကျော်ထက်မနည်းမှာ တိုက်ပွဲပေါင်း ၈၀၀၀ ကျော် ဖြစ်ပွားခဲ့ တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-CJ
November 7, 2024
ပြည်ပရွှေ့ပြောင်းအလုပ်သမား အများဆုံးရှိနေတဲ့ မွန်ပြည်နယ်မှာ စစ်ကောင်စီအသက်သွင်းလိုက်တဲ့...
November 7, 2024
အွန်လိုင်းလူမှုကွန်ရက်တွေပေါ်မှာ စစ်ကောင်စီကို ရေးသားဝေဖန်မှုတွေကြောင့် သုံးလအတွင်း ပြည်သူ ၁၄၃...
ဓာတ်ပုံ-MOI
November 6, 2024
မွန်ပြည်နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေအပေါ်...
မြိတ်ခရိုင်တပ်ရင်း ၁
November 5, 2024
တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်...