မြန်မာနိုင်ငံအတွင်း ခရီးစဉ်များ ပြေးဆွဲပျံသန်းနေသည့် ပြည်တွင်းလေကြောင်းလိုင်း လက်မှတ်စျေးနှုန်းများကို မတ်လဆန်းပိုင်းမှ စတင်ကာ စျေးနှုန်းများကို တိုးမြှင့် ရောင်းချသွားမည် ဖြစ်ကြောင်း ပြည်တွင်းလေကြောင်း လိုင်း လက်မှတ် အရောင်းဌာနများထံမှ စုံစမ်းသိရှိရသည်။
မူလက ရန်ကုန်-မန္တလေး လက်မှတ်စျေးနှုန်းကို ၆၅,၀၀၀ ဖြင့် ရောင်းချနေရာမှ မက်လဆန်းပိုင်းမှ စတင်ကာ ၁၂,၀၀၀ ကျပ်ထပ်မံ တိုးကောက်သွားမှာဖြစ်သဖြင့် စုစုပေါင်း ရ၂,၀၀၀ ကျပ်ဖြစ်သွားမည်ဖြစ်ကြောင်း ကမ္ဘောဇ လေကြောင်းလိုင်း လက်မှတ်အရောင်း ဌာနကပြောသည်။
“လက်မှတ်စျေးနှုန်းတွေ တိုးမြှင့်ကောက်ခံဖို့ မနေ့က ညွှန်ကြားစာ ရောက်တယ်။ ဒီလမှာပဲ စကောက်ပါမယ်” ဟု ကမ္ဘောဇ လေကြောင်းလိုင်း တာဝန်ရှိ ပုဂ္ဂိုလ်တဦးက မဇ္စျိမကိုပြောသည်။
စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား၊ မြန်မာ့ရေနံထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး လက်မှတ်ရေးထိုးပြီး ဖေဖေါ်ဝါရီလ ၂၇ ရက်စွဲဖြင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်တွင်း လေကြောင်း လိုင်းများသို့ ပေးပို့သော စာအရ လေယာဉ်ဆီ JETFUEL A-1 စျေးနှုန်းကို မတ်လ ၁ ရက်နေ့မှ စတင်၍ တိုးမြှင့် မည်ဖြစ်ကြောင်း သိရှိရသည်။ လေကြောင်းလိုင်းမှ ခရီးစဉ် (Sector) ပေါ်မူတည်၍ တိုးမြှင့်ကောက်ခံရန် စီစဉ်နေကြောင်း သိရှိရသည်။
ထို့ကြောင့် ရန်ကုန်-ဟဲဟိုး ခရီးစဉ်ကို မူလရောင်းချနေသည့် ၅၄,၀၀၀ ကျပ်ကို ၁၂,၀၀၀ ကျပ် ထပ်တိုးကာ ၆၆,၀၀၀ ကျပ် ဖြစ်သွားမှာ ဖြစ်သလို ဟဲဟိုး-မန္တလေးခရီးစဉ် မူလစျေး ၂၃,၀၀၀ ကျပ်ကို ရ,၀၀၀ တိုးမြှင့်လိုက်သဖြင့် စုစုပေါင်း ၃၀,၀၀၀ ကျပ် ဖြစ်သွားမည် ဖြစ်ကြောင်း ပြည်တွင်းလေကြောင်း လက်မှတ်အရောင်းဌာနများထံမှ စုံစမ်းသိရှိရသည်။
“စျေးနှုန်း တိုးကောက်မယ်ဆိုတဲ့စာ ကျနော်တို့ အရောင်းဌာနတွေဆီကို မနေ့က ချက်ချင်း ထွက်လာတယ်။ အဲဒီ အတွက် ကျနော်တို့ ဧည့်သည်တွေက ဒီနေ့ Extra (အပိုကြေး) တွေ ရှင်းပြီး ပေးလိုက်ရတယ်။ ဧည့်သည်တွေလည်း အဆင်မပြေဖြစ်တာပေါ့နော်” ဟု ရှမ်းရိုးမ ခရီးသွားလုပ်ငန်း ဌာန တာဝန်ရှိသူ ဦးလှဌေး က မဇ္စျိမကို ပြောသည်။
ပြည်တွင်းလေကြောင်းလိုင်းများ စျေးနှုန်း တိုးမြင့်ကောက်ခံမှု ပြုလုပ်နေသော်လည်း နိုင်ငံတကာသို့ ပြေးဆွဲနေ သည့် လေကြောင်းလိုင်းများတွင် ပုံမှန်စျေးနှုန်းဖြင့် ရောင်းချနေကြောင်း ရန်ကုန်အခြေစိုက် ထိုင်းအဲဝေးနှင့် Silk Airway လက်မှတ်အရောင်း ဌာနများထံမှ စုံစမ်းသိရသည်။
ပြည်တွင်း လေကြောင်းလိုင်း အရောင်းဌာနများအနေဖြင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ တည်းခိုရန် ဟိုတယ်ခန်း လုံလောက်မှု မရှိသော ပြဿနာဖြင့် ရင်ဆိုင်နေရချိန် ရုတ်တရက် လေယာဉ်လက်မှတ် စျေးနှုန်းများ တက်လာခြင်းကို ထပ်မံရင်ဆိုင်နေရသည် ဟု ဆိုသည်။
“ပြည်ပ ဧည့်သည်တွေက အရင်တုန်းက နိုင်ငံရေးကြောင့် မလာဖြစ်ကြဘူးပေါ့ဗျာ။ အခုလာတော့လည်း အခန်းတွေ မလုံလောက်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန် ခုလို သယ်ယူပို့ဆောင်ရေးစျေးတွေပါ တက်လာ တော့ ကျနော်တို့ အနေနဲ့ ဧည့်သည်တွေကို တောင်းပန်ရတာတို့၊ ရှင်းပြရတာတို့ ပိုဆိုးလာတာပေါ့ဗျာ” ဟု ဦးလှအေးက ပြောသည်။
ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်များတွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း MAI အပါအဝင် ရန်ကုန်အဲဝေး နှင့် အဲပုဂံ၊ အဲမန္တလေး၊ အေရှားဝင်း၊ အဲကမ္ဘောဇ လေကြောင်းလိုင်းများက ပြေးဆွဲနေလျက် ရှိသည်။
လေကြောင်းလိုင်းများ စျေးတက်သကဲ့သို့ ပြည်တွင်းခရီးသည် ပို့ဆောင်ရေး လုပ်ငန်းများကလည်း စွမ်းအင်ဝန်ကြီး ဌာနက ပြည်တွင်းထုတ် ဓါတ်ဆီများကို ၂၀၁၁ ခုနှစ်ထဲတွင် တဂါလံကို ၂,၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့သော် လည်း ၂၀၁၂ ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ကာ ၃,၃၅၀ ကျပ်သို့ တိုးမြင့်ရောင်းချစေခဲ့ပြီး နောက် နေ့စဉ်ပြေးဆွဲနေသည့် အဝေးပြေး ကားများနှင့် မြို့တွင်းလိုင်းကားများလည်း စျေးတက်လာမည်ကို စိုးရိမ်နေကြပြန်သည်။