မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲရောင်းချမှု ပိုမိုကြီးထွား လာပေမယ့် အရေးယူဆောင်ရွက်မှု မရှိသလောက် နည်းပါးနေတယ်လို့ မူးယစ်ဆေးဝါးအရေး လုပ်ဆောင်နေသူ တွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲရောင်းချမှုအရ မွန်ပြည်နယ်ရဲ့ မြို့နယ်တွေဖြစ်တဲ့ မုဒုံ၊ကျိုက်မရော၊သံဖြူဇရပ်နဲ့ ရေးမြို့ နယ်တို့မှာ သိသိသာသာ ကြီးထွားလာပြီး ကျန်မြို့နယ်တွေဖြစ်တဲ့ ပေါင်၊ချောင်းဆုံ၊မော်လမြိုင်၊ ဘီးလင်း၊ သထုံနဲ့ ကျိုက်ထိုမြို့နယ်တို့မှာလည်း သုံးစွဲရောင်းချမှု မြင့်တက်နေပါတယ်။
အဲဒီထဲမှာ မြင်းဆေးလို့ခေါ်တဲ့ WY ဆေးပြားတွေအပြင် ဘိန်းစာရွက်ပြုတ်ရည် သောက်သုံးမှု မြင့်တက်လာသလို တချို့မြို့နယ်တွေမှာ ပေါ်တင်သုံးစွဲတဲ့အထိ ဖြစ်ပေါ်လာတယ်လို့ မူးယစ်ဆေးဝါးအရေး လုပ်ဆောင်နေသူတွေက ဆိုကြပါတယ်။
မူးယစ်ဆေးဝါးအရေး လုပ်ဆောင်နေသူတစ်ဦးက “သူတို့က နှစ်မျိုးစလုံးကို သုံးတယ်။ ဒါပေမယ့် များသောအား ဖြင့် ဘိန်းစာရွက်ကိုပဲ အများဆုံးသုံးတာပေါ့။ WY က နည်းတာပေါ့။ အဓိကတော့ သူတို့ကိုထိန်းမယ့်သူတွေ ဖမ်း မယ့်သူတွေ မရှိတော့ဘူးလေ။ ရှိနေတာက ရောင်းနေတဲ့သူတွေ တိုးပွားလာတဲ့အခါကျတော့ သူတို့ကပဲပိုပြီး တော့ ဆက်ပြီး သုံးစွဲလာကြတာများတယ်။ နောက်ပြီးတော့ အခုအခြေအနေမှာ ကျောင်းလည်းတော်တော် များ များ ပိတ်ထားရတဲ့အခါကျတော့ မူးယစ်ဆေးဝါးလိုင်းကိုပဲ သွားတာများတယ်။ ရောင်းတဲ့သူတွေကလည်း အရင် ကထက် အခွင့်အလမ်းပိုပြီးရှိလာတဲ့အတွက် လူငယ်တွေတော်တော်များများ မူးယစ်ဆေးဝါးကို ပိုပြီးစွဲလာကြတဲ့ အခြေအနေရှိတယ်” လို့ ပြောပါတယ်။
သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်အတွင်းရှိ လူငယ် ၇၀ ရာခိုင်နှုန်းဟာ ဘိန်းစာရွက်ပြုတ်ရည်ကို အများဆုံးသုံးစွဲနေပြီး ကျန် ၃၀ ရာခိုင်နှုန်းကတော့ မြင်းဆေးလို့ ခေါ်တဲ့ WY ဆေးပြားတွေကို သုံးစွဲနေကြတာပါ။
ဒါ့အပြင် ဘားနဲ့ကလပ်တွေလည်းမှာ အပြင်းစားမူးယစ်ဆေးဝါးထဲမှာပါဝင်တဲ့ အက်စတာဆီနဲ့ ကက်တမင်းတို့ကို ပေါ်ပေါ်တင်တင် သုံးစွဲရောင်းချနေကြတဲ့ အခြေအနေတွေအထိ ဖြစ်ပေါ်လာပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲရောင်းချမှုဟာ ကျေးလက်ဒေသနေ လူငယ်တွေကြားမှာကျယ်ကျယ်ပြန့်ပြန့် သုံးစွဲမှု ပိုမိုမြင့်တက်လာသလို မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို စစ်ကောင်စီဘက်က ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာမရှိနေဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
ရေးမြို့နယ်ဒေသခံတစ်ဦးကလည်း “ကျွန်တော်တို့ဘက်မှာ ကလေးကနေ ဟိုးအသက် ၆၀ ပိုင်းအထိကို အရွက် ပြုတ်သောက်တဲ့ ဓလေ့ ဆိုးဆိုးဝါးဝါး ဖြစ်လာတယ်။ တချို့လူကြီးပိုင်းတွေက ဆီးချိုပျောက်တယ်၊ ခါးနာ ပျောက်တယ်ဆိုပြီး စွဲ လန်းတဲ့အဆင့်ရောက်သွားကြတယ်။ ဒီဘက် လူငယ်ပိုင်းကနေပြီးတော့ လူကြီးပိုင်းထိ ဘိန်းစာရွက်ပြုတ်တဲ့ဓလေ့က တော်တော်လေးကို ကျွန်တော်တို့မှာ ပျံ့နှံ့သွားပြီ။ WY ကတော့ လူငယ်ကနေ လူ လတ်ပိုင်းလောက်ထိ သုံးစွဲမှုတော့ မြင့်တက်တာပေါ့၊ အရင်ချိန်ထက်စာရင် ပိုပြီးတော့ များလာတာပေါ့။ ရောင်း ဝယ်ဖောက်ကားမှုလည်း များလာတယ်။ ရေးပိုင်းမှာ ကြည့်မှာဆိုရင် လုံခြုံရေးမရှိတဲ့ပိုင်းပေါ်မူတည်ပြီး ပိုပြီး တော့ ဖမ်းဆီးမှုလည်း မရှိသလောက် ဖြစ်သွားတာပေါ့။ ဖမ်းဆီးပြီး ငွေပေးလွှတ်တဲ့ အနေအထားတွေ ဖြစ်လာခဲ့ တယ်” လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါး လာတာ၊ မူးယစ်ဆေးဝါးတွေကို အလွယ်တကူ ဝယ်ယူရရှိနေတဲ့အတွက် သုံးစွဲမှု မြင့်တက်လာတာ ဖြစ်ပါတယ်။
