ဒေါ်စုကို မကြိုဖို့ မြန်မာ့အသံ ဝန်ထမ်းများကို ညွှန်/ချုပ် သတိပေး

ဒေါ်စုကို မကြိုဖို့ မြန်မာ့အသံ ဝန်ထမ်းများကို ညွှန်/ချုပ် သတိပေး
by -
မဇ္စျိမ

ရုပ်မြင်သံကြားမှတဆင့် ပါတီ မဲဆွယ်စည်းရုံးရေး ဟောပြောရန်အတွက် နေပြည်တော် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနသို့ လာရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ဝန်ထမ်းများအနေဖြင့် ကြိုဆိုနှုတ်ဆက်ခြင်း မပြုလုပ်ရန် ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင် ကသတိ ပေး ပြောဆိုထားကြောင်း သိရသည်။

နေပြည်တော် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာန ဝန်ထမ်းများအား သောကြာနေ့ မနက်ပိုင်းက သီးသန့် အစည်းအဝေး တရပ် ခေါ်ယူကာ ယင်းကဲ့သို့ သတိပေး ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း အစည်းအဝေးတက် ရောက်ခဲ့သူ ဝန်ထမ်းများက ပြောသည်။

“ကျနော်တို့ဆီကို ဒေါ်အောင်ဆန်းစုကြည် လာမယ်လေ။ လာတဲ့အခါကျရင် ဘယ်ဝန်ထမ်းမှ ထွက်မတွေ့ ရဘူး။ နှုတ်ဆက်ဖို့လည်း မလိုဘူး။ ကိုယ့်အလုပ်ကိုပဲ လုပ်ရမယ်လို့ ညွှန်မှူးက ပြောတယ်။ အားလုံးကလည်း သူ့ကြောက်တော့ မတွေ့ပါဘူးလို့ ပြန်ဖြေခဲ့ရတယ်” ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ရုပ်/သံ ဝန်ထမ်း တဦးက မဇ္စျိမကို ပြော သည်။

NLD အပါအဝင် ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ ၁၇ ခုကို ၎င်းတို့ ပါတီများ၏ မူဝါဒ၊ သဘောထားနှင့် လုပ်ငန်းစဉ်တို့ကို ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှစည်းရုံး ဟောပြော တင်ပြနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖေဖေါ်ဝါရီ ၁၇ ရက်နေ့ကထုတ်ပြန် ခဲ့သည်။

ဝန်ထမ်းအချို့မှာ ဒေါ်အောင်ဆန်းစုကြည် ရောက်လာမည်ကို တွေ့မြင်လိုကြသော်လည်း ဦးသိန်းအောင် ၏ သတိပေး တားမြစ်မှုကို လွန်ဆန်နိုင်ခြင်းမရှိသဖြင့် ကြည့်ခွင့်မရတော့ဟု ကာယကံရှင်များက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာ တခါမှ မတွေ့ဖူးဘူး။ အင်တာနက်နဲ့ ဂျာနယ်တွေမှာပဲ တွေ့ဖူးတာ။ အရင်တော့ သူလာရင် သွားနှုတ်ဆက်မယ်။ သူ့ကို ကြည့်မယ်လို့ တွက်ထားတာပေါ့လေ။ ဒါပေမယ့် ကျမတို့ မကြည့်ပါဘူးဆိုပြီး ညွှန်မှူးကို ပြောခဲ့ပြီးပြီ” ဟု မြန်မာ့အသံ ဝန်ထမ်း တဦးက မဇ္စျိမကို ပြောသည်။

“ရိုတ်ကူးရေး တာဝန်ကျတဲ့လူတွေကတော့ ကံကောင်းတာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် တွေ့ခွင့်ရ တာပေါ့။ ကျနော်တို့ကတော့ ထွက်တောင် ကြည့်ခွင့် မရတော့လေ။ ဒီလိုပဲ ဝန်ထမ်းဆိုတော့လလည်း အထက်ကို မလွန်ဆန်နိုင်ဘူးပေါ့” ဟုလည်း အခြားဝန်ထမ်းတဦး က ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ NLD ပါတီ၏ စည်းရုံးရေး ရုပ်သံအစီအစဉ်ကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ တဆင့် မက်လ ၁၄ ရက်နေ့တွင် ထုတ်လွှင့်ပေးမှာဖြစ်ပြီး ယင်းသို့ ထုတ်လွှင့်နိုင်ရန် အတွက် ဟောပြောမည့် ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် နေပြည်တော် မြန်မာ့အသံသို့ ထုတ်လွှင့်ရက်မတိုင်မီ ၂ ရက် ကြိုတင်ကာ လာရောက်ရိုတ်ကူးရမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အချို့တွင် အစိုးရ အာဏာပိုင်အချို့၏ နှောက်ယှက်မှု ရှိနေကြာင်း NLD က သတင်းစာရှင်းလင်းပွဲပြုလုပ်၍ သတင်းမီဒီယာများသို့ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သေးသည်။

ဖေဖေါ်ဝါရီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် မန္တလေးမြို့သို့ သွားရောက်ပြီး ဗထူး အားကစားကွင်းအတွင်း လူထုကို ဟောပြောရန် စီစဉ်ခဲ့သော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ထိုအားကစားကွင်းကို မငှားခြင်းကြောင့် ခရီးစဉ်ကို ရပ်ဆိုင်းထားခဲ့ပြီး မတ်လဆန်းတွင်မှ ပြန်လည် သွားရောက်ဟောပြောရမည် ဖြစ်သည်။

အလားတူ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ ဧရာဝတီတိုင်း ဖျာပုံခရီးစဉ်တွင် ဟောပြောရန်အတွက် ဖျာပုံမြို့ အားကစားကွင်း အတွင်း ပြုလုပ်ရန် လျှောက်ထားသော်လည်း အားကစားဝန်ကြီးဌာနမှ အသုံးပြုခွင့်မပေး၍ လူထုပရိသတ်လေးသောင်းခန့်အား ဖျာပုံမြို့ပြင် သဲကွင်းတွင်ပင် ဟောပြောခဲ့ရသည်။

ထို့အတူ ရန်ကုန်တိုင်း လှည်းကူးမြို့ရှိ ဘောလုံးကွင်း၌ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့တွင် ပြုလုပ်ရန်ရှိသည့် ဟောပြောပွဲကို အားကစားဝန်ကြီး ဦးတင့်ဆန်း က တားမြစ်ခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ခွင့်ပြုပေးလိုက် သည်။