မဲဆန္ဒရှင်များစာရင်း မှားယွင်းမှုများနှင့် ပတ်သက်၍ ပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်ရန် အချိန် ကန့်သတ်ချက် ကုန်ဆုံးသွားပြီဖြစ်၍ ပြင်ဆင်နိုင်တော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
"ကျနော်တို့က သူတို့ကို လုံလောက်တဲ့ Sufficient time ပေးပြီးပြီ ဖြစ်ပါတယ်။ အဲဒီအချိန်အတွင်းမှာ သူ ပြီးအောင်လုပ် ပေါ့။ ဒါမှမဟုတ် ကျနော်တို့က မဲစာရင်း ကိစ္စတွေပဲ တောက်လျှောက်လုပ်နေရင် တခြား လုပ်စရာအလုပ်တွေ လုပ်ဖို့ အချိန် မရှိတော့ဘူး" ဟု မဇ္ဈိမကို ပြောသည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေပုဒ်မ ၁၁ (က)အရ မဲဆန္ဒရှင် စာရင်း မှားယွင်းမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှု များ ပြုလုပ်လိုပါက မဲစာရင်း ထုတ်ပြန်ကြေညာပြီးသည့် နေ့မှစ၍ ရ ရက်အတွင်း ပြုလုပ်နိုင်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း လပ်လပ်နယ်မြေ အသီးသီးတွင် မဲဆန္ဒရှင်စာရင်းကို ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့မှ စတင်၍ ထုတ်ပြန်ရန် ညွှန်ကြားထား၍ အင်္ဂါနေ့တွင် သတ်မှတ်ရက် ကုန်ဆုံးသွားပြီဖြစ်ကြောင်း ဦးကိုကို က "အခုအချိန်ကတော့ Too Late လေ။ ဒီအချိန်မှာတော့ နည်းနည်း နောက်ကျသွားပြီပေါ့" ဟု ပြောသည်။
အချို့လစ်လပ်မဲဆန္ဒနယ်များရှိ ရွေးကောက်ပွဲ ကော်မရှင်တို့မှာ သတ်မှတ်ရက်ထက် နောက်ကျ၍ မဲစာရင်း ထုတ်ပြန်ပေး၍ အမှားပြင်ရန် လုံလောက်သည့် အချိန်မရရှိဟုလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြောသည်။
ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှ ရွာ ၁၉ ရွာတွင် မတ်လ ၃ ရက်နေ့အထိ မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ခဲ့ခြင်း မရှိသည့်အပြင် ဖျာပုံခရိုင် မင်းလှစု ကျေးရွာတွင် မတ်လ ၄ ရက်နေ့အထိ မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ခြင်းမရှိဟု ဖျာပုံခရိုင် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင် ကိုကျော်ဇေယျာက မဇ္ဈိမကို ပြောသည်။
ထို့အတူ ရှမ်းပြည်နယ်၊ ကလော မဲဆန္ဒနယ်တွင် မတ်လ ၆ ရက်နေ့တွင်မှ မဲဆန္ဒရှင်စာရင်း ထုတ်ပြန်သည်ဟု NLD ၏ ကလောမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင် ဒေါ်ခင်မိုးမိုးက ပြောသည်။
ထို့ကြောင့် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများမှ မဲစာရင်း ထုတ်ပြန်သည့် ရက်ကိုသာ အတည်ယူ၍ ကော်မရှင်များထံသို့ မဲမှားယွင်းမှုများ ဆက်လက် တင်ပြသွားမည်ဟု ဒေါ်ခင်မိုးမိုးက မဇ္ဈိမကို ပြောသည်။
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂,ဝဝဝ ကျော်ခန့် ရှိသည့် မင်္ဂလာတောင်ညွှန့်မြို့နယ် တောင်ညွှန့်ရထား ရပ်ကွက်တွင်လည်း မဲဆန္ဒရှင်စာရင်းတွင် ကွယ်လွန်ပြီးသူများ ပါနေခြင်း၊ စိတ်ဝေဒနာရှင်များ၊ ရွှေ့ပြောင်းသွားသူများ၏ အမည်များ ပါရှိနေခြင်းကဲ့သို့ အမှားအယွင်းများ စုစုပေါင်း အရေအတွက် ၁,၁၈၁ ဦးရှိနေခြင်းကြောင့် ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲသို့ အင်္ဂါနေ့တွင် စာရေးသားတင်ပြခဲ့သည်ဟု NLD ၏ မင်္ဂလာတောင်ညွှန့်မြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင် ကိုရာဇာက ပြောသည်။
မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ၏ လွှတ်တော် ကိုယ်စားလှယ်
လောင်း ဦးသုဝေ ကလည်း "အဲဒါတွေကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကလည်း ရှိတယ်။ တအိမ်ထောင်လုံး မဲစာရင်းထဲ မပါတာတို့ သေပြီးတဲ့လူတွေ မဲစာရင်းထဲ ပါနေတာတို့ အဲဒါတွေ ရှိနေပါတယ်။ ၂ဝ၁ဝ တုန်းက ကျနော်တို့ မဲစာရင်းလည်း မရဘူး။ ဒီလူတယောက်ဟာ မဲတခါပေးသလား ၁ဝ ခါ ပေးသလား ဆိုတာလည်း ကျနော်တို့ မသိနိုင် ဘူး။ ပိုတာတွေလည်း ရှိခဲ့တယ်" ဟု မဇ္ဈိမကို ပြောသည်။
၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းပြုစုမှုမှာ ၂ဝ၁ဝ ရွေးကောက်ပွဲ လူဦးရေစာရင်းကို မူတည်ကာ လုပ်ဆောင် သော်လည်း ပြန်လည် ပြင်ဆင်ဖြည့်စွက်ကာ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း ကော်မရှင်ဥက္ကဋ္ဌ က ပြောသည်။
မဲဆန္ဒရှင်စာရင်း မှားယွင်းမှုများကို သတ်မှတ်ပုံစံများဖြင့် သတ်မှတ်ချိန်အတွင်း ရွေးကောက်ပွဲ ကော်မရှင် အသီးသီးသို့ တင်သွင်းနိုင်သော်လည်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၁၁ (ဃ) တွင် ကာလ အပိုင်းအခြား ထက် ကျော်လွန်သော တောင်းဆိုလွှာ၊ ပြင်ဆင်လွှာ၊ ကန့်ကွက်လွှာများကို လက်ခံခြင်း မပြုရဟုလည်း ပြဋ္ဌာန်းထား သည်။
အဆိုပါ နည်းဥပဒေ ပုဒ်မ ၁၄ (က) တွင်မူ မဲစာရင်းတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအချို့၏ အမည်များသည် အစုအဝေး အလိုက် ကျန်ရစ်ခဲ့ကြောင်း တွေ့ရှိလျှင် ထိုအမည်အား မဲစာရင်းမှ ပယ်ဖျက်ခြင်းကို ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့က ရွေးကောက်ပွဲ မတိုင်ခင် ရ ရက်အတွင်း ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းပါရှိသည်။