မွန်ကျေးရွာတချို့မှာ အလှူမင်္ဂလာပွဲကအစ နာရေးအိမ်အဆုံးအလှူမှာ ပါဝင်ကူညီကြတဲ့ ချက်ပြုတ်ရေးအဖွဲ့တွေ နဲ့ ဝေယျာဝစ္စအဖွဲ့တွေကို ဘိန်းစာရွက်ပြုတ်ရည်နဲ့ ဧည့်ခံတဲ့အနေအထားကလည်း ပေါ်ပေါ်တင်တင်ကြီး ဓလေ့ တစ်ခုလို ဖြစ်လာနေတာပါ။
ဘိန်စာရွက်ပြုတ်ရည်ကို ချောင်းဆိုးပျောက်ဆေး၊ ကော်ဖီမစ်၊ ကိုကာကိုလာအရည်စတဲ့ ပစ္စည်းတွေရောနှောပြီး ရေရှည်မှာ အလွန်အကျွံသောက်သုံးမယ်ဆိုရင် ဆိုးကျိုးတွေ အများကြီးဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးရှု ထောင့်ကနေ ထောက်ပြကြတာတွေလည်း ရှိနေတာပါ။
လူမှုကူညီရေးဆောင်ရွက်နေသူတစ်ဦးက “သူတို့ ဘိန်းစာရွက်ပြုတ်ရည် မသောက်ရရင် တစ်ကိုယ်လုံး ကိုက်ခဲ တယ်၊ နာကျင်တယ်။ ပြီးတော့ကျရင် နှာရည် ယိုတယ်။ ကိုယ်လက်မအီမသာဖြစ်တာပေါ့။ အဲဒီဒဏ်ကို မခံနိုင် လို့ ဆက်သောက်တယ်၊ ဆက်သောက်ရင်း ဆက် သောက်ရင်းနဲ့ စွဲလန်းတဲ့အနေအထားဖြစ်လာတယ်။ အဲဒါ မသောက်ရရင် ဘာမှလုပ်လို့မရ၊ အိပ်ရာထဲ လဲနေ တယ်။ ကြွက်သားတွေ နာလာတာပေါ့။ ကျွန်တော်တို့ လူမှု ကူညီရေးအတွေ့အကြုံအရ အမျိုးအမည်မသိတဲ့ ရောဂါနဲ့ ဆေးရုံတင်တယ်၊ သေသွားတယ်။ ဆေးမှတ်တမ်းမှာ လည်းစစ်တော့ ဒီလူကထူး ထူးခြားခြား ဘာမှလည်း ဖြစ်တာမတွေ့တဲ့အပြင် လူနာက ဗိုက်အောင့်တယ်၊ အစာ အိမ်ကြည့်တော့လည်း ဘာမှမဖြစ်ဘူး။ ဒီအတိုင်းကြီး သေသွားတဲ့လူတွေ များတယ်ပေါ့”လို့ သူက ဆိုပါတယ်။
မူးယစ်ဆေးဝါး အမျိုးအစားမှာပါဝင်တဲ့ WY နဲ့ ဘိန်းစာရွက်ကိုသုံးစွဲပြီး နောက်ဆက်တွဲ ပြဿနာအနေနဲ့ အဲဒါ တွေကို မသောက်ရရင် အလုပ်မလုပ်ချင်တော့သလို ခန္ဓာကိုယ်ကျန်းမာသန်စွမ်းမှု ကျဆင်းလာပြီး လူမှုဝန်းကျင်နဲ့ တဖြည်းဖြည်းရှောင်ခွာလာတဲ့ သဘောမျိုးတွေ မြေပြင်အနေအထားမှာ ဖြစ်ပေါ်နေတာပါ။
မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု ပိုမိုမြင့်တက်လာတဲ့ ပြဿနာကို အမြန်ဆုံး ထိန်းချုပ်နိုင် ခြင်းမရှိပါက ပိုမိုဆိုးရွားတဲ့အခြေအနေထိ ရောက်ရှိလာနိုင်တယ်လို့ မူးယစ်ဆေးဝါးအရေးလုပ်ဆောင်သူတွေက ထောက်ပြကြပါတယ်။
ဒါပေမဲ့ စစ်ကောင်စီကတော့ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုအားလုံးရဲ့ ရာနှုန်းပြည့်နီးပါး ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့ EAOs နဲ့ NUG/PDF တို့ ဆက်စပ်ပတ်သက်နေတယ်လို့ စွပ်စွဲထားပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီမှာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး(UNODC) က ထုတ်ပြန်ခဲ့တဲ့ မြန်မာ နိုင်ငံ ဘိန်းထုတ်လုပ်မှုစစ်တမ်း “စိုက်ပျိုးမှု ထုတ်လုပ်မှုနဲ့ အကျိုးအဆက်များ” အစီရင်ခံစာမှာ ဖော်ပြချက်အရ အရင်ကကျဆင်းနေတဲ့ ဘိန်းစိုက်ပျိုးမှုဟာ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ၃၃ ရာခိုင်နှုန်းအထိ ပြန်လည် မြင့်မားလာတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- CJ