ထားဝယ်ရှိ ထွေအုပ်ရုံးတစ်ခု တိုက်ခိုက် မီးရှို့ခံရ

ထားဝယ်ရှိ ထွေအုပ်ရုံးတစ်ခု တိုက်ခိုက် မီးရှို့ခံရ

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်တိုက်ခိုက် ခံရပြီး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု မြို့ခံများက ပြောသည်။

ထွေအုပ်ရုံး ပစ်ခတ်တိုက်ခံရပြီးနောက် တစ်ရက် နံနက်ပိုင်းတွင် ရုံးဝင်းအနီးတွင် နေထိုင်သည့် ဦးစီးမှူး ဦးအောင်နိုင်နှင့် ဇနီးဖြစ်သူတို့ စစ်တပ်ထဲသို့ ပြောင်းရွှေ့သွားကြပြီး ရုံးကိုလည်း ပိတ်ထားသည်ဟု မြို့ခံများက ပြောသည်။

ကလိန်အောင်မြို့အမှတ် ၃ ရပ်ကွက်နေ အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦးက “ညက သေနတ်သံတွေ ရော တဂျိမ်းဂျိမ်းနဲ့ လက်နက်ကြီးသံတွေပါ ဆူညံနေတာ။ ည ၁ နာရီလောက်အထိ စစ်တပ်ဘက်ကလည်း အတွဲ လိုက်ကို ပြန်ပစ်နေတာ။ ရုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တာကိုတော့ မနက်မိုးလင်းကြမှ သိတယ်” ဟု ပြောသည်။

ဇွန်လ ၂၁ ရက်နေ့၊ ည ၁၁ နာရီခွဲအချိန်ခန့်က ပြည်သူ့ကွယ်ရေးတပ်များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်သည်။

မီးရှို့ဖျက်ဆီးခံရမှုကြောင့် ရုံးခန်းအတွင်းပိုင်း နံရံများနှင့် စာရွက်စာတမ်းများ မီးလောင်ပျက်စီးနေသည်ကို တွေ့မြင်ခဲ့ရသည်ဟု ကလိန်အောင်မြို့ခံများက ပြောသည်။

ရေး-ထားဝယ် ကားလမ်းမပေါ်တွင်လည်း ကျည်ဆန်အခွံများ တွေ့ရပြီး အခင်းဖြစ်ပွားပြီးနောက် ယနေ့အချိန်ထိ အဆိုပါလမ်းပေါ်တွင် လူအသွားအလာပင် မရှိဘူးဟု ဒေသခံများက ပြောသည်။

သို့သော် ကလိန်အောင်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ မည်သည့် အဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုမူ မသိရသေးပေ။

ပစ်ခတ်မှုဖြစ်ပြီးနောက် ဇွန်လ ၂၂ ရက်နေ့၊ မွန်းလွှဲပိုင်းအချိန်တွင် စစ်ကောင်စီတပ်က ကလိန်အောင် အထွေထွေ အုပ်ချုပ်ရေးရုံးကို လာရောက်စစ်ဆေးခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း ကလိန်အောင် တံတားထိပ် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်မှ သေနတ်များဖြင့် လှမ်းပစ်ခဲ့ပြီး ခမရ - ၄၀၉ တပ်ရင်းအတွင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေး သည်ဟု မြို့ခံများက ပြောသည်။

ယခုနှစ် မတ်လတွင်လည်း ယခုကဲ့သို့ မြို့တွင်းလမ်းမပေါ် ညဘက်ပစ်ခတ်မှုဖြစ်စဉ်တခု ဖြစ်ပွားခဲ့သေးသည်။

ဇွန်လ ၁ ရက်နေ့ကလည်း ကလိန်အောင်မြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် အသက် ၃၀ ဝန်းကျင် အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သေးသည်။ အဆိုပါ အမျိုးသားသည် ဇွန်လ ၁ ရက်နေ့၊ နေ့လည်ပိုင်းအချိန်တွင် ကလိန်အောင်ဆံတော်ရှင်စေတီ တောင်တက်လမ်း အနီးတွင် ပစ်ခတ်ခံရပြီး သေဆုံး သွားခဲ့ခြင်းဖြစ်သည်။

ကလိန်အောင်မြို့တွင် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ပြည်သူများ အား အမျိုးမျိုးစွပ်စွဲကာ ဖမ်းဆီးခြင်းများ လုပ်နေသည့်အပြင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အမည်မသိ လက်နက်ကိုင်များက စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ စစ်ကြောင်းများ၊ ယာဉ်တန်းများအပြင် စစ်ကောင်စီလက် အောက်ခံ သက်ဆိုင်ရာ ရုံးအသီးသီးတို့ကို မိုင်းဆွဲတိုက်ခိုက်မှုများ၊ ခြုံခိုတိုက်ခိုက်မှုများ၊ ပစ်ခတ်မှုများကို လုပ် လေ့ရှိနေသည်။

November 7, 2024
လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပုံစံမျိုးစုံနှင့် ကျူးလွန်နေသည့် စစ်ကောင်စီက တရားမျှတသော...
khonumthung (ပုံဟောင်း)
November 7, 2024
ချင်းပြည်၊ ပလက်ဝဒေသမှ ဘေးလွတ်ရာကို ထွက်ပြေးနေကြရသည့် စစ်ရှောင်များ ဆေးဝါး ပြတ်လပ်မှု၊...
November 7, 2024
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်တွင် ကလေး ၂၉...
November 6, 2024
မိုးကုတ် - မန္တလေးလမ်းလွှဲကို ယနေ့အချိန်ထိ ပိတ်ဆို့ထားမှုကြောင့် အခြားလမ်းလွှဲများမှ...