အပစ်ခတ်ရပ်စဲရေး ပဏာမ သဘောတူညီမှု ရရှိထားပြီးဖြစ်သော ရှမ်းပြည်တောင်ပိုင်း တပ်မတော် SSA-S နှင့် အစိုးရတပ်များအကြား မြို့နယ် ၆ ခုအတွင်း တိုက်ပွဲငယ်များ ဆက်တိုက် ဖြစ်ပွားနေကြောင်း SSA-S ထံမှ သိရသည်။
နိုဝင်္ဘာ ၆ ရက်နေ့မှစတင်ကာ ရှမ်းပြည်နယ်အတွင်းရှိ မိုင်းပြင်း၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းပန်၊ ကျောက်မဲနှင့် သီပေါ မြို့နယ်များ အတွင်း ရှမ်းတပ်ရင်း တပ်ဖွဲ့များကို အစိုးရတပ်များက ဖိအားပေးနေရာရွှေ့ပြောင်းခိုင်းခြင်း များ ပြုလုပ်ခိုင်းရာမှ ခုခံတိုက်ပွဲများ စတင်ကာ ကြာသပတေးနေ့ထိ ဖြစ်ပွားခဲ့ရကြောင်း SSA-S ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်စိုင်း က ပြောသည်။
“ကျနော်တို့ သဘောတူညီချက် လက်မှတ်ထိုးထားတဲ့ပုံစံက SSA ရောက်ရှိတဲ့ နေရာတွေမှာ အပစ်အခတ် ရပ်စဲမယ်။ ပြည်သူလူထုနဲ့ အတူနေမယ်။ တပ်မတော် တာဝန်ရှိသူတွေနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ ပြည်သူလူ ထုရဲ့ ကောင်းရာကောင်းကျိုးတွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမယ်ဆိုပြီးတော့ ကျနော်တို့ပြောထား တာပါ။ ခုကျတော့ အဲဒီလို မဟုတ်ဘဲနဲ့ ဟိုဘက်သွားခိုင်း၊ ဒီဘက်ရွှေ့ခိုင်း ဟိုမှာမနေရဘူး ဒီမှာမနေရဘူးဆိုပြီး ဖိနှိပ်ချုပ်ခြယ် လာတယ်ဆိုတော့ နှစ်ဘက်တပ်တွေ ပြဿနာဖြစ်လာတာပါခင်ဗျ” ဟု ဗိုလ်မှူး စိုင်းလောင်စိုင်း က မဇ္စျိမကို ပြောသည်။
တိုက်ပွဲများ ဖြစ်ပွားစဉ်အတွင်း ဖေဖေါ်ဝါရီ ၁၆ ရက်နေ့က ကျောက်မဲမြို့နယ်တွင် အခြေစိုက်သည့် အစိုးရတပ် ခလရ ၂၃ က နယ်မြေ ရွှေ့ပြောင်းရန် အမိန့်ပေးခြင်းကို လက်မခံ၍ ဆိုကာ SSA တပ်မှ ဒုဗိုလ်အဆင့်ရှိ တပ်အရာရှိတဦးကို ပစ်သတ်ခြင်း ခံခဲ့ရကြောင်း အောက်ခြေတပ်များ၏ သတင်းပေးပို့ချက်ကို ကိုးကား၍ သူက ဆက်ပြောသည်။
SSA-S အနေဖြင့် အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးပြီး တပါတ်အတွင်း ၎င်းတို့တပ်များအတွင်းရှိ တပ်မှူး၊ တပ်သားများ အားလုံးကို အပစ်ရပ်ဖို့ ညွှန်ကြားထားပြီး ဖြစ်ကြောင်းနှင့် ယခုပစ်ခတ်မှုများတွင် အစိုးရတပ်များဘက်က စစ်ရေးအရ စတင် ဖိအားပေးမှုများကြောင့် ခုခံတိုက်ခိုက်ရကြောင်း ရှမ်းတပ်ဘက်က အပြောအရ သိရသည်။
အစိုးရ တပ်များဘက်က တိုက်ခိုက်လာမှုနှင့်ပတ်သက်၍ SSA-S က ငြိမ်းချမ်းရေး အဖွဲ့ဝင်များကို ဆက်သွယ် မေးမြန်းရာ အောက်ခြေတပ်များ အနေဖြင့် အစိုးရကဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဖေါ် ဆောင်မှုကို နားလည်မှု လွဲခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်ဟု ဆိုသည်။ ယင်းကိစ္စများနှင့် ပတ်သက်၍ အစိုးရနှင့် တပ်မတော်အကြား သဘောထားတူညီမှု ရှိမရှိကို SSA-S အနေဖြင့် သံသယရှိနေသည်ဟု ဆိုသည်။
“ငြိမ်းချမ်းရေးကို အကောင်းမြင်ခဲ့တဲ့အတွက် ကျနော်တို့အနေနဲ့ အစိုးရနဲ့ လက်တွဲပြီးတော့ လက်မှတ်ရေးထိုး ဖြစ်တာပါ။ ငြိမ်းချမ်းရေးကိစ္စကို ကျနော်တို့ကလည်း လိုလားပါတယ်။ အစိုးရကလည်း လိုလားတဲ့ပုံ ရှိပါတယ်။ ဒါပေမယ့် အခုပြဿနာ တက်နေတာက တပ်မတော် ဖြစ်ပါတယ်ခင်ဗျ။ အောက်ခြေက တပ်တွေဆိုရင် ဒီအကြောင်းကို သိပ်ပြီးတော့ နားမလည်တာမျိုး ရှိပါတယ်” ဟု ဟု ဗိုလ်မှူး စိုင်းလောင်စိုင်း က ပြောသည်။
