ရှမ်းနီအမျိုးသမီး ၅ ဦးအား စားသောက်ဆိုင်တွင် အလုပ်ပေးမယ်လို့ဆိုကာ ပြည့်တန်ဆာအိမ်သို့ ပို့

ရှမ်းနီအမျိုးသမီး ၅ ဦးအား စားသောက်ဆိုင်တွင် အလုပ်ပေးမယ်လို့ဆိုကာ ပြည့်တန်ဆာအိမ်သို့ ပို့

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ အင်းအရှေ့ကမ်းရှိ ကျေးရွာတစ်ရွာက ရှမ်းနီအမျိုးသမီး (၅)ဦးကို  အခြား အမျိုးသမီးတစ်ဦးမှ လိမ်လည်ခေါ်ဆောင်သွားပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရန် တိုက်တွန်းခံခဲ့ရတယ်လို့ ကျေးရွာဒေသခံများက ပြောပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ ၁၈ ရက်နေ့က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ် လုပ်ကိုင်ရမယ်လို့ အင်းတော်ကြီးကန်၊ အရှေ့ကမ်းရှိ၊ နမ့်မော်ကန်ကျေးရွာသူ တစ်ဦးက အဆိုပါကျေးရွာသူ (၅) ဦးကို ပြောဆိုခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

၎င်းတို့ (၅) ဦးကို ဖားကန့်မြို့၊ လုံးခင်းကျေးရွာ ရောက်တဲ့အချိန်တွင် ဖန်ခါးဆောင်အနီး၊ သီလရှင်ကျောင်းရှေ့  ကားရပ်ကာ နောက်ထပ်ကားတစ်စီးဖြင့် ဥရုဆွတ်အိန်ရွာက ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်တဲ့ အိမ်ကို ခေါ် ဆောင်သွားခဲ့တာဖြစ်တယ်လို့ သွားရောက် ကူညီကယ်ထုတ်ခဲ့သူတွေ က ပြောပါတယ်။

“သူတို့က စားသောက်ဆိုင်ဆိုပြီးမှ လာခေါ်သွားတာ တစ်လကိုသုံးသိန်းဆိုပြီးမှ အခုက စပါးရိတ် ကောက်စိုက် ချိန်လည်း မရှိတော့ အားအားနေ ဝင်ငွေလေးပဲရရဆိုပြီး သွားကြတာပါ့။ သူတို့က လမ်းစရိတ်စိုက်ပြီး ခေါ်သွား တာ။ ကားနဲ့လာကြိုသွားတာ။ ဟိုမှာရောက်သွားတော့ ဟိုအခန်းလို့ မထင်ဘူး။ အနှိပ်ခန်းပဲ ထင်လိုက်တာ။ ဒါပေမယ့် စျေးရောင်းဆိုလို့ လာခဲ့တာ အခု ဒီလိုအလုပ်မျိုးတော့ မလုပ်နိုင်ဘူးဆိုပြီး ပြောကြတာပေါ့” လို့  ဖြစ်စဉ်ကို အသေးစိတ်သိတဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာကို ရောက်ရှိသွားပြီးနောက် ကျေးရွာသူ (၅) ဦးက ပြည့်တန်ဆာအလုပ်ကို မလုပ် လိုသောကြောင့် ပြည့်တန်ဆာအိမ်နဲ့ အငြင်းပွားမှုတွေ ဖြစ်ပွားပြီး အင်းတော်ကြီးဒေသရှိ နီးစပ်ရာ ကျေးရွာ လူကြီးများကို ဖုန်းဆက်အကြောင်းကြားကာ အကူအညီတောင်းခံခဲ့ကြတာပါ။

ဒီလို အကူအညီတောင်းခံခဲ့တာကြောင့် လုံးခင်းကျေးရွာရှိ ရှမ်းနီအဖွဲ့အစည်းများက သွားရောက် ပြန်လည် ခေါ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လုံးခင်းကျေးရွာကို ရောက်ရှိခဲ့တဲ့ ဇွန်လ (၁၈) ရက်နေ့ ညနေပိုင်းမှာပင် ရှမ်းနီအဖွဲ့အစည်းတွေက  ပြန်လည် သွားရောက် ခေါ်ဆောင်လာခဲ့ကြတာ ဖြစ်ပါတယ်။

လိမ်လည်ခံရတဲ့ ကျေးရွာသူ (၅) ဦးမှာ ရှမ်းနီတိုင်းရင်းသူတွေဖြစ်ပြီး အသက် (၁၈) နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး၊ အသက်၂၀ ဝန်းကျင် အမျိုးသမီး (၂)ဦးနဲ့ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသမီး (၂) ဦးတို့ ပါဝင်ကြပြီး လိမ်လည် ခေါ်ဆောင်သူကတော့ အသက် (၂၀) အရွယ်ရှိ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

“ဘယ်ပဲ သွားသွား၊ ဘယ်ပဲ လာလာ မလေ့လာ မစုံစမ်းဘဲနဲ့လည်း မသွားခိုင်းစေချင်ဘူး။ မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီးတွေ အလုပ်သွားလုပ်မယ့်နေရာကို မစုံစမ်းမလေ့လာပဲ မလွှတ်ပေးသင့်ဘူးဆိုတဲ့ ဟာမျိုးကို လည်း ပြောချင်တာပေါ့။ လွှတ်ပေးလိုက်တဲ့ အတွက်ကြောင့် မဖြစ်သင့် မဖြစ်ထိုက်တာတွေ ဖြစ်ခဲ့တာပေါ့” ဟု  ကျေးရွာဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

လိမ်လည်ခေါ်ဆောင်ခံရတဲ့ အဆိုပါ ကျေးရွာသူ (၅) ဦးကို လုံးခင်းကျေးရွာက တာဝန်သူတွေဟာ သူတို့ရဲ့ မိဘ တွေဆီကို ဇွန်လ ၂၀ ရက်နေ့၊ ညနေ (၃) နာရီအချိန်တွင် သွားရောက်ပို့ဆောင်ပေးခဲ့ကြပြီး ဖြစ်တယ်လို့ ဆိုပါ တယ်။

အခုဖြစ်ရပ်ဟာ အင်းတော်ကြီးဒေသမှာတော့ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုလို့ ဆိုကြပါတယ်။

Most read this week

November 7, 2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းမှာ ပြင်းထန်တဲ့ကျန်းမာရေးကိစ္စရပ်တွေကို ...
October 31, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်းက HIV၊ တီဘီရောဂါနဲ့ ငှက်ဖျားရောဂါ ဖြစ်ပွားနေတဲ့...
October 30, 2024
မိုးညှင်းမြို့နယ်  အင်းတော်ကြီးဒေသထဲမှာ စပါးရိတ်သိမ်းရာသီရောက်ရှိလာသော်လည်း...
October 25, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းက ကျေးလက်ဒေသတွေမှာ ကျန်းမာရေးဆေးပေးခန်း...