နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ကောင်စီလက်ထက်မှာ ပြန်လည်မှတ်ပုံ တင်ထား ပေမယ့် နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍမှေးမှိန်ပျောက်ဆုံးသွားပြီလို့ ဝါရင့်နိုင်ငံရေးသမားတွေနဲ့ သုံးသပ်သူတွေ က ပြောဆိုလိုက်ပါတယ်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို မဲစာရင်းမှားယွင်းမှု စွပ်စွဲချက်နဲ့ နိုင်ငံတော် အာဏာအရပ်ရပ်ကို သိမ်းယူထား တဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမယ်ဆိုပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ဇန်နဝါရီ ၂၆ ရက်နေ့မှာ ပြဌာန်းခဲ့ပါတယ်။
အဲ့ဒီဥပဒေ ပြဌာန်းပြီး ရက်ပေါင်း ၆၀ အတွင်းမှာ နိုင်ငံရေးပါတီ ၆၃ ပါတီ မှတ်ပုံတင်ခဲ့ပြီး မှတ်ပုံမတင်တဲ့ နိုင်ငံ ရေးပါတီ ၄၀ ကိုတော့ စစ်ကောင်စီက ပါတီဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ ပြန်လည်မှတ်ပုံတင်ခဲ့တဲ့ နိုင်ငံရေးပါတီဟာ စစ်ကောင်စီလက်ထက်မှာ နိုင်ငံရေးအရ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ခွင့်၊ လှုပ်ရှားဆောင်ရွက်ခွင့်အပါအဝင် ထောက်ပြဝေဖန်မှုတွေကအစ အခန်းကဏ္ဍပျောက်ဆုံးလာ တာ ဖြစ်ပါတယ်။
ဝါရင့်နိုင်ငံရေးသမားဦးဖေသန်းက “တော်လှန်ရေးကြားမှာ မအေးချမ်းတဲ့အခြေအနေမှာ တိုင်းပြည်မငြိမ်သက်တဲ့ အခြေအနေမှာ ရွေး ကောက်ပွဲမလုပ်နိုင်ဘူးဆိုတာ သေချာတယ်။ ဒါကြောင့် ပါတီတွေရဲ့ အခန်းကဏ္ဍကလည်း လက်တွေ့မကျတော့ဘူး။ သူတို့ကိုယ်၌ကလည်း ဥပဒေဘောင်ထဲနေရတာမို့လို့ အစိုးရကို နိုင်ငံရေးလုပ်နည်း လုပ် ဟန်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ လုပ်ပုံကိုင်ပုံကို သူတို့ဘာမှဝေဖန်သုံးသပ်တာ မလုပ်နိုင်ဘူး။ အဲဒါကြောင့် သူတို့က လည်း အမှန်တရားကတစ်ဖက်၊ အဲဒါတွေကို မျက်ကွယ်ပြုပြီးတော့ သူတို့ပါတီရပ် တည်ရေးအတွက် ဘေး အန္တရာယ် လုံခြုံရေးအတွက်ပဲ စဉ်းစားနေရတဲ့ကာလမျိုးမှာ တော်လှန်ရေးအသံတွေက ပိုပြီးကျယ်လောင်လာ တာပေါ့။ နောက်ပါတီအသံက တစ်ဖြည်းဖြည်းမှေးမှိန်လာတဲ့ အခြေအနေမျိုး ရှိပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ နိုင်ငံရေးပါတီတွေဟာ စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေအောက်မှာ ပါတီဆက်လက် ရှင်သန်ရေးအတွက်သာ ရုန်းကန်နေပြီး ပြည်သူအသံ ဖော်ထုတ်ဖို့ အခွင့်အရေး