စစ်ရေးတင်းမာမှုတွေကြောင့် ဗန်းမောက်မြို့နယ် တစ်ခုလုံးရှိ စာသင်ကျောင်းတွေ ပိတ်ထားရပြီး လက်ရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ဗန်းမောက်မြို့ပေါ်က စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီစဥ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှာ ကျောင်းအပ် စတင်လက်ခံခဲ့ပြီး ကျောင်းသားအရေအတွက်ပေါ် မူတည်ပြီး တော့ မြို့ပေါ်က စာသင်ကျောင်းတွေကို ဖွင့်လှစ်သွားမယ်လို့ ကျောင်းသားမိဘတစ်ဦးက ရှမ်းနီအသံကို ပြောပါ တယ်။
“အောင်သာကုန်းမှာ အားလုံး စုပြီးတော့ လက်ခံတာပ။ အောင်သာကုန်းနဲ့ မြို့မနဲ့ အရင်ဆုံးဖွင့်မှာ ကျောင်းအပ်ပြီး တော့။ အောင်သာကုန်းနဲ့ မြို့မက လူဦးရေပြည့်သွားပြီ ဆိုလို့ရှိရင် လွှစင်ကုန်းနဲ့ အထက ဖွင့်မှာ” ကျောင်းသား မိဘတစ်ဦးက ပြောပါတယ်။
ဗန်းမောက်မြို့နယ်က စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးမှာ ပါဝင်နေတဲ့ နောက်ထပ် ကျောင်းသားမိဘ တစ်ဦးက လုံခြုံရေးပေးနိုင်တဲ့ အပေါ်မှာ မူတည်ပြီးတော့ စာသင်ကျောင်းများ တိုးဖွင့်သွားဖို့ ရှိတယ်လို့ ပြောပြ လာပါတယ်။
ကျောင်းဖွင့်လှစ်ရေးမှာ ပါဝင်နေတဲ့ ကျောင်းသားမိဘတစ်ဦးက “အေး တဖြည်းဖြည်းနဲ့တော့ အဲ့လို တိုးသွားမှာ ပါ့အေး။ လုံခြုံရေးအရပါ့အေး” လို့ ပြောပါတယ်။
ဗန်းမောက်မြို့နယ်က အခြေခံပညာကျောင်းများ ဖွင့်လှစ်တာဟာ တိုင်းပညာရေးရုံးရဲ့ ညွန်ကြားချက်ကြောင့် ဖြစ်တယ်လို့ ပညာရေးအသိုင်းအဝိုင်းကနေ သိရှိရပါတယ်။
ဇွန်လ ၂၀ ရက်နေ့က ရရှိထားတဲ့ သတင်းအရ ကျောင်းလာအပ်တဲ့ ကျောင်းသားအရေအတွက် က တစ်ရာကျော် ရှိတယလို့ဆိုပါတယ်။
ဗန်းမောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကျောင်းများပိတ်ထားရပြီး ကျောင်းသား/သူ တချို့က ဗန်းမောက်မြို့နယ် နီးစပ်သည့် မြို့နယ်နဲ့ မြို့ကြီးတွေမှာ သွားရောက် ပညာသင်ကြားနေကြရတာလည်း ဖြစ်ပါတယ်။
ရှမ်းနီအသံက စုံစမ်းသိရှိထားမှုအရ အလယ်ရွာနဲ့ ကံရွာ နှစ်ရွာတည်းမှာတင် မြို့နယ်ပြင်ပမှာ ကျောင်းသွား ထားကြတဲ့ ကျောင်းသားအရေအတွက်က နှစ်ရာကျော်တယ် ရှိနေပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းမှာ အခြေခံပညာကျောင်း (၂၈၆) ကျောင်းရှိပြီး နှစ်စဉ် မူလတန်းမှ အထက်တန်းအထိ ကျောင်းသူကျောင်းသား နှစ်သောင်းခုနှစ်ထောင်ကျော် ပညာသင်ကြားတာလည်း ဖြစ်ပါတယ်။