ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသည့် ၈၈ မျိုးဆက် ကျောင်းသားများက ၎င်းတို့၏ ငြိမ်းချမ်းရေး သဘောထားတရပ်ကို အင်္ဂါနေ့က ထုတ်ပြန်လိုက်သည်။
‘ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မြစ်ကြီးနား ပဲ့တင်သံ’ တွင် နိုင်ငံရေးဆွေးနွေးမှုများကို အမြန်ဆုံး အကောင်အထည်ဖော်သွားရန် တိုက်တွန်းထားသည်။
အချက် လေးချက်ပါ အဆိုပါစာတွင် စစ်ပြေးဒုက္ခသည်များထံ အကူအညီများ ချောမွေ့စွာရောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ပြီး လက်ရှိပဋိပက္ခနှင့် အနာဂတ် တိုင်းရင်းသားများ၏ လူမှုဘဝလုံခြံုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ တိုင်းပြည်၏ လက်ငင်းပြဿနာများဟု ၈၈ ကျောင်းသားများက ရှုမြင်သည်။
ထို့အတွက် “ပြည်တွင်းစစ် ရပ်စဲရန်နှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးကို ရှေးရှုသည့် နိုင်ငံရေးညှိနှိုင်းဆွေးနွေးပွဲ များ အမြန်ဆုံး အကောင်အထည်ဖော်သွားရန်” တိုက်တွန်းထားသည်။
ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ကတည်းက ကချင်ပြည်နယ်သို့ ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် များမှာ မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့အကြား အပစ်အခတ်ရပ်စဲရေး အတွက် ကြားဝင် စေ့စပ်ပေးရန် အဆင်သင့်ရှိနေကြောင်း ကိုမြအေးက ပြောသည်။
“စစ်ရပ်ဆိုင်းဖို့အတွက် အစိုးရကိုရော KIO ကိုရော ကျနော်တို့ ဘာလုပ်ပေးရမလဲ။ ကျနော်တို့ကို ဘယ်သူကဘဲ ခိုင်းမယ်ဆိုရင် လုပ်ဖို့ ကျနော်တို့ အသင့်ပါ။ ကျနော်တို့ အနေနဲ့ ငြိမ်းချမ်းရေး လိုချင်တယ်။ ကြားဝင်ပေးဖို့ လိုလား တယ်ဆိုရင် ကျနော်တို့ ဝင်မှာပါ”ဟု မဇ္စျိမနှင့် ဆက်သွယ်မေးမြန်းခဲ့စဉ် ပြောသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပါတီစည်းရုံးရေးနှင့် ရွေးကောက်ပွဲ မဲဆွယ်ရန်အတွက် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့က နမ္မတီးမြို့သို့ ရောက်ရှိစဉ် “စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓါတ် ပြန့်ပွားစေချင်လို့” ရွေးကောက်ပွဲ ဝင်ရခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောဆိုသွားခဲ့သည်။