ယခုလ ၂၄ ရက်နေ့ ည ၈ နာရီကျော်ခန့်က ကချင်ပြည်နယ် ဗန်းမော်မြို့ မလူလာကျေးရွာအတွင်း အရပ်သား တစ်ဦး အား စစ်အရာရှိ တစ်ဦးက ပစ္စတို သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခဲ့သည့် အမှုတွင် ကျူးလွန်သူ အရာ ရှိ၏ နေရာတွင် တပ်ကြပ် တစ်ဦးဖြင့် လူစားထိုးထားကြောင်း မိသားစုဝင်များက သျှမ်းသံတော်ဆင့်သို့ ပြော သည်။
ဗန်းမော်မြို့ ခွန်သာရပ်ကွက်နေ အသက် ၃၇ နှစ်အရွယ် ကိုမင်းခန့်အား အရက်သေစာသောက်စားထား သည့် ခလရ ၂၃၇ မှ ဗိုလ်မှူးတစ်ဦးက ငွေတောင်းရာမပေးသဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူနှင့် ဆိုင်ကယ်တစ်စီးတည်း အတူလိုက်ပါသူ မျက်မြင်၏ အပြောကို ကိုးကား၍ ညီဖြစ်သူက ပြန်ပြောသည်။
"သူက သစ်ကယ်ရီဆိုတော့ ခလရ ၂၃၇ က အရက်မူးနေတဲ့ အရာရှိတချို့ပါတဲ့ ၄၊ ၅ ယောက်အဖွဲ့က လမ်း ရှင်းကြေး တောင်းတာပေါ့နော်။ ကိုမင်းခန့်တို့ နှစ်ယောက်က ဆိုင်ကယ်ပေါ်မှာ။ သူကနောက်မှာထိုင်တယ်။ အဲတော့ တပ်ရင်းရုံး မှာ ငွေ ၃ သိန်းပေးခဲ့ပြီးပြီ လို့ပြောတော့ မင်းခန့်ကိုသေနတ်နဲ့ချိန်ထားတယ်။ မချိန်ပါနဲ့ ခဏစောင့်ပေးပါ ဗိုလ်မှူး လို့ ပြော တဲ့အချိန် မင်းခန့် ဆီကိုဖုန်းဝင်လာတယ် ဖုန်းနိုက်ယူတဲ့အချိန် အနီးကပ် ပစ်ထည့်လိုက်တာ " ဟု ဆိုသည်။
အဆိုပါ မျက်မြင်၏ အပြောအရ လူသတ်မှု ကျူးလွန်သူမှာ ဗိုလ်မှူးတစ်ဦး ဖြစ်ကြောင်း သိရသော်လည်း ယခုလ ၂၅ ရက် နေ့က သေဆုံးသူ၏ မိခင်အား လူသတ်မှု ကျူးလွန်သူမှာ တပ်ကြပ်လှမြင့်အောင် ဖြစ်ကြောင်း ဗန်းမော်ရဲစခန်းမှ ဂတ် စာရေး ကိုကိုနိုင်ဆိုသူက ၀န်ခံလက်မှတ်ထိုးခိုင်းခဲ့သည်ဟု ဆိုသည်။
"ပစ္စတိုကျည်က ဘယ်ဘက်မျက်လုံးကနေဝင်သွားပြီး နောက်ကိုပေါက်မထွက်သွားဘူး။ ရဲစခန်းက ဂတ်စာရေး ကိုကိုနိုင်ပေါ့နော် ။ ညနေပိုင်းမှာအိမ်ကိုလာပြီးတော့ သေဆုံးသူကိုဖိုးခန့်ရဲ့ အမေကို လက်မှတ် ထိုး ခိုင်းတယ်လေ။ အဲဒီ မှာတော့ ကျူးလွန်သူက တပ်ကြပ်လှမြင့်အောင်ဖြစ်နေတာပေါ့နော် " ဟု ဆိုသည်။
ဗန်းမော်မြို့ ရင်ခွဲရုံ၌ ရင်ခွဲစစ်ဆေးချက်အရ ပစ်ခတ်သည့် ကျည်မှာ ပစ္စတိုကျည်ဖြစ်ပြီး အနီးကပ်ပစ်ခတ် ခံရကြောင်း ဆရာ ၀န်ကြီးက ထွက်ဆိုကြောင်း သိရသည်။
သေဆုံးသူ ကိုမင်းခန့် ခလရ ၂၃၇ တွင် ပေးထားသည့် ကျပ်ငွေ ၃ သိန်း အပါအဝင် ဆိုင်ကယ်နှင့်ဖုန်းများကို ဗန်းမော် ရဲစခန်း၌ သက်သေခံပစ္စည်းအဖြစ် ယူဆောင်လာပြီး လူသတ်မှုကျူးလွန်ရာတွင် ပါ၀င်သူများအား အရေးယူမှု မရှိသေး ကြောင်း သိရသည်။