ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရအကြား နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ပဏာမ သဘောတူ လက်မှတ်ရေးထိုးရန်အတွက် KIO နယ်မြေအတွင်း ဝင်ရောက်နေသော အစိုးရတပ်များကို ရုပ်သိမ်းပေး ရန် လိုအပ်ကြောင်း KIO က ပြောကြားလိုက်သည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များ၏ စည်းဝေးပွဲအပြီး အင်္ဂါနေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတရပ်တွင် KIO အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျာက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ ဒီတခေါက် ပဏာမ သဘောတူညီချက်အနေနဲ့ လက်မှတ်ထိုးကြမယ် ဆိုလို့ရှိရင် ဒီပစ်ကြခတ် ကြတာ ရပ်ဆိုင်းသွားဖို့ အစိုးရတပ်တွေ ကျနော်တို့ ဧရိယာတွေမှာ ဝင်နေတာ၊ နေရာလုနေတာတွေ ရုပ်သိမ်း ပါ”ဟု ဒေါက်တာလဂျာက ပြောသည်။
အကယ်၍ အစိုးရတပ်များ ရုပ်သိမ်းပေးမည်ဆိုပါက KIO နှင့် မြန်မာအစိုးရအကြား ၁၉၉၄ ခုနှစ်ကတည်းက အပစ်ရပ် လက်မှတ်ထိုးထားပြီး ဖြစ်သည့်အတွက် နိုင်ငံရေးဆွေးနွေးမှုများ လုပ်နိုင်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ဒီဟာတွေသာ ရုပ်သိမ်းရင် လက်မှတ်ထိုးစရာ မလိုဘူး။ နိုင်ငံရေး စ ဆွေးနွေးမယ်။ စားပွဲပြင်ဖို့ပဲ ရှိတယ်” ဟု ဒေါက်တာလဂျာက ဆက်ပြောသည်။
KIO အနေနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့ ဇန်နဝါရီလက ပဏာမ တွေ့ဆုံခဲ့ကြရာတွင် သဘောတူညီမှု မရသေးသလို ထပ်မံ တွေ့ဆုံရန်အတွက်လည်း အစိုးရကိုယ်စားလှယ်များ တရုတ်နိုင်ငံသို့ ခရီးလွန်နေသည်ဟု ဆိုသဖြင့် တွေ့ဆုံမည့် ရက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်ဟု KIO အသိုင်းအဝိုင်းမှ သိရသည်။
လတ်တလောတွင် KIO ၏ အဓိကကျသော တပ်မဟာ ၅ နှင့် တပ်မဟာ ၃ လှုပ်ရှားရာ မိုးမောက်မြို့နယ်ခွဲ၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ နယ်မြေများတွင် အစိုးရ တပ်အင်အား အနည်းဆုံး ၁,ဝဝဝ ကျော်ကလှုပ်ရှားသွား လာနေဆဲ ဖြစ်သည်ဟု အမည်မဖော်လိုသည့် KIO အရာရှိတဦးက ပြောသည်။
“လိုင်ဇာဝန်းကျင် နမ်ဆန်ယန်၊ လဂျားယန်၊ ဆဒုံး၊ လွယ်ဂျယ်၊ ဇင်လွမ်ဘက်ရော ခလရ တပ်ရင်းတွေ အများကြီးပဲ။ အစုံပဲ။ တပ်မ ၉၉၊ စကခ လက်အောက်ခံတပ်တွေ အကုန်ရောပြီး လှုပ်ရှားနေတယ်။ တပ်မဟာ ၃ နယ်မြေ လက်အောက်ခံ တပ်ရင်း ၁၅၊ ၁၂၊ ၁၆၊ ၂၇ နယ်မြေတွေမှာဆိုရင် အင်အား ၆ဝဝ လောက် ရှိမယ်။ တပ်မဟာ ၅ နယ်မြေဘက်မှာ ၄ဝဝ၊ ၅ဝဝ လောက် ရှိမယ်။ ဒါက အနည်းဆုံး။ ဒီထက် ပိုများမယ်”ဟု အဆိုပါ အရာရှိက မဇ္စျိမကို ပြောသည်။
ထို့အပြင် အစိုးရ၏ စစ်တင်အင်အား ၅ဝဝ ခန့်က မြစ်ကြီးနား-ပူတာအို ကားလမ်းအတိုင်း မြစ်ကြီးနားမြို့မှ မြောက် ဘက်သို့ ပြီးခဲ့သည့် ပတ်က ထိုးစစ်ဆင်လာပြီးနောက် အင်္ဂါနေ့ ညနေပိုင်းတွင် ယင်းဒေသသို့ စစ်ယာဉ်တန်းများ တက်သွားသည်ကို တွေ့ရကြောင်း မြစ်ကြီးနား မြို့ခံတဦးက ပြောပြသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း တပ်မဟာ ၄၊ တပ်မဟာ ၃ ၊ တပ်မဟာ ၅ နယ်မြေ အချို့တို့တွင် အစိုးရတပ်ဘက်မှ ဝင်ရောက်အခြေချကာ တပ်စွဲထားမှုများ ရှိနေသည်ဟုလည်း KIO က ဆိုသည်။
၁၉၉၄ မှစ၍ KIO နှင့် အစိုးရ အပစ်ရပ်စဲနိုင်ခဲ့သော်လည်း ၂ဝ၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသားပါတီ၊ မွန်ပြည်တစ်ပါတီ၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်၊ ရှမ်းပြည် တောင်ပိုင်းတပ်မတော်နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီတို့မှာ အပစ်အခတ် ရပ်စဲရေးအတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ပဏာမ သဘောတူ လက်မှတ်ရေးထားပြီး ဖြစ်သည်။