ရွှေဂတ်(စ်) စီမံကိန်း ရပ်တန့်ရန် နိုင်ငံပေါင်း ၂၀ မှ အဖွဲ့အစည်း ၁၃၀ မှ တောင်းဆို

ရွှေဂတ်(စ်) စီမံကိန်း ရပ်တန့်ရန် နိုင်ငံပေါင်း ၂၀ မှ အဖွဲ့အစည်း ၁၃၀ မှ တောင်းဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ မြန်မာနိုင်ငံ အလယ်ပိုင်းကိုဖြတ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် အထိ သွယ်တန်းမည့် ဂတ်စ် ပိုက်လိုင်း စီမံကိန်းကို ရပ်ဆိုင်းပေးရန် ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့အပါအဝင် နိုင်ငံ ၂၀ မှ အဖွဲ့အစည်ပေါင်း ၁၃၀ က တောင်းဆိုလိုက်သည်။

Protest-in-Thai-Stop-shwe-gas-pipelines
အဆိုပါ တောင်းဆိုမှုကို မတ်လ ၁ရက်နေ့က ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့မှ စီစဉ်ပြုလုပ်သော ရွှေဂတ်စ် စီမံကိန်း ရပ်ဆိုင်းရေး ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုလှုပ်ရှားမှုနေ့တွင် သမ္မတ ဦးသိန်းစိန်ထံသို့ စာရေးသား ပေးပို့ ပြီး တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အင်္ဂလိပ်-မြန်မာ ၂ဘာသာဖြင့် ရေးသားထားသော ၎င်းအိပ်ဖွင့်ပေးစာကို ရွှေဂတ်စ် လှုပ်ရှားမှု အဖွဲ့ အပါအဝင် နိုင်ငံပေါင်း ၂၀မှ မြန်မာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်း စုစုပေါင်း ၁၃၀မှ တောင်းဆို ရေးသား ပေးပို့ခြင်းဖြစ်သည်။

၎င်းအပြင် တရုတ်၊ ကိုးရီယား၊ အိန္ဒိစသည့် နိုင်ငံများမှ ကုမဏီများသို့လည်း မိတ္တူပေးပို့သွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ အိတ်ဖွင့်ပေးစာတွင် "ဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်မှုတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အပါအဝင် လူမှုရေး၊ စီးပွါးရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကြီးမားသော သက်ရောက်မှုများ ရှိနေပါသည်။ ထိုကြောင့် မိမိတို့သည် အစိုးရအနေဖြင့် ရေရှည်တည်တ့ံခိုင်မြဲနိုင်မည့် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဘောင်အတွင်းက ဆိုးကျိုးများကို ကာကွယ် တားဆီးနိုင်ပြီး အခွင့်အရေးများကို အကာအကွယ် ပေးနိုင်သည် အထိ အဆိုပါ စီမံကိန်းများကို ရွှေ့ဆိုင်းထားရန် တောင်းဆိုအပ် ပါသည်" ဟု ရေးသား ပါရှိသည်။

ထို့အပြင် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးရှိ ဧကထောင်ချီသော စိုက်ပျိုးမြေများကို ပိုက်လိုင်းလမ်းကြောင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် သိမ်းပိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

အလားတူ ပြည်သူများ၏ တောင်းဆိုမှုကြောင့် ဧရာဝတီ မြစ်ဆုံစီမံကိန်း၊ ထားဝယ် ကျောက်မီးသွေး သုံး ဓာတ်အားပေး စက်ရုံစီမံချက်ကို ရပ်ဆိုင်းပေးခဲ့သည့်အတွက် ရွှေဂတ်စ်စီမံကိန်းကိုလည်း ရပ်ဆိုင်း ပေးသင့်ကြောင့် တောင်းဆိုထားသည်။
Protest-in-Stop-shwe-gas-pipelines-Thai
အဆိုပါ မတ်လ ၁ရက်နေ့တွင် ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့မှ ဦးဆောင်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ တရုတ် သံရုံးရှေ့တွင် ရွှေဂတ်စ် စီမံကိန်း ရပ်တန့်ရေး တောင်းဆိုဆန္ဒပြခဲ့ကြသည်။

