ချီဖွေတွင် အခြေခံဆေးဝါးများ ပုံမှန်ထက် ၃ ဆခန့် ဈေးတက်၊ ဒေသခံများနှင့် စစ်ရှောင်များ အခက်ကြုံ

ချီဖွေတွင် အခြေခံဆေးဝါးများ ပုံမှန်ထက် ၃ ဆခန့် ဈေးတက်၊ ဒေသခံများနှင့် စစ်ရှောင်များ အခက်ကြုံ

ဝေးလံခေါင်ဖျားဒေသဖြစ်တဲ့ ကချင်ပြည်နယ်၊ ချီဖွေမြို့မှာ အခြေခံဆေးဝါးတွေ  ပုံမှန်ထက် ၃ ဆခန့် ဈေးနှုန်း မြင့် တက်နေတဲ့အတွက် ဒေသခံတွေအပြင် စစ်ရှောင်တွေလည်း အခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အခုရက်ပိုင်းမှာ နှာစေး၊ ချောင်းဆိုးသူတွေနဲ့ ဝမ်းလျှောသူတွေများနေပြီး ဆေးဝယ်စားဖို့ မတတ်နိုင်တဲ့ အခြေ အနေကို ရောက်နေကြတယ်လို့ ချီဖွေမြို့ဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါ တယ်။

“ဆေးရုံမှာဆို ရိုးရိုးပါရာနဲ့ စီဗစ်တောင် မရှိဘူး။ အဲဒါကြောင့် တော်ရုံတန်ရုံ ဆေးရုံဘယ်သူမှ မသွားကြဘူး။ ဆေးရုံသွားလည်း အပြင်ဆေးခန်းကပဲ ပြန်ဝယ်ခိုင်းတော့ ဘာမှမထူးဘူးလေ။ ကိုယ်က ဆေးရုံသွားတက်ရင် လည်း အပြင်ဆေးခန်းက ပြန်ဝယ်ခိုင်းပြီး ကိုယ်က ဆေးပြန်ထိုးရတာဆိုတော့ ဘာမထူးဘူး။ ဆေးရုံသွားတက်၊ ခြင်သွားအကိုက်ခံရတာပဲ အဖတ်တင်တယ်” လို့ ပြောပါတယ်။

အပြင်ဆေးခန်းမှာ ပြတဲ့အချိန် ရက်ပိုင်းလောက်နဲ့ သက်သာနိုင်ပေမဲ့ ဆေးရုံသွားရင်တော့ ရက်အတန်ကြာမှ သက်သာလာတာကြောင့် ငွေကြေးခက်ခဲတဲ့သူတွေ၊ ရပ်ဝေးကလာတဲ့ သူတွေလောက်ပဲ မဖြစ်မနေ သွားတက် ကြတယ်လို့လည်း ဆိုပါတယ်။

Neo Mixagrip (အများအခေါ်အဝေါ် ခေါင်းလေးလုံး)နဲ့  ဖလူဇာ(Fluza) ဆေးတွေဟာ အရင်က တစ်ကဒ်ကို ၅၀၀ ကျပ် လောက်သာ ကျသင့်ပေမဲ့ လက်ရှိအချိန်မှာတော့ ကျပ် ၂,၀၀၀ ဝန်းကျင်လောက် ပေးဝယ်နေရပြီး ကလေးချောင်းဆိုးပျောက် ဆေးရည်တွေကလည်း အရင်က ကျပ် ၁,၀၀၀ ဝန်းကျင်ကနေ အခု ၃,၅၀၀ ကျပ် အထိ ဈေးမြင့်တာသွားတာကြောင့် နေကောင်းဖြစ်မှာကိုတောင် စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

ဝမ်းပိတ်ဆေး မက်ထရို (Metro)၊ အဖျားကျဆေးတွေဖြစ်တဲ့ ဘိုင်အိုဂျက်စစ် (Biogesic)နဲ့ ပါရာစီတမော (Paracetamol) စတဲ့ဆေးတွေကလည်း တစ်လုံး ၂၀၀ ကျပ်၊ စီဗစ် (Civit) တစ်လုံး ၁၀၀ ကျပ်၊ အမောက် ဆလင် (Amoxicillin) က တစ်ကဒ် ၂၀၀၀ ကျပ်၊ တုပ်ကွေးဆေး တစ်ကဒ် ၄၀၀၀ ကျပ်နဲ့ ဝယ်ယူသောက်သုံး နေရတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကလေးတွေသာမက မိခင်တွေနဲ့ လူကြီးပိုင်းတွေလည်း မကြာခဏဆိုသလို ခန္ဓာကိုယ် ကိုက်ခဲနာကျင်တာ၊ ရာသီ တုပ်ကွေး၊ နှာစေး၊ ချောင်းဆိုး အစရှိတဲ့လက္ခဏာတွေနဲ့  တော်တော်များများ နေမကောင်းဖြစ်ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကချင်ပြည်နယ်အတွင်းကဝေးလံခေါင်းဖျားတဲ့ တနိုင်း၊ ခေါင်လန်ဖူး၊ ချီဖွေ၊ ဆော့လော် စတဲ့မြို့နယ်တွေအပြင် ပန်ဝါ၊ ဖီမော်စရှိတဲ့ ဒေသတွေမှာ မိုးတွင်းကာလအတွက် အခြေခံဆေးဝါးတွေ လုံလောက်စွာရရှိနိုင်ဖို့ ပြည်နယ် အစိုးရကနေ ထောက်ပံ့ပေးထားတယ်လို့ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

“တချို့နေရာမှာက ဆရာဝန်မထားနိုင်ဘူး။ ဒါပေမဲ့ ဆရာမတွေတော့ အကုန်ထားထားတယ်။ ဆေးကတော့ မပြတ်ဘူး။ ဆေးနည်းနည်းပါးပါး နည်းတာတော့ရှိတယ်။ ဆေးပြတ်တာတော့မရှိဘူး။ အခုလည်းပဲ မိုးတွင်း အတွက် အားလုံးတော့ပြင်ဆင်ထားတယ်” လို့ ဦးခက်ထိန်နန်က ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်စခန်းမှာ ဖွင့်လစ်ထားတဲ့ ဆေးခန်းကလည်း တစ်ပတ်မှာ ၂ ရက်လောက်သာ (အချိန်မမှန်) ဖွင့်တာကြောင့် အဆင်မပြေတာတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။

အလားတူ အခြေခံဆေးဝါးတွေကလည်း စုံလင်အောင်မရှိတဲ့အတွက် ငွေကြေးခက်ခဲတဲ့ မိသားစုတွေ အခက် အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်စခန်းနေ ပြည်သူတွေက ပြောပါတယ်။

November 25, 2024
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီမြို့က...
တံတားဖြတ်သန်းရန် ပြည်သူများစောင့်ဆိုင်းနေကြစဉ်။
November 21, 2024
ကန်ပိုက်တီမြို့ကို မနေ့(နိုဝင်လာ ၂၀ ) ရက်နေ့က KIA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးနောက် ဒီကနေ့...
November 18, 2024
လမ်းခရီးခက်ခဲမှုကြောင့် ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့မှာ ဆန်တစ်အိတ်ကို...
November 14, 2024
ဝိုင်းမော်ပင်မဓာတ်အားခွဲရုံ မြေနေရာအဖြစ် အသုံးပြုဖို့အတွက် မြေဧက ၁၀၀ ကျော်ကို သိမ်းယူဖို့...