နည်းပါးသွားပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ ပြဌာန်းချက်အရ ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးမယ့် ပါတီ ဆိုရင် မှတ်ပုံတင်တဲ့ ရက်ကစပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်တစ်သိန်းနဲ့ ရန်ပုံငွေသိန်းတစ်ထောင် အပါ အဝင် ရက်ပေါင်း ၁၈၀ အတွင်း အနည်းဆုံး ၁၆၅ မြို့နယ်မှာ ပါတီရုံးခန်းဖွင့်လှစ်ရမှာပါ။
ဒါ့အပြင် တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုမှာသာ စည်းရုံးမယ့်ပါတီဆိုရင် အဲဒီတိုင်းဒေသကြီး ဒါမှ မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးရဲ့ အနည်းဆုံး ၅ မြို့နယ် ပါတီရုံးခန်းဖွင့်လှစ်ရမယ်လို့ ပြဌာန်းထားပါ တယ်။
ကရင်ပြည်နယ်မှာ စည်းရုံးမယ့် ပါတီအဖြစ် UEC ကနေ မှတ်ပုံတင်ခွင့်ပြုထားတဲ့ ကရင်အမျိုးသား ဒီမိုကရက် တစ် ပါတီကတော့ လက်ရှိမှာ ပါတီပြန်လည်ဖွဲ့စည်းဖို့ လုံးပမ်းနေရတဲ့အခြေအနေဖြစ်တဲ့အတွက် တိုင်းရင်းသား ရေးရာကိစ္စရပ်တွေ မလုပ်ဆောင်နိုင်သေးဘူးလို့ ပါတီဥက္ကဌ မန်းအောင်ပြည်စိုးက ပြောပါတယ်။
“လောလောဆယ်တော့ ကျွန်တော်တို့ ဒါကိုမဆောင်ရွက်အားသေးဘူး။ ကျွန်တော်တို့ ပါတီပြန်လည်ဖွဲ့စည်းဖို့ လုံး ပမ်းနေရတဲ့ အခြေအနေဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့နဂိုအစီအစဉ်တော့ ရှိတယ်ပေါ့။ ပါတီဟာ ကရင် တိုင်းရင်းသားပါတီ ဖြစ်တဲ့အတွက် ကရင်တိုင်းရင်းသားအတွက် ဇောင်းပေးပြီး လုပ်ဆောင်ဖို့ရှိတယ်။ ဒါပေမယ့် ကျန်တဲ့တိုင်းရင်းသားတွေကိုလည်း ကျွန်တော်တို့ မပစ်ထားဘူး။ တန်းတူဆက်လက်ပြီး တတ်နိုင်တဲ့ဘက်က တိုင်းရင်းသားတွေရဲ့ လိုအပ်တဲ့အချက်အလက်လေးတွေကိုကြည့်ပြီး အခြေအနေပေးရင် ပေးသလောက် ဆက် လက်ပြီး စီစဉ်ဆောင်ရွက်ပေးဖို့ ရှိပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဩဇာခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ ပါတီတွေထဲ က နိုင်ငံရေးပါတီ ၂၇ ပါတီကို မှတ်ပုံတင်ခွင့်ပြုပေထားပြီး ကျန်ပါတီတွေကို ဆက်လက် စိစစ်တာတွေ လုပ်ဆောင်နေတာပါ။
တဖက်မှာတော့ အရေးပေါ်ကာလသက်တမ်းတစ်လကျော်သာ ကျန်ရှိတော့တဲ့ စစ်ကောင်စီဟာ လက်ရှိအချိန် အထိ ရွေးကောက်ပွဲကျင်းမယ့်နေ့ရက်ကို ကြေညာခြင်းမရှိသေးပါဘူး။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း “စစ်တပ်တောင်မှ တပ်ဝင်းအပြင်ဘက် မထွက်ရဲတဲ့ အခြေ အနေမှာ ဘယ်နိုင်ငံရေးပါတီမှ ဘာလှုပ် ရှားမှုမှ မလုပ်နိုင်ပါဘူး။ ဒါပေမယ့် ဒီစကစကပြောတဲ့ ရွေးကောက်ပွဲဆို တာ ကျင်းပလာခဲ့ရင် စိတ်ကူးယဉ်အိပ်မက်ကြီးပေါ်မှာ ထိုင်စောင့်နေကြတာ။ အဲဒီတော့ ရွေးကောက်ပွဲ ကော်မ ရှင်ကလည်း ခပ်ဖြည်းဖြည်းပါပဲ။ မှတ်ပုံတင်ကြမယ့် ပါတီ ၅၀ ကျော်လောက်က အခုက ပါတီ ၂၇ ရှိပြီပေါ့ဗျာ။ ဒါပေမယ့် ဒီနေ့အထိ ရွေးကောက်ပွဲဘယ်တော့ကျင်းပမယ် ဘယ်လိုလှုပ်ရှားခွင့်ပြုမယ်ဆိုတာ ကြေညာ နိုင်စွမ်း မရှိသေးပါဘူး။ မကြာခင် ဩဂုတ်လဆိုလို့ရှိရင် ရွေးကောက်ပွဲကျင်းပရမယ့်အချိန်ရောက်ပြီးတော့ စစ်ကောင်စီ လည်း အုပ်ချုပ်ခွင့်လည်း ကုန်ဆုံးသွားပါပြီ။ ရွေကောက်ပွဲမကျင်းပနိုင်ရင်လည်း စစ်အစိုးရအနေနဲ့ ဆက်ပြီး ရပ် တည်ရုံပဲရှိပါတယ်။ အဲဒီတော့ ဒီအခြေအနေတွေ အပြောင်းအလဲမရှိသမျှ နိုင်ငံရေးပါတီတွေကတော့ အိမ်က ထိုင်စောင့်ကြရုံပဲရှိပါတယ်” လို့ ပြောပါတယ်။
အရေးပေါ်ကာလပြီးရင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပမယ်ဆိုတဲ့ စစ်ကောင်စီဟာ လက်ရှိမှာ လုံခြုံရေး အလေးထားရမယ့် မြို့နယ်ပေါင်း ၆၇ မြို့နယ်နဲ့ လုံခြုံရေးထိထိရောက်ရောက် ဆောင်ရွက်ပေးရမယ့် မြို့နယ် ၆၅ မြို့နယ်ရှိပြီး အချို့ကျေးလက်ဒေသတွေမှာ လုံခြုံရေးပိုမိုလိုအပ်တယ်လို့ ဝန်ခံထားပါတယ်။
နိုင်ငံအတွင်းရှိ တိုင်းနဲ့ပြည်နယ်တွေမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အတွက် စစ်ကောင်စီအနေနဲ့ နိုင်ငံတဝန်းရဲ့ ၆၀ ရာခိုင်နှုန်း မြို့နယ်အနေနဲ့ ၁၉၈ ခုလောက်သာ ရာနှုန်းပြည့်တည်ငြိမ်အေးချမ်းအောင် ထိန်းချုပ်ထားနိုင်တဲ့ အနေ အထားဖြစ်ပါတယ်။
သုတေသနအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေရ စစ်တပ်အာဏာသိမ်းမှုအလွန် ၂ နှစ် တာကာလအတွင်း နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၁၉၀ ကျော်ထက်နည်းမှာ တိုက်ပွဲပေါင်း ၈၀၀၀ ကျော် ဖြစ်ပွားခဲ့ တယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေး အကဲခတ်တွေကတော့ စစ်ဘောင်ပိုကျယ်လာတဲ့ မြန်မာ့နိုင်ငံရေးဟာ ရွေးကောက်ပွဲကျင်းပဖို့ အလှမ်း ဝေးနေဦးမှာ ဖြစ်သလို နိုင်ငံရေးပါတီတွေကလည်း စစ်ကောင်စီရဲ့ ထိန်ချုပ်ကန့်သတ်မှုတွေမှာ ဆက်လက်ရပ် တည်ဖို့သာ ကြိုးပမ်းရမယ့်အခြေအနေပဲ ရှိတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။