တောင်းဆိုဆန္ဒပြနေစဉ် တရုတ်သံရုံးမှတဆင့် တရုတ်အစိုးရထံသို့ ရွှေဂတ်စ်စီမံကိန််း ရပ်တန့်ရေး တောင်းဆို စာတစောင်ကိုလည်း ပေးပို့ခဲ့သည်။

" ဒီစီမံကိန်းက တိုင်းပြည်တစုံတခုထိ တည်တည် တံ့တံ့ ဥပဒေ စိုးမိုးတဲ့ အချိန်မှပဲ ဆက်လုပ်သင့် ပါတယ်။ သမ္မတ အနေနဲ့လည်း စီမံကိန်းတွေ ရင်းနှီးမြုပ်နှံမှုတွေ လုပ်တဲ့နေရာမှာ ပိုပြီးတော့ တာဝန်သိသိနဲ့ ဒေသခံတွေအပေါ် မှာ သဘာဝပတ်ဝန်းကျင်တွေကို ထိန်းသိမ်းပြီးတော့ ရေရှည်ဆက်လုပ်ဖို့ အလေးပေး သင့်တယ်။ အဲဒါတွေကို လိုက်နာမှပဲ ကျင့်သုံးမှပဲ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်။ စီမံကိန်းက ဒေသခံပြည်သူ တွေအတွက် အကျိုးအမြတ် တွေ မတွေ့ရသေးဘူး။ အဲဒါကြောင့် အကျိုးအမြတ်ရှိလာနိုင်တဲ့၊ တရားဥပဒေ ရှိလာတဲ့ အနေအထားကျမှ ဒီစီမံကိန်းကို ဆက်လုပ်သင့်တယ်။ လောလောဆယ် ရပ်တန့်ပေးပါလို့ သမ္မတကြီး ကို ကျနော်တို့ တောင်းဆို တာဖြစ်ပါတယ်" ဟု ရွှေဂတ်စ် လူပ်ရှားမူ အဖွဲ့တာဝန်ခံ ကိုဝင်းအောင် က ပြောသည်။

၎င်းအပြင် တရုတ် အစိုးရထံသို့ ပေးပို့သော စာနှင့် ပတ်သက်၍လည်း ကိုဝင်းအောင်က ဆက်ပြောသည်။

" သူတို့ဆီက သံရုံး ဝန်ထမ်းတယောက် လာယူပါတယ်။ အထက်ပိုင်း သံအမတ်ဆီကို တင်ပြ ပေးမယ်လို့ ပြော သွားပါတယ်။ ကျနော်တို့ တောင်းဆိုတာကတော့ တိုင်းပြည်မှာ ဖြစ်နေတဲ့ အခြေအနေတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေ၊ လယ်မြေသိမ်းပိုက်မှုတွေ အပါအဝင် ဒီစီမံကိန်းကြောင့် ဒေသခံတွေ အလုပ်အကိုင်တွေ ပျက်သွားတဲ့ဟာတွေကို ကျနော်တို့ ထောက်ပြ ပြောဆိုထားပါတယ်။ ဒါကြောင့် ဒီဟာကို သတ်သတ်မှတ်မှတ် ကိုင်တွယ်ပြီးတော့ လုပ်ပေးပါ။ ကျနော်တို့ တိုင်းပြည်အနေအထားကလည်း ဒီလိုမျိုး ဥပဒေစိုးမိုးတဲ့ အနေအထား တခုကို မရောက်သေးဘူး။ အဲဒါကြောင့် ပြည်သူလူထု တရပ်လုံး ပါဝင်နိုင်မယ့် အနေအထားမှပဲ ဆက်လုပ်ပါလို့ တောင်းဆိုထားပါတယ်။"

ဆန္ဒပြတောင်းဆိုပွဲသို့ ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့ဝင်များအပါဝင်၊ ချင်းမိုင်ရောက် တခြားမြန်မာများ၊ ထိုင်းကျောင်း သားများနှင့် နိုင်ငံခြားသားများ စုစုပေါင်း ၂၀ ကျော်တက်ရောက်ခဲ့သည်။

Most read this week