နှစ်ဘက် တိုက်ပွဲများဖြစ်ရသည့် အကြောင်းရင်း အချက်အလက်ကို ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ပေးရန် အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းထံ လိပ်မူကာ ဖေဖေါ်ဝါရီ ၁၇ ရက်နေ့က စာရေးသား ပေးပို့ထားကြောင်း သူက ဆက်ပြောသည်။
SSA-S အနေဖြင့် စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် မြန်မာအစိုးရဘက်က ငြိမ်းချမ်းရေးတံခါး မပိတ်မချင်း ကြိုးစားဆောင်ရွက်လိုသည့် ဆန္ဒရှိသလို အစိုးရဘက်ကလည်း ဖြေရှင်းနိုင်လိမ့်မည်ဟု ယူဆထားသည်ဟု ဆိုသည်။
“ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ အစိုးရရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်ပါတယ်။ တပ်မတော်ရဲ့ သဘောထား အပေါ် မှာလည်း မူတည်ပါတယ်။ သူတို့က စိတ်စေတနာ မှန်မှန်ကန်ကန်နဲ့ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်လို တယ်ဆိုရင်တော့ သူတို့လက်ရှိ ဖေါ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကလည်း အောင်မြင်သွားမှာပါလို့ကျနော်တို့ ဘက်က ယုံကြည်ပါတယ်” ဗိုလ်မှူး စိုင်းလောင်စိုင်း က ပြောသည်။
ပြည်နယ်အဆင့် မြန်မာအစိုးရနှင့် SSA-S တို့ အပစ်ခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ် တရပ်ကို ဒီဇင်ဘာ လဆန်းပိုင်းက တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ ပြည်ထောင်စုအဆင့်အဖြစ် ဇန်နဝါရီ ၁၆ ရက်နေ့က မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့နှင့် SSA-S တို့အကြား အချက် ၁၁ ချက်ပါ သဘောတူညီချက်ကို လက်မှတ် ရေထိုးနိုင်ခဲ့ကြသည်။
ထိုအထဲတွင် SSA ဗဟိုဌာနချုပ်ရုံးနေရာနှင့် နှစ်ဖက် နယ်မြေသတ်မှတ်ရေး အပါအဝင် ဒေသဖွံ့ဖြိုးရေး၊ ဆက်ဆံရေးရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်လုပ်ဆောင်နိုင်ရန်တို့ ပါဝင်ပြီး ၎င်းအချက်များအားလုံးကို မူအားဖြင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြသည်။
ဒုတိယအဆင့် ဆွေးနွေးပွဲတွင် အခြားအချက်များကို လျှင်မြန်စွာ ဆွေးနွေးနိုင်ခဲ့ကြသော်လည်း နယ်မြေတွင်း နှစ်ဖက် တပ်များ ဆုတ်ခွာပေးရေးနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် နှစ်ဘက်တပ်များ ဆုတ်မပေးလိုကြသဖြင့် ယင်းအချက်ဆွေးနွေးရာတွင် ဆွေးနွေးချိန် ကြန့်ကြာမှု ဖြစ်ခဲ့သေးသည်။
SSA-S ကို ၁၉၉၆ ခုနှစ်က ဗိုလ်မှူးကြီး ရွက်ဆစ် က ဦးဆောင်ကာ ယခင် မိုးဟိန်း ဦးဆောင်သော ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ် SURA တို့ ပူးပေါင်းပြီး ဖွဲ့စည်းထားသည့် MTA မော်ထိုင်း တပ်မတော် အဖွဲ့ဝင်ဟောင်း အချို့ နှင့် ပြန်လည် ဖွဲ့စည်းခဲ့သည်။ မြန်မာအစိုးရထံ ၁၉၉၅ ခုနှစ်က လက်နက်ချ သွားသော ခေါင်းဆောင် ခွန်ဆာလက်ထက် တွင် MTA သည် ထိုင်း-မြန်မာ နယ်စပ်တလျှောက် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့များအနက် အင်အားအကြီးဆုံး အဖွဲ့တခု ဖြစ်ခဲ့